ads bit

Pages

Friday, September 21, 2018

HIV ပိုးကို ကြောက်ဖို့ လိုပါသေးတယ်

HIV ပိုးကို ကြောက်ဖို့ လိုပါသေးတယ်
နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၁)ရက်နေ့ဆိုရင် ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ကျင်းပလေ့ ရှိကြပါတယ်။ ဒီနှစ်မှာလည်း My Health, My Right ဆိုပြီး လူတစ်ယောက်အတွက် ကျန်းမာရေးဟာ အခြေခံအကျဆုံး လူအခွင့်အရေးတစ်ရပ် ဖြစ်တယ် ဆိုတဲ့အသိကို လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့် သိသွားအောင်လို့ ဆောင်ပုဒ်သတ်မှတ်ထားပါတယ်။

တကယ်တော့ ဒီရောဂါဟာ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကဆိုရင် လူတွေ အတော်လေး အပြောများပြီး စိတ်ဝင်စားကြတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ HIV ဆိုတာ ကုလို့မရဘူး၊ ဖြစ်ရင် သိပ်ကြောက်စရာ ကောင်းတယ် ဆိုတာမျိုး စိတ်ပူခဲ့ကြတယ်။ ခုချိန်မှာတော့ ဒီလိုစိုးရိမ်ပူပန်မှုတွေ၊ သတိထားမှုတွေက အထိုက်အလျောက် နည်းသွားပြီဖြစ်ပါတယ်။ သို့သော်လည်း ရောဂါဖြစ်နှုန်းတွေက ကျသွားပြီလား၊ အသေအပျောက်တွေ နည်းကုန်ပြီလားဆိုရင်တော့ မဟုတ်သေးပါဘူး။ အထိုက်အလျောက် ကျဆင်းသွားပြီဆိုပေမယ့် ဒီရောဂါဟာ ခုချိန်ထိ အန္တရာယ်အပေးဆုံး ရောဂါတစ်ခုအနေနဲ့ ရှိနေပါသေးတယ်။ WHO ရဲ့ ထုတ်ပြန်ချက်အရတော့ ၂၀၁၅ နှစ်ကုန်အထိ ကမ္ဘာပေါ်မှာ HIV ပိုးရှိသူ ၃၆.၇ သန်း ရှိနေပြီး နှစ်စဉ်နှစ်တိုင်း ပိုးကူးစက်ခံရသူအသစ်က ၂.၁ သန်း တိုးတိုးလာနေတယ်၊ ၁.၁ သန်းဟာ ဒီပိုးကူးစက်ခံရရင်းကတစ်ဆင့် သေဆုံးနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီပိုးဟာ အပြီးအပိုင် ချုပ်ငြိမ်းမသွားသေးပါဘူး။ ကျွန်တော်တို့ တိုက်ထုတ်ရဦးမယ်။ လူတွေဆီ ထပ်မံမကူးစက်ဖို့၊ ကူးစက်ခံရပြီးသူတွေ မသေဆုံးဖို့ကို အများကြီး ကြိုးစားရပါဦးမယ်။

လူအများစုဟာ HIV ဆိုတာ ကြားဖူးလား၊ AIDS ဆိုတာ သိလားလို့ မေးလိုက်ရင် ခေါင်းညိမ့်ကြပါတယ်။ ဒါပေမယ့် အဲဒီနှစ်ခု ဘာကွာလဲ၊ ပိုးက ဘယ်လိုနည်းတွေနဲ့ ကူးစက်သလဲ၊ ပိုးဝင်သွားရင် ဘယ်လိုလုပ်ရမလဲ စသဖြင့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိကြတာ များပါတယ်။ ဒါကြောင့်မို့ ဒီလိုအခြေခံကျတဲ့ အချက်တွေကို မသိသေးတဲ့သူတွေအတွက် ရေးပြလိုပါတယ်။

၁။ HIV ဆိုတာ ဘာလဲ … AIDS ဆိုတာ ဘာလဲ

HIV ဆိုတာ Human Immunodeficiency Virus ကူးစက်အားကျဆင်းစေသော ရောဂါပိုးဖြစ်ပြီး အဓိကအားဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ပိုးရှိတဲ့သွေးနဲ့ ထိတွေ့မိတာ၊ သွင်းမိတာ၊ မိခင်က သန္ဓေသားကို ကူးတာ၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေ သုံးမိတာ၊ စတဲ့ အကြောင်းရင်းတွေကြောင့် ကူးစက်နိုင်ပါတယ်။ အဲဒီလို ပိုးဝင်သွားပြီး လူက တဖြည်းဖြည်း ခုခံအားကျလာပါမယ်။ ဆေးကုသမှုလည်း မခံယူဘူးဆိုရင်တော့ ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ ခုခံအားကျဆင်းတဲ့ ရောဂါအဆင့်ကို ရောက်သွားပါမယ်။ အဲဒါကိုတော့ Acquired Immune Deficiency Syndrome (AIDS) လို့ ခေါ်ပါတယ်။ တချို့တွေမှာဆို ၅ နှစ်တောင် မကြာဘဲ ဒီရောဂါအဆင့်ကို ရောက်သွားတာမျိုးတောင် ရှိပါတယ်။

ဒီတော့ HIV ပိုး ကူးစက်မခံရအောင် ကာကွယ်ဖို့အတွက်ဆိုရင် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးဖို့၊ မသန့်ရှင်းတဲ့ သွေး မသွင်းမိအောင်၊ ဆေးထိုးအပ်တွေ မသုံးမိအောင်၊ မထိတွေ့မိအောင် ဂရုစိုက်ရမယ်။ မိခင်ကနေ သန္ဓေသားကို မကူးဖို့ဆိုလည်း ကိုယ်ဝန်ဆောင်တိုင်းဟာ သွေးစစ်ရမယ်။ ပိုးရှိနေပြီဆို လိုအပ်တဲ့ဆေးတွေ သောက်ရမယ်။ ဒါကို သတိထားဖို့ လိုပါတယ်။

ဒီနေရာမှာ အထူးသတိထားစေလိုတာက တစ်ခါတည်းပါ ဆိုတဲ့ စိတ်ကို ပြင်ဖို့ပဲ။ ပြောခဲ့ပြီးသလို၊ ဒီပိုးဟာ ကိုယ်ခန္ဓာထဲဝင်ပြီး နှစ်ကာလအတော်ကြာမှ လက္ခဏာစပြတာမို့လို့ မျက်စိနဲ့ကြည့်ရုံနဲ့ ပိုးမရှိဘူးလို့ ပြောမရနိုင်ဘူး။ သွေးစစ်ကြည့်မှပဲ သိနိုင်တာ။ အသားဖြူဖြူ၊ ချောချောလှလှလေးတွေမှာလည်း ရှိနေနိုင်တာပဲ။ နောက်ပြီး တစ်ကြိမ်တစ်ခါလောက် ဆက်ဆံမိရုံနဲ့လည်း ကူးသွားနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတည်းပါဆိုပြီး ပေါ့လို့မရပါဘူး။

လူငယ်တွေကလည်း တစ်ကြိမ်တစ်ခါ လက်တည့်စမ်းနိုင်တာပဲ၊ အိမ်ထောင်သည်တွေကိုလည်း အမြဲသစ္စာရှိနေမယ် တွက်ထားလို့ မရပါဘူး။ ဒါကြောင့် သတိထားစေလိုတာက ဘယ်သူနဲ့ပဲဆက်ဆံဆက်ဆံ၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကွန်ဒုံးအမြဲသုံးဖို့ လိုမယ်ဆိုတာပါပဲ။ မိန်းကလေးတွေအနေနဲ့လည်း ကွန်ဒုံးပါမလာဘူးဆို လက်မခံပါနဲ့။ အကယ်၍ ကိုယ့်မှာ အဆင်သင့်ပါမလာဘူးဆိုရင်တော့ စိတ်တွေအရမ်းပြင်းထန်နေချိန်မှာ ထိုးသွင်းဆက်ဆံခြင်းမဟုတ်တဲ့ နည်းတွေသုံးလို့ရပါတယ်။ ဥပမာ တစ်ယောက်ကိုတစ်ယောက် လက်နဲ့အာသာဖြေပေးတာမျိုးပေါ့။ ကွန်ဒုံးသုံးရင် ခံစားမှုကို လျော့စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မသုံးဘဲနေလိုက်ရင် ပြင်မရတဲ့ အမှားတစ်ခု ဖြစ်သွားနိုင်ပါတယ်။

၂။ မတော်တဆ အကာအကွယ်မဲ့ ဆက်ဆံမိခဲ့ရင် …

ဒါမျိုးမဖြစ်ရင် အကောင်းဆုံး ဆိုပေမယ့် တကယ်လို့များ မတော်တဆ ဆက်ဆံမိလိုက်တယ်၊ ဒါမှမဟုတ်လည်း ကွန်ဒုံးသုံးရက်နဲ့ ပေါက်သွားတယ် ဆိုရင်တော့ သိထားသင့်တာလေးတစ်ခု ရှိပါတယ်။ လူငယ် ယောကျာ်းလေးအများစုက ဒီလိုအခြေအနေမျိုး ကြုံသွားရင် တအားစိတ်ပူတတ်ကြတယ်။ HIV များ ကူးသွားပြီလားပေါ့။ အဲဒါနဲ့ သွေးတွေ အသည်းအသန် သွားစစ်၊ မရှိဘူး ဆိုတဲ့ အဖြေထွက်မှ ဟင်း ချနိုင်ကြတယ်။ အမှန်တော့ ဒါက မှားပါတယ်။ တကယ်တမ်းအရင်ဆုံး လုပ်သင့်တာက Post Exposure Prophylaxis ဆိုတဲ့ ဆေးကုသမှု ခံယူဖို့ပါ။ HIV ပိုး ကူးစက်ခံရနိုင်ချေ ရှိတဲ့သူတွေအတွက် အရေးပေါ်အနေနဲ့ ဒီလိုဖြစ်ပြီး ၇၂ နာရီအတွင်း စသောက်ရပါတယ်။ ၂၈ ရက် သောက်ဖို့ လိုပြီး လွယ်လွယ်ကူကူလည်း ၀ယ်မရပါဘူး။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်လို့ရပါတယ်။ ဒါကြောင့် ဒီဆေး သောက်ဖို့ အချိန်မမီလိုက်ဘူး၊ မသောက်လိုက်ရဘူးဆိုရင် နောက်တစ်ဆင့် လုပ်သင့်တာက သွေးစစ်ဖို့ပါ။ ဒီနေရာမှာ သွေးက ဖြစ်ပြီးချက်ချင်း စစ်လို့မရပါဘူး။ စစ်လို့ ပေါ်ဦးမှာမဟုတ်တော့ Negative လို့ပဲ အဖြေထွက်လိမ့်မယ်။ ဒါကို အတည်ယူပြီး ငါ့မှာ ပိုးမရှိဘူးလို့ သတ်မှတ်လို့ မရပါဘူး။

HIV ပိုးမှာ Window period ဆိုတာ ရှိပါတယ်။ ဘာကိုခေါ်တာလဲဆိုတော့ ပိုးဝင်သွားတဲ့အချိန်နဲ့ စစ်လို့ပေါ်တဲ့အချိန် ကြားကာလကို ခေါ်တာပါ။ စစ်ဆေးမှုအပေါ် မူတည်ပြီး ၄ ပတ်လောက်နေရင် သိနိုင်ပြီဆိုတာမျိုး ရှိပေမယ့် အသုံးအများဆုံး စစ်ဆေးမှုအနေနဲ့ကတော့ ၃ လမှ သိနိုင်ပါတယ်။ ပိုးကူးစက်ခံရသူတွေရဲ့ ၉၉.၉၇ ရာခိုင်နှုန်းမှာ ပိုးကိုတိုက်ထုတ်နေတဲ့ ပဋိဇီဝပစ္စည်းတွေဟာ ပိုးဝင်ပြီး ၃ လအကြာဆို ခန္ဓာကိုယ်ထဲ ထွက်နေပါပြီ။ ဒီတော့ အဲဒီအချိန်မှာ စစ်လိုက်လို့မှ မရှိဘူးဆိုတဲ့အဖြေ ထွက်နေရင်တော့ ဒါဟာ ပိုးကူးစက်မခံလိုက်ရဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါကို သဘောပေါက်ထားဖို့ လိုပါတယ်။ မဟုတ်ရင် အကာအကွယ်မဲ့ ဆက်ဆံပြီး ရက်ပိုင်းလောက်မှာ သွေးစစ်၊ ဘယ်သူ့ကိုမှလည်း မမေးမြန်း မတိုင်ပင်၊ မေးမြန်းတော့လည်း အကာအကွယ်မဲ့ ဆက်ဆံမိကြောင်းကို မှန်မှန်ကန်ကန် မဖြေ၊ သွေးအဖြေက Negative ထွက်လာ၊ အဲဒါကို ပိုးမ၀င်သေးဘူးဆိုပြီး သတ်မှတ်၊ အဲဒီတော့ ကိုယ့်ဆီကနေ ကိုယ့်မိန်းကလေး၊ ကိုယ့်အိမ်ထောင်ဖက်ကို ကူးစက် ဆိုတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

၃။ သွေးစစ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ

ပြောခဲ့ပြီးသလို၊ အန္တရာယ်ရှိ အပြုအမူတခုခု လုပ်ခဲ့မိတဲ့သူတွေဟာ အင်မတန်မှကို စိုးရိမ်ကြပါတယ်။ ဒီပိုးများ ကူးသွားပြီလားပေါ့။ သွေးစစ်ပါ ဆိုလည်း မစစ်ရဲကြဘူး။ Positive များ ထွက်လာခဲ့ရင် ရင်မဆိုင်နိုင်ဘူးတဲ့။ ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် စစ်ပါလို့ပဲ တိုက်တွန်းရမှာပဲ။ ဘာလို့ဆိုတော့ သွေးစစ်မယ်ဆိုရင် အကျိုးကျေးဇူး ၂ ခု ရှိနိုင်လို့ပါ။

နံပါတ်တစ်က ကိုယ့်ဆီမှာများ ပိုးရှိနေတာ သိသွားရင် ကိုယ့်ဆီကနေ သူများဆီ မကူးအောင် ထိန်းသိမ်းလို့ရသွားမယ်။ ကိုယ့်မိန်းကလေး၊ ကိုယ့်အိမ်ထောင်ဖက်ဆီ မကူးတော့ဘူး။ သွေးမလှူတော့ဘူး။ မိခင်လောင်းဆိုလည်း သန္ဓေသားဆီ မကူးအောင် လိုအပ်တဲ့ဆေးတွေ သောက်နိုင်သွားမယ်။

အဲဒီအပြင် ကိုယ့်အတွက်လည်း အကျိုးကျေးဇူးရှိတယ်။ ဒီပိုးက ချက်ချင်းလက်ငင်း ခုခံအားတွေ ကျဆင်းကုန်တာ မဟုတ်ဘူး။ နှစ်နဲ့ချီမှ AIDS အဆင့်ကို ရောက်တာ။ ဒါကြောင့်မို့ လက္ခဏာပြမှ ဆေးသောက်တာ မဟုတ်ဘဲ စောစောစီးစီး သွေးစစ်ဆေးလို့သိလိုက်ရင် စောစော ကုသမှုခံယူလို့ရတယ်။ ဒါဆို ဒီရောဂါကြောင့် သေဆုံးတာ၊ ဝေဒနာခံစားရတာ နည်းမယ်။ သက်တမ်းစေ့နေနိုင်မယ်။ ဒီပိုးက ကုရာနတ္ထိ ဆေးမရှိ လို့ ဆိုကြတယ်။ ဟုတ်တယ်၊ ခုချိန်ထိတော့ အရှင်းပျောက်ကင်းအောင် ကုလို့မရသေးဘူး။ ဒါပေမယ့် ဆေးပုံမှန်သောက်သွားရင် သက်တမ်းစေ့ နေလို့ရတဲ့ အခြေအနေမျိုး ဖြစ်နေပြီ။ ဒါကြောင့်မို့ ဒီလို စောစောစီးစီး ကုသမှုခံယူနိုင်ဖို့အတွက် ကိုယ့်မှာ ပိုးရှိမရှိ သိရအောင် သွေးစစ်ဆေးကြည့်ဖို့ လိုပါတယ်။ အဲဒီနည်းမှတစ်ပါးလည်း ပိုးရှိမရှိသိနိုင်တဲ့ တခြားနည်းလမ်း မရှိသေးပါဘူး။

အနှစ်ပြန်ချုပ်ရရင်တော့ HIV ပိုးနဲ့ ပတ်သက်လို့ အကောင်းဆုံးက ကူးစက်မခံရအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါ။ ဒီအတွက် ဘယ်လိုနည်းတွေနဲ့ ဒီပိုးဟာ ကူးစက်တာလဲ သိထားဖို့လိုတယ်။ နောက်တစ်ဆင့်ကတော့ ပိုးဝင်သွားရင်တောင် လိုအပ်တဲ့ ကုသမှုတွေ ခံယူပြီး သက်တမ်းစေ့နေနိုင်ဖို့ပါ။ အဲဒီအပြင် ကိုယ့်ဆီကနေ သူတစ်ပါးမကူးစက်အောင် သတိထားဆင်ခြင်ဖို့လည်း လိုပါသေးတယ်။ ဒါကြောင့်မို့ အန္တရာယ်ရှိ အပြုအမူတစ်ခုခု လုပ်မိခဲ့တယ်ဆိုရင် သွေးစစ်ဆေးမှု ခံယူပါ။ ရှိနေပြီဆိုလည်း စိတ်ဓါတ်မကျဘဲ လိုအပ်တဲ့ဆေးတွေကို မှန်မှန်သောက်ပါ။ ကျန်းမာအောင် နေထိုင်ပါ။ တခြားလူတွေကို မကူးစက်အောင် တာဝန်ယူပေးပါ။ ဒါဆိုရင် ဒီရောဂါကြောင့် ဖြစ်နေတဲ့ ကူးစက်မှု၊ သေဆုံးမှုတွေကို ကျွန်တော်တို့ဟာ အနှေးအမြန် အနိုင်ယူသွားနိုင်မှာလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၂၇.၁၁.၂၀၁၇ ထုတ် Good Health ဂျာနယ်ပါ ဆောင်းပါး

Ref : WHO factsheets on HIV/ AIDS

No comments:

Post a Comment