ခွဲခြားဆက်ဆံမှုများရဲ့ အကျိုးဆက်
နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၁)ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး အသိပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြပါတယ်။ ခုဆိုရင် ဒီရောဂါအကြောင်းကို တော်တော်များများက သိလာကြပြီဆိုပေမယ့် အပေါ်ယံသိနေတာသာ များပြီး တကယ့်ကို တိတိကျကျ ရေရေရာရာ သိရှိမှုကတော့ အားနည်းနေပါသေးတယ်။
Little knowledge is dangerous ဆိုသလို အဲဒီလိုအပေါ်ယံလောက် ရှပ်ပြီး သိနေတဲ့အခါမှာ တချို့သော ပြဿနာလေးတွေ ပေါ်လာပါတယ်။ အဲဒီထဲကတစ်ခုကတော့ HIV ပိုးရှိသူကို မလိုအပ်ဘဲ ခွဲခြားဆက်ဆံခြင်းပါပဲ။
HIV ပိုးနဲ့ပတ်သက်ရင် လုပ်သင့်တာက ပထမဆုံးအနေနဲ့ ဒီပိုး ကူးစက်ခံရသူတွေ ထပ်မပေါ်လာဖို့၊ ကူးသွားပြီးပြီဆိုလည်း လိုအပ်တဲ့ သွေးစစ်ဆေးမှုလုပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုးရှိမှန်းသိသွားရင်လည်း AIDS အဆင့်ကို ရောက်ပြီး သေဆုံးရတာမျိုး မဖြစ်အောင် ART ဆေးတွေသောက်ဖို့၊ ဒါတွေ အဆင့်ဆင့် လုပ်နေကြပါတယ်။ ခုလို ပိုးရှိသူကို ခွဲခြားဆက်ဆံတာမျိုးတွေ ဖြစ်နေတဲ့အတွက် ဘာဖြစ်လာလဲဆိုတော့ လူတွေဟာ အန္တရာယ်ရှိ အပြုအမူတစ်ခုခုလုပ်ပြီးရင် သွေးစစ်ဖို့ ကြောက်တယ်၊ မစစ်ရဲကြဘူး၊ မှိန်းပြီးတော့နေတယ်၊ ဒီတော့ သူတို့ဆီကတစ်ဆင့် တခြားလူဆီ ထပ်ကူးတယ်။ အဲဒီလိုပဲ သွေးစစ်ရမှာကြောက်၊ ဆေးခန်းသွားပြီး ဆေးကုရမှာ၊ ART ဆေး ယူရမှာ ကြောက်ပြန်တော့ ကုသမှုမရ၊ AIDS အဆင့်ကို ကူးပြီးတော့ သေဆုံးရ ဖြစ်ကုန်ကြပါတယ်။ ဒါတောင် သူတို့ခံစားရတဲ့ တခြားသော စိတ်ဒဏ်ရာတွေကို ထည့်မပြောသေးဘူး။ ဒါကလည်း တကယ်ကို ခွဲခြားဆက်ဆံခံရသူမှသာ သိနိုင်တာမျိုးကိုး။
ဆိုလိုတာက ဒီလိုခွဲခြားဆက်ဆံမှုတွေ ရှိနေတာကြောင့် ဒီပိုး ထပ်မံကူးစက်မှုတွေ၊ HIV ပိုးဝင်၊ AIDS ဖြစ်ပြီး သေဆုံးရတာမျိုးတွေ ရှိနေတယ်။ ဒါကြောင့်မို့ HIV ပိုးရှိသူကို ခွဲခြားမဆက်ဆံကြတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခု ပေါ်ပေါက်လာဖို့ အင်မတန် အရေးကြီးပါတယ်။
အဲဒီလို ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပပျောက်သွားဖို့ဆိုရင် လူတွေဟာ ဘာကြောင့် HIV ပိုးရှိသူကို ခွဲခြားဆက်ဆံရတာလဲ ဆိုတာလေး အရင်သိထားဖို့လိုတယ်။ သူတို့စိတ်ပူတာကို ရှင်းပြနိုင်မှ ခွဲခြားဆက်ဆံတာတွေလည်း နည်းသွားမှာ ဖြစ်တာကြောင့်ပါ။
၁။ ကုရာနတ္ထိ ဆေးမရှိ တဲ့လား
ဟုတ်ပါတယ်၊ ဒီနေ့အချိန်အထိ ဒီပိုးဝင်သွားရင် အရှင်းပျောက်အောင် ကုသလို့မရသေးပါဘူး။ အဲဒီတော့ ကြောက်ကြတယ်၊ မတော်တဆများ ဒီလူ့ဆီက ပိုးကူးစက်သွားရင် ငါတော့ သေရချည်ရဲ့ပေါ့။ ဒီအခါ ခွဲခြားဆက်ဆံတာ၊ သီးသန့်ဖယ်ထားတာတွေ ရှိလာတယ်။ သိစေချင်တာကတော့ အဲ့လို အရှင်းပျောက်အောင် ကုမရတာသည် ဒီရောဂါတစ်ခုတည်းတော့ မဟုတ်ဘူးဆိုတာပါပဲ။ ဥပမာ လူတော်တော်များများ သိကြတဲ့ သွေးတိုးတို့၊ ဆီးချိုတို့ဟာလည်း တစ်သက်လုံး အရှင်းမပျောက်ပါဘူး။ ဒီရောဂါတွေက ကူးစက်ပြီး ရလာတာမျိုးမဟုတ်ပေမယ့် သူတို့ကိုလည်း အရှင်းပျောက်အောင် ကုလိုက်လို့မရဘူး။ ဘာပဲလုပ်လို့ရလဲဆိုရင် ထိန်းထားလို့ပဲရမယ်။ သွေးတိုးမတက်အောင်၊ ဆီးချိုမတက်အောင်။ ခုလည်း ဒီသဘောပဲ။ HIV ပိုးဆိုတာကြီး ကိုယ့်ဆီမှာ မရှိတော့အောင်တော့ ကုမရသေးဘူး။ သို့သော်လည်း ထိန်းထားလို့ရတဲ့ ဆေးတွေပေါ်နေပြီ။ ဒါတွေကိုသာ သေချာသောက်မယ်ဆို HIV ပိုးရှိရက်နဲ့ လူ့သက်တမ်းစေ့ နေလို့ရတဲ့ခေတ် ဖြစ်နေပါပြီ။
ဒီလိုပြောလိုက်လို့ ကြောက်စရာ မလိုတော့တာ မဟုတ်ဘူး။ ဆေးနဲ့ ထိန်းထားလို့ရပြီဆိုပေမယ့် တစ်သက်လုံး သောက်နေရမှာမျိုးပါ။ ကိုယ့်တစ်သက်လုံး သွေးလှူပြီး ကုသိုလ်ယူလို့ မရတော့မှာမျိုးပါ။ ကိုယ့်မှာ အသိပညာသာရှိမယ်ဆို ကာကွယ်လို့ရတဲ့ရောဂါလည်း ဖြစ်တာမို့ ပိုးကူးစက်မခံရအောင်တော့ ကာကွယ်ရမှာ ဖြစ်ပါတယ်။ အခုပြောတဲ့ဆိုလိုရင်းက သေချာမသိဘဲ အကြောက်လွန်ပြီး ခွဲခြားဆက်ဆံမှုတွေ မလုပ်ကြစေဖို့ပါ။
၂။ ဘယ်လိုနည်းတွေနဲ့ ကူးမှန်းမသိဘူး
ကုရာနတ္ထိလို့လည်း ကြားဖူးတယ်၊ ဘယ်လိုကူးမှန်းကလည်း သေချာမသိတော့ မိသားစုထဲမှာများ ပိုးရှိတဲ့သူတစ်ယောက် တွေ့လာရင် အိမ်မှာမထားတော့ဘဲ စွန့်ပစ်တာတွေ ရှိလာတော့တာပေါ့။
နမူနာအားဖြင့် မြန်မာဇာတ်ကားတွေမှာ ပြလေ့ရှိတဲ့အခန်းတွေကို ပြောပြလိုပါတယ်။ ဆိုပါတော့ ဇာတ်ကားထဲမှာ အမေဖြစ်သူက HIV ပိုးကူးစက်ခံလိုက်ရရင် သမီးဖြစ်သူကို “အနားမကပ်နဲ့တော့၊ အမေ့ရောဂါတွေ သမီးဆီ ကူးကုန်မယ်” ဆိုပြီး ပြောတာမျိုးက အင်မတန်လွဲတဲ့ မက်ဆေ့ခ်ျပါ။ HIV ပိုးဟာ အဲဒီလို အနားကပ်ရုံနဲ့ မကူးစက်နိုင်ပါဘူး။ အကာအကွယ်မဲ့ လိင်ဆက်ဆံမိရင် ကူးမယ်၊ သွေးကတစ်ဆင့် ကူးမယ်၊ ဆေးထိုးအပ်တွေ မျှဝေသုံးစွဲရာကနေ ကူးမယ်၊ ပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားဆီကို ကူးမယ်။ ဒါတွေမှအပ ကျန်တဲ့ နေ့စဉ်လုပ်ဆောင်မှုတွေဖြစ်တဲ့ ထမင်းအတူစားတာ၊ ရေချိုးခန်းအတူသုံးတာ၊ ပွေ့ဖက်ထိတွေ့တာတွေနဲ့တော့ မကူးစက်နိုင်တာမို့ မိသားစုဝင်တစ်ယောက်ယောက်များ ဒီရောဂါဖြစ်လာခဲ့ရင် ပုံမှန်အတိုင်းပဲ ထားပါ။ သူ့ကိုဖေးမပါ။ အားပေးနှစ်သိမ့်ပါ။ အဲဒါက သူ့အတွက် စိတ်ပိုင်းဆိုင်ရာကို အများကြီး အထောက်အကူဖြစ်စေလိမ့်မယ်၊ နောက်ပြီး ပိုးရှိရက်နဲ့ လူ့သက်တမ်းစေ့ နေနိုင်ပါလိမ့်မယ်။
၃။ ဒီရောဂါက အကျင့်မကောင်းသူတွေမှ ဖြစ်တာ
HIV ပိုးက များသောအားဖြင့် လိင်ကတစ်ဆင့် ကူးစက်တယ်။ နောက်ပြီး ပြည့်တန်ဆာအမျိုးသမီးတွေ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေ၊ မူးယစ်ဆေးသုံးသူတွေ ပိုအဖြစ်များတယ်။ ဒီလူတန်းစားတွေဆိုတာက လူ့အသိုင်းအ၀ိုင်းမှာ အထင်သေးခံရဆုံးလူတွေ ဖြစ်တယ်။ ဒီတော့ တစ်ဆက်တည်းအနေနဲ့ ဒီပိုးရှိသူတွေဟာ ဒီလိုမျိုး လိင်မှုကိစ္စ မစောင့်ထိန်းသူတွေ၊ အကျင့်ပျက်စီးနေသူတွေလို့ သတ်မှတ်လိုက်ကြတယ်။ ခွဲခြားဆက်ဆံကြတယ်။ အထင်သေးကြတယ်။
တကယ်တော့ လိင်မှုကိစ္စဆိုတာက ပြောရခက်ပါတယ်။ အမြဲတမ်းကို ရှုပ်ပွေနေတဲ့သူ ရှိနိုင်သလို၊ တစ်ခါတစ်လေ မရည်ရွယ်ဘဲ မှားသွားမိတဲ့သူတွေ ဆိုတာလည်း ရှိနိုင်တယ်။ သူတို့ကိုရော လူ့အသိုင်းအ၀ိုင်းက လက်မခံပေးတော့ဘူးလား။ တစ်ခါက လူငယ်လေးတစ်ယောက်နဲ့ ကြုံဖူးတယ်။ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ဘီယာသွားသောက်ကြတာ။ အဲဒီကအပြန် သူငယ်ချင်းတွေက ဆွယ်တော့ ပါသွား။ ယောကျာ်းဆိုတာ မလုပ်ဖူးတာ မရှိရဘူး ဆိုတဲ့စကားတွေအောက် မျောသွားပြီး ပြည့်တန်ဆာတစ်ယောက်နဲ့ အတူနေမိ။ နောက်ပိုင်း သွေးလှူမယ်လုပ်မှ ဒီပိုးရှိနေတာ သိရတယ်။ ဘယ်သူကမှ ပြောပြမထားတော့ မသိဘူးလေ၊ ဒီလိုတွေ ပေါ့လိုက်ရင် ကူးသွားနိုင်မှန်း၊ ဖြစ်သွားရင်လည်း သွေးစစ်ရကောင်းမှန်း။ ဒီလိုလူငယ်မျိုးဆိုရင်ရော ကျွန်တော်တို့ ဖယ်ကြဉ်ထားကြမှာလား။
နောက်တစ်ခု၊ အိမ်ထောင်သည်အမျိုးသမီးတွေမှာ HIV ပိုးကူးစက်ခံရခြင်းရဲ့ အဓိက အကြောင်းရင်းက သူတို့အိမ်ထောင်ဖက်ဆီက ရလာတာဖြစ်တယ်။ ဘာမှမလုပ်ဘူး၊ အိမ်မှာပဲနေတယ်၊ အိမ်ထောင်မှုထိန်းသိမ်းတယ်။ နေရင်းထိုင်ရင်း ဒီပိုးက သူ့ဆီရောက်လာတာ။ ပြီးတော့ ဒီပိုးဟာ လိင်ကတစ်ဆင့်ချည်းပဲ မဟုတ်ဘဲ သွေးကတစ်ဆင့်လည်း ကူးမယ်၊ မိခင်ကနေ ကလေးကိုလည်း ကူးမယ်။ အဲဒီလိုနည်းတွေနဲ့ မမျှော်လင့်ဘဲ ကူးသွားသူတွေမှာရော အပြစ်ရှိသလား။ ခွဲခြားဆက်ဆံခံရဖို့ ထိုက်တန်သလား။
ဒါကြောင့်မို့ HIV ပိုးရှိသူတိုင်းကို ဒီလိုမျိုး အကျင့်စာရိတ္တပျက်ပြားသူအဖြစ် တရားသေ မသတ်မှတ်ကြဖို့ ပြောလိုပါတယ်။
တကယ်တော့ ခွဲခြားဆက်ဆံမှုတွေဟာ တဖြည်းဖြည်း လူတွေအမြင်ကျယ် အသိကြွယ်လာတာနဲ့အမျှ နည်းနည်းလာမှာပါ။ တဖြည်းဖြည်းနဲ့တော့ နည်းနည်းလာပြီလို့လည်း ယူဆပါတယ်။ ကိုယ့်ကိုယ်ကိုယ် HIV ပိုးရှိသူအဖြစ် ပေါ်ပေါ်ထင်ထင် ပြောပြီးကို နောက်လူတွေ ဒီလိုမဖြစ်အောင် အသိပညာပေးသူတွေ ပေါ်လာပါပြီ။ ဒါပေမယ့်လည်း ရှေ့ဆက်လုပ်ဆောင်ရမှာတွေ အများကြီး ကျန်နေပါသေးတယ်။ ခွဲခြားဆက်ဆံမှုတွေ ရှိနေသရွေ့ လူတွေသွေးမစစ်ရဲကြဘူး၊ ဒီတော့ ပိုးရှိမှန်းမသိဘူး။ ကိုယ့်မှာ ပိုးရှိနေပါတယ်လို့ တစ်စုံတစ်ယောက်ကို ထုတ်ပြောရမှာ ၀န်လေးတယ်။ လိုအပ်တဲ့ ဆေးကုသမှုကို မခံယူရဲကြဘူး။ ဒီတော့ AIDS အဆင့်ကို ကူးသွားပြီး သေဆုံးကြရတယ်။ ဒီအတွက် ခွဲခြားဆက်ဆံမှု မပြုကြဖို့ကိစ္စဟာ အင်မတန်မှကို အရေးကြီးပါတယ်။
ကျွန်တော်က အအေးကို ပိုက်နဲ့စုပ်သောက်လိုက်ပါတယ်။ နောက်တစ်ယောက်က သောက်တော့ အဲဒီ ကျွန်တော်သောက်ပြီးသား ပိုက်ကို ဖယ်ပြီး နောက်တစ်ပိုက်နဲ့ သောက်ပါတယ်။ ဒါကိုမြင်လိုက်တဲ့ ကျွန်တော်က ဘာမှမခံစားရပါဘူး။ ငါ့မို့လို့ သူက ရွံတာလို့ မတွေးဘူး။ ဘာလို့ဆိုတော့ ကျွန်တော်က သာမန်လူပဲကိုး။ HIV ပိုးရှိသူအနေနဲ့တော့ ဒီလိုမဟုတ်ပါဘူး။ သူသောက်ထားတဲ့ပိုက်ကို ဖယ်လိုက်တာမြင်ရင် အင်မတန် စိတ်မကောင်းဖြစ်ကြမှာပါ။ ဘာလို့ဆိုတော့ သူတို့ဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကြိုဆိုမှုနဲ့ မေတ္တာကို လိုအပ်တောင့်တနေလို့ပါ။ သူတို့စိတ်ထဲမှာ အငုံ့စိတ်တွေ ၀င်နေကြလို့ပါ။ ဆိုလိုတာက အအေးကို ပိုက်တစ်ခုတည်းသောက်ဖို့ မဟုတ်ပါဘူး။ သူတို့ကို ကြည့်တဲ့အကြည့်၊ သူတို့ပြောစကားတွေ ကြားရတဲ့အခါ ဖြစ်သွားတဲ့ မျက်နှာထား စတဲ့ ဒီလိုအသေးစိတ်တွေကအစ မရည်ရွယ်ဘဲနဲ့ သူတို့ကို စိတ်ဒဏ်ရာပိုရသွားစေတာမျိုး မဖြစ်အောင် ဂရုစိုက်ကြဖို့ပါပဲ။
ဒေါက်တာ ဖြိုးသီဟ
(၂၈.၁၁.၂၀၁၇ ထုတ် Good Health ဂျာနယ်ပါ ဆောင်းပါး)

No comments:
Post a Comment