ads bit

Pages

Friday, September 21, 2018

လက်မထပ်ခင် ဘယ်နှရက်ကြိုပြီး ကိုယ်ဝန်တားသင့်သလဲ

လက်မထပ်ခင် ဘယ်နှရက်ကြိုပြီး ကိုယ်ဝန်တားသင့်သလဲ
သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေမေးကြတဲ့အထဲမှာ အမေးအများဆုံးမေးခွန်းတစ်ခုကတော့
လက်မထပ်ခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားဖို့ လိုသလဲ ဆိုတာပါပဲ။

ဒီနေရာမှာ အရင်ဆုံး ရှင်းလိုတာက တစ်ချို့စုံတွဲတွေကတော့ လက်ထပ်တဲ့နေ့မှပဲ လင်မယားအရာမြောက်တယ်။ တချို့ကျတော့လည်း ယူတော့မှာပဲလေ ဆိုပြီး အတူနေထားနှင့်တာမျိုး ရှိတယ်။ သိပ်ကိုခေတ်ဆန်လွန်းတဲ့သူတွေကတော့ ရည်းစားဘ၀မှာကို ပုံမှန်လိုအတူနေကြတာပေါ့။ သူတို့ဆိုရင်လည်း အိမ်ထောင်တော့မရှိပေမယ့် ပုံမှန်ဆက်ဆံမှုရှိနေတာမို့ အိမ်ထောင်သည်လိုပဲ သားဆက်ခြားနည်းတစ်ခုခုတော့ သုံးဖို့လိုပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးဟာ တစ်ကြိမ်တစ်ခါ မတော်တဆ ဖြစ်သွားတဲ့အခါမှာသာ သောက်သင့်တာ ဖြစ်ပြီး ဒီဆေးရဲ့ ထိရောက်မှုဟာ ကျန်တဲ့ကိုယ်ဝန်တားနည်းတွေနဲ့ ယှဉ်လိုက်ရင် နည်းတာမို့လို့ အတူနေပြီးတိုင်းသာ သောက်နေမယ်ဆိုရင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

ဒါကြောင့် လက်မထပ်ခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားရမလဲ ဆိုတာထက် အတူတူမနေခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားဖို့ လိုမလဲဆိုပြီး နားလည်လိုက်ရင်လည်း ရပါတယ်။

အကြမ်းအားဖြင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပုံမှန်အသုံးပြုလို့ ရတဲ့ သားဆက်ခြားနည်း (၄)နည်းရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး နဲ့ လက်မောင်းတွင်းထည့်ပစ္စည်းတွေပါ။ သားအိမ်တွင်းထည့်ပစ္စည်းကိုလည်း အသုံးပြုလို့ ရနိုင်ပေမယ့် လက်ထပ်ပြီးစ အမျိုးသမီးတော်တော်များများက အသုံးမပြုကြတာမို့ ဒီဆောင်းပါးမှာ ခဏဖြုတ်ထားလိုက်ပါမယ်။ အဲဒီပစ္စည်းက ထည့်မယ်ဆိုလည်း ချက်ချင်း အာနိသင်ပြတာမို့ လက်မထပ်ခင် ရက်အနည်းငယ်ကြိုထည့်ထားလိုက်မယ်ဆိုရင်ကို အဆင်ပြေပါတယ်။ ဒီ(၄)နည်းထဲမှာ ကွန်ဒုံးကလည်း အတူနေပြီဆိုမှ အသုံးပြုရင်ရပါတယ်။ ကျန်တဲ့ (၃)နည်းကတော့ ဘယ်နှရက်ကြိုသုံးရမလဲဆိုတာဟာ မိန်းကလေးရဲ့ ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။

နေ့စဉ်သောက်ဆေးကဒ်က ရာသီစပေါ်ပြီး (၅)ရက်အတွင်း သောက်ရင် ချက်ချင်းအာနိသင်ပြပါတယ်။ ထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းက ရာသီစပေါ်ပြီး (၇)ရက်အတွင်း သုံးရင် ချက်ချင်းအာနိသင်ပြပါတယ်။ ဒါကြောင့် အဲဒီရက်တွေအတွင်းမှာ စသုံးမယ်ဆိုရင် ဘယ်နှရက်မှ ကြိုလုပ်စရာ မလိုပါဘူး။ နက်ဖြန်မင်္ဂလာဆောင်ဆိုရင် ဒီနေ့ဆေးကဒ်စသောက်လို့ ရပါတယ်။ ထိုးဆေးထိုးလို့ ရပါတယ်။

အကယ်၍များ ရာသီစပေါ်ပြီး (၅)ရက်နောက်ပိုင်းမှ ဆေးကဒ်ကို စသောက်မယ်၊ (၇)ရက်နောက်ပိုင်းမှ ထိုးဆေး ဒါမှမဟုတ် လက်မောင်းထဲပစ္စည်းထည့်မယ်ဆိုရင်တော့ အာနိသင် ချက်ချင်းမပြတော့ဘူး။ (၇)ရက်စောင့်ရမယ်။ ဒီတော့ အမျိုးသားနဲ့ (၇)ရက်ရှောင်၊ ရှောင်ဖို့အဆင်မပြေရင် ကွန်ဒုံးသုံးဖို့ လိုလာပါပြီ။

အိမ်ထောင်သက်ကြာနေသူတွေကို အမျိုးသားနဲ့ (၇)ရက်ရှောင်ပါ လို့ပြောလိုက်ရတာ လွယ်ပေမဲ့ ခုမှလက်ထပ်မယ့် မောင်နှံတွေအနေနဲ့ကျ အဆင်မပြေနိုင်ပါဘူး။ ကွန်ဒုံးသုံးရင်တော့ ရနိုင်ပေမယ့် အမျိုးသားအများစုကတော့ အမှတ်တရ မင်္ဂလာဦးညမှာ ဒါမျိုးတွေလည်း မသုံးချင်ကြပါဘူး။

ဒါကြောင့် အဲဒီလိုအနေအထားမျိုးမှာ ရှိနေမယ်ဆိုရင်တော့ လက်မထပ်ခင် (၇)ရက်ကြိုတင်ပြီး သားဆက်ခြားနည်းတစ်ခုခုကို ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။ ဒါမှ မင်္ဂလာဦးညအတွက် အကာအကွယ်ရပြီးသား ဖြစ်နေမှာပါ။

ပိုနားလည်သွားအောင် ဥပမာပေးပါ့မယ်။

ကိုယ် ရာသီစပေါ်တဲ့ရက် (ပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) က အောက်တိုဘာ (၄)ရက်နေ့။ လက်ထပ်မယ့်နေ့က အောက်တိုဘာ (၁၂)ရက်နေ့ ဆိုပါစို့။ ဒါဆို ဒီနေ့ အောက်တိုဘာ (၇)ရက်နေ့မှာ ဆေးကဒ်စသောက်လိုက်ပါ။ ရာသီစပေါ်ပြီး (၅)ရက်အတွင်းမှာ စသောက်တာ ဖြစ်တဲ့အတွက် ချက်ချင်းအာနိသင်ပြပါတယ်။ (၇)ရက်ရှောင်စရာ မလိုသလို ကွန်ဒုံးလည်း သုံးစရာ မလိုပါဘူး။
အဲဒါကို အောက်တိုဘာ (၁၁)ရက်နေ့ကျမှ ဆေးကဒ်စသောက်ခဲ့မယ်ဆိုရင် ရာသီစပေါ်တဲ့ရက်က တွက်ရင် (၅)ရက်ကျော်နေပြီ ဖြစ်တဲ့အတွက် ချက်ချင်းအာနိသင်မပြတော့ဘူး။ (၇)ရက်ရှောင်ရလိမ့်မယ်၊ အနည်းဆုံးတော့ ကွန်ဒုံးသုံးရတော့မယ်။ လက်ထပ်စမှာ ကွန်ဒုံးသုံးဖို့က မလွယ်တာမို့ ကြိုတင်အသုံးပြုထားဖို့ လိုတယ်ပြောတာပါ။

ဒီလောက်ဆို နားလည်ကြလိမ့်မယ် မျှော်လင့်ပါတယ်။ အနှစ်ချုပ်ပြန်ပြောရရင် ဘယ်နှရက်ကြိုသုံးရမယ် ဆိုတာ ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။ ရာသီစလာပြီး (၅)ရက်အတွင်း ဆေးစသောက်မယ်၊ (၇)ရက်အတွင်း ဆေးထိုးမယ်၊ ပစ္စည်းထည့်မယ်ဆိုရင် ချက်ချင်းအာနိသင်ပြတဲ့အတွက် တစ်ရက်ကြိုအသုံးပြုမယ်ဆို ရပါပြီ။ အဲဒီအချိန်ကာလနောက်ပိုင်းမှာမှ စသုံးဖြစ်မယ်ဆိုရင်တော့ တစ်ပတ်ရှောင်ရမယ်၊ မရှောင်နိုင်ရင် ကွန်ဒုံးသုံးရမယ်။ လက်ထပ်စမှာ သုံးဖို့အဆင်မပြေနိုင်တာမို့ မင်္ဂလာပွဲမတိုင်မီ တစ်ပတ်အလိုမှာကတည်းက ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။

ဒီနည်းလမ်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကိုတော့ ဒီဆောင်းပါး https://drphiothiha.com/fp-options-for-newlyweds/ မှာ ဖတ်ရှုနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်၊၊
ဒေါက်တာ ဖြိုးသီဟ
၇.၁၂.၂၀၁၆

Photo credit

No comments:

Post a Comment