ads bit

Pages

Friday, September 21, 2018

သုက်လွှတ်မြန်ခြင်း (Premature Ejaculation)

လိင်မှုကိစ္စတွေနဲ့ ပတ်သက်လို့ ညေးတို့အများစု မေးတတ်ကြတဲ့ မေးခွန်းတစ်ခုကတော့ သုက်လွှတ်မြန်နေတာကို ဘယ်လိုလုပ်ရမလဲ ဆိုတာပါပဲ။ ဒီကိစ္စက ကိုယ့်အတွက် လိင်မှုဆန္ဒ ပြည့်ဝမှုအပေါ် ထိခိုက်စေသလို၊ ကိုယ့်အဖော်အပေါ်မှာ အားနာသလို ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချက်အလက်တွေအရ အမျိုးသားတွေအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ ဒီလိုအခြေအနေမျိုးကို ဘ၀မှာ တစ်ခါတော့ ကြုံခဲ့ကြရဖူးတယ်လို့ သိရပါတယ်။
လူမျိုးတစ်မျိုးနဲ့တစ်မျိုး ကွာခြားမှုအပေါ် မူတည်ပြီး ယောကျာ်းတစ်ယောက်ရဲ့ လိင်ဆက်ဆံချိန်က ၃၀ စက္ကန့်ကနေ ၄ မိနစ်ထိ ကြာတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း ပညာရှင်အများစုကတော့ ယောကျာ်းတစ်ယောက်ဟာ ၂ မိနစ်တောင်မကြာဘဲ သုက်ထွက်သွားတယ်ဆို အဲဒါကို သုက်လွှတ်မြန်ခြင်း (Premature Ejaculation) လို့ သတ်မှတ်ထားကြပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ ပြောမရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြတာမို့လို့ပါ။ အဓိကကတော့ တုံ့ပြန်မှုလွန်ကဲတဲ့ ကိစ္စပါပဲ။ စိတ်တိုလွယ်တဲ့သူကို နည်းနည်းလေး သွားစတာနဲ့ စိတ်တိုသွားတတ်သလို၊ ဒီလိုတုံ့ပြန်မှု မြန်ဆန်နေတဲ့အခါ စဆက်ဆံလိုက်တာနဲ့ သုက်ထွက်တယ်၊ တချို့ဆို အပြာကားတွေကြည့်နေရင်း ထွက်သွားတာမျိုးတောင် ရှိပါတယ်။
ဒီကိစ္စက စိတ်ပိုင်းဆိုင်ရာနဲ့လည်း သက်ဆိုင်မှုရှိသလို၊ ငယ်ရွယ်စဉ် လူပျိုပေါက်ဘ၀ တစ်ကိုယ်ရည်အာသာဖြေတုန်းက လူကြီးတွေမိမှာကြောက်လို့ ခပ်မြန်မြန်ပြီးအောင် တွန်းလုပ်ခဲ့တာမျိုးတွေ ရှိခဲ့ရင်လည်း ဒါမျိုးဖြစ်တတ်ပါတယ်။ (ဒါကြောင့်မို့ ဆယ်ကျော်သက်ဘ၀ အာသာဖြေကတည်းက ဒီဗဟုသုတလေး ရှိထားရင် သိပ်ကောင်းပါမယ်နော်)
နောက်ပြီး ငယ်ငယ်က အဆင်ပြေခဲ့ပေမယ့် ခုမှအခိုက်အတန့်သဘော ဖြစ်တာမျိုးလည်း ရှိပါတယ်။ စိတ်ဖိစီးမှုများလို့၊ ဆက်ဆံဖော်အသစ် ဖြစ်နေလို့၊ ဆက်ဆံတဲ့ပုံစံအသစ် ဖြစ်နေလို့၊ အခြေအနေအရ အိမ်မှာလူများလို့ လူမသိအောင် ခပ်မြန်မြန်ဆက်ဆံနေရလို့၊ ဒါမှမဟုတ်လည်း သွေးတိုး၊ ဆီးချိုတို့လို ရောဂါတခုခုဖြစ်နေလို့ စတဲ့ အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အဲဒီလို ဖြစ်နေရင် ဘယ်လိုလုပ်ဆောင်လို့ရသလဲ ဆက်ပြောပါမယ်။
၁) လေ့ကျင့်ယူပါ
အဓိကအားဖြင့် နည်းလမ်း ၂ မျိုးရှိပါတယ် …
ပထမတစ်နည်းက လုပ်လိုက် – ရပ်လိုက် နည်းပါ။ သဘောကတော့ ဆက်ဆံမယ်၊ သုက်ထွက်ခါနီး ဖြစ်လာပြီလို့ ခံစားရရင် ရပ်လိုက်မယ်။ မိနစ်ဝက်ကနေ တစ်မိနစ်လောက် နားမယ်။ ပြီးမှ ပြန်စမယ်။ အဲဒါမျိုးကို တစ်ခါဆက်ဆံတိုင်း ၄ – ၅ ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ထိန်းနိုင်လာပါလိမ့်မယ်။
နောက်တစ်နည်းကတော့ လိင်တံကို ညှစ်ထားတဲ့နည်းပါ။ သုက်ထွက်ချင်လာပြီဆိုရင် လိင်တံရဲ့ အောက်ခြေပိုင်းကို မိနစ်ဝက်လောက် ညှစ်ထားပါ။ ပြီးတော့မှ ပြန်စပါ။ အဲဒါကိုလည်း တစ်ခါဆက်ဆံတိုင်း ၄ – ၅ ကြိမ်လောက် လုပ်ပေးရင် အဆင်ပြေပါလိမ့်မယ်။
အဲဒီနည်းတွေကို သုက်ထွက်ချင်လာရင် တခြားအကြောင်းအရာတခုခုကို အာရုံလွှဲလိုက်တာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်တာတွေနဲ့လည်း တွဲပြီးလုပ်နိုင်ပါတယ်။ အဓိကကတော့ ထွက်ခါနီးဖြစ်လာတာကို အာရုံလွှဲလိုက်တဲ့သဘောပါပဲ။
ဒီနည်းတွေကို လနဲ့ချီ အချိန်ယူလုပ်ရပါလိမ့်မယ်။ နောက်ပြီး ကိုယ့်မိန်းကလေးနဲ့ ဒါမျိုး လုပ်လိုက် ရပ်လိုက် လုပ်နေရရင် စိတ်ရှုပ်စရာကောင်းတယ်လို့လည်း ထင်ချင်စရာပါ။ ဒါပေမယ့်လည်း ကြိုးစားကြည့်သင့်ပါတယ်။ ကိုယ့်မိန်းကလေးကိုလည်း နားလည်အောင် ရှင်းပြထားသင့်တယ်။ အထူးသဖြင့် အိမ်ထောင်မကျသေးဘဲ ကိုယ့်ဟာကိုယ် အာသာဖြေရင်းနဲ့ပဲ ကိုယ့်မှာ ဒီပြဿနာရှိနေတယ်လို့ သတိထားမိနေတဲ့ ညေးတွေဆို ဒါကိုကြိုတင်လေ့ကျင့်ထားသင့်တယ်။ ဒါဆိုရင် ကိုယ့်အဖော်နဲ့ ဆက်ဆံတဲ့အခါ အဆင်သင့်ဖြစ်နေနိုင်တာပေါ့။ မင်္ဂလာဆောင်ခါနီး သတို့သားတွေလည်း ဒီလိုပဲ မင်္ဂလာပွဲမတိုင်မီ လအနည်းငယ်လောက်ကတည်းက လေ့ကျင့်ထားလို့ ရပါတယ်။
အချက်အလက်တွေအရတော့ ဒီနည်းတွေကို သုံးတဲ့ အမျိုးသား ၅၀ ကနေ ၉၅ ရာခိုင်နှုန်းလောက်ဟာ တဖြည်းဖြည်းနဲ့ သုက်လွှတ်တာကို ထိန်းလာနိုင်တယ်လို့ သိရတာမို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ အပေါ်မှာလည်း ပြောခဲ့သလို၊ လူမိမှာစိုးနေရတဲ့ အခြေအနေမျိုးမှာ လုပ်မယ်ဆို ဒီလိုအေးအေးဆေးဆေး အချိန်ယူနိုင်မှာမဟုတ်လို့ အချိန်အခါကို ရွေးချယ်တတ်ဖို့လည်း လိုပါသေးတယ် ညေးတို့ရေ။
လက်ရှိမှာ အိမ်ထောင်ရှိနေပြီဆိုတဲ့ ညေးတွေအတွက်တော့ ခုလိုလေ့ကျင့်တဲ့နည်းအပြင် ဒီနည်းတွေကိုလည်း သုံးလို့ရပါတယ် …
၂) ပွဲမ၀င်ခင် အပြင်မှာတစ်ခေါက် ကျင်းပထားပါ
ဆိုလိုတာက ကိုယ်နဲ့ ကိုယ့်မိန်းကလေး မဆက်ဆံခင်မှာ အရင်ဆုံး ကိုယ့်ဟာကိုယ် အာသာဖြေထားရင် တကယ်တမ်း ဆက်ဆံတဲ့အခါ သုက်လွှတ်နှေးသွားတတ်ပါတယ်။ နောက်တစ်ခု  သိစေချင်တာက အမျိုးသမီးအများစုဟာ ဆန္ဒပြည့်ဝတဲ့ အခြေအနေကို ရောက်ဖို့ အမျိုးသားတွေလောက် မမြန်ပါဘူး။ မိနစ် ၂၀ လောက် ကြာမြင့်တတ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် တစ်ကြိမ်ဆက်ဆံရုံနဲ့ နှစ်ဦးစလုံး ဆန္ဒပြည့်ဝမှုရဖို့က ဖြစ်နိုင်ချေနည်းပါတယ်။ ဒီတော့ သူနဲ့ပဲ ဆက်ဆံမယ်။ ပြီးသွားရင် ပွတ်သပ်စကားပြောမယ်။ နောက်တစ်ခါ ဆက်ဆံမယ်။ အဲဒီနောက်တစ်ခါမှာ သုက်လွှတ်နှေးသွားပြီဖြစ်တာမို့ ပိုအဆင်ပြေမယ်။ နှစ်ဦးလုံး ဆန္ဒပြည့်ဝမယ်။ အမြဲတမ်း နှစ်ခါဆက်ဆံရမယ်လို့ ပြောတာမဟုတ်ဘဲ လုပ်လို့ရနိုင်တဲ့ နည်းတွေကိုသာ ပြောပြပေးတာဖြစ်ပါတယ်။
၃) Foreplay ကို အချိန်ပေးပါ
အတူနေတော့မယ်ဆိုတာနဲ့ ထိုးသွင်းဆက်ဆံမှု တန်းမလုပ်ပါနဲ့။ အရင်ဆုံး တစ်ယောက်နဲ့တစ်ယောက် ကြည်ကြည်နူးနူးစကားပြောတာ၊ ပွတ်သပ်ကိုင်တွယ်တာတွေ လုပ်ပါ။ အဲဒါက မိန်းကလေးကို ဆန္ဒရှိလာအောင် တွန်းအားပေးတာမို့ ဆက်ဆံတဲ့အခါမှာလည်း အဆင်ပြေချောမွေ့စေတယ်။ ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းကပဲ မိန်းကလေးကို ဆန္ဒပြည့်ဝစေတာ မဟုတ်ပါဘူး။ ဒီလိုပြုမူခြင်းတွေ လုပ်ထားမယ်ဆိုရင် ကိုယ်က သုက်လွှတ်မြန်နေရင်တောင် ကိုယ့်အဖော်ကို ဆန္ဒပြည့်ဝစေမှာမို့ ညေးတို့အနေနဲ့လည်း အားနာနေစရာ မလိုတော့ဘူးပေါ့။ အဲဒီအပြင် ပိုကောင်းတဲ့အချက်က အဲဒီလို Foreplay လုပ်ခြင်းက ညေးတို့ကိုယ်တိုင်ကိုလည်း သုက်လွှတ်နှေးစေနိုင်တယ် ဆိုတာပါပဲ။
၎) လိင်ဆက်ဆံတဲ့ အနေအထားကို ဂရုစိုက်ပါ
ပညာရှင်တွေကတော့ မိန်းကလေးက အပေါ်ကနေရင် သုက်လွှတ်နှေးသွားနိုင်တယ်လို့ ဆိုကြပေမယ့် အဓိကက ကိုယ့်ကိုယ်ကိုယ်သိဖို့ပါ။ ကိုယ်ဟာ ဘယ်လိုအနေအထားမျိုးမှာဆို ပိုပြီး သုက်လွှတ်ချင်စိတ် ဖြစ်ဖြစ်လာတတ်သလဲဆိုတာ သိရပါမယ်။
ဒီနေရာမှာ ဝေမျှလိုတာက ယောကျာ်းတစ်ယောက်ရဲ့ လိင်တံမှာ ခံစားမှုအပြင်းထန်ဆုံး နေရာနှစ်ခုရှိပါတယ်။ ဒီနေရာတွေကို ထိတွေ့မှုများလေလေ သုက်ထွက်ချင်စိတ်ဖြစ်လေလေပါပဲ။ ပထမဆုံး အတွေ့အကြုံမှာ သုက်လွှတ်မြန်တယ်ဆိုတာ ဒါကြောင့်ပါ။ တစ်ခါမှ မထိတွေ့ဖူးတဲ့နေရာတွေဖြစ်လို့ မြန်မြန်ထွက်သွားပြီး နောက်ပိုင်း အတွေ့အကြုံများလာတာနဲ့အမျှ အဆင်ပြေသွားပါမယ်။
အဲဒီနေရာ နှစ်ခုကတော့
Glans လို့ခေါ်တဲ့ နူးညံ့တဲ့ လိင်တံထိပ်ဖူးနေရာနဲ့၊ အဲဒီထိပ်ဖူးနဲ့ လိင်တံကြား အောက်ဖက်မျက်နှာက Frenulum လို့ခေါ်တဲ့နေရာလေးတွေ ဖြစ်ပါတယ်။ (ပုံမှာလည်း ကြည့်နိုင်ပါတယ်) ဒီနေရာနှစ်ခုဟာ အာရုံခံစားမှုအများဆုံး ဖြစ်တာမို့ ကိုယ်နဲ့အမျိုးသမီး ဆက်ဆံတဲ့ပုံစံဟာ ဒီနှစ်နေရာကို တတ်နိုင်သလောက် အထိအတွေ့နည်းစေဖို့ လိုပါတယ်။

၅) Lifestyle ပြောင်းပါ
တချို့အမျိုးသားတွေမှာ အရက်၊ ဆေးလိပ်လျှော့လိုက်တာ၊ စိတ်ဖိစီးမှုတွေ ဖြေဖျောက်လိုက်တာတွေ လုပ်လိုက်တာနဲ့ ဒီလိုသုက်လွှတ်မြန်တာ အဆင်ပြေသွားတယ်ဆိုတာမျိုးလည်း ရှိတာမို့ ကိုယ့်ရဲ့ လူနေမှုပုံစံကိုလည်း ပြောင်းလဲဖို့လိုရင် ပြောင်းလဲလိုက်ပါ။
၆) ကွန်ဒုံးသုံးပါ
အစောပိုင်းမှာ ပြောခဲ့သလိုပဲ၊ တုံ့ပြန်မှုလွန်ကဲနေတာမို့ ယောကျာ်းလိင်အင်္ဂါနဲ့ မိန်းမလိင်အင်္ဂါ တိုက်ရိုက်မထိတွေ့ရင် တုံ့ပြန်တာနှေးသွားမယ်၊ သုက်လွှတ်နည်းသွားမယ်။ ဒီအတွက် ကွန်ဒုံးအသုံးပြုနိုင်ပါတယ်။ တစ်ဖက်မှာလည်း ဘာအကျိုးကျေးဇူးပါ ရသွားမလဲဆို အိမ်ထောင်သည်တို့ ချစ်သူတို့ဆိုလည်း ကိုယ်ဝန်ပါတားပြီးသား ဖြစ်သွားမယ်။ တခြားဆက်ဆံဖက်နဲ့ဆိုလည်း ရောဂါမကူးအောင်ပါ တားထားသလို ဖြစ်သွားမယ်။
၇) ထုံစေတဲ့ ခရင်မ်တစ်မျိုးသုံးပါ
ကိုယ့်ရဲ့ လိင်တံက အာရုံခံစားမှုအများဆုံးနေရာတွေမှာ လိင်မဆက်ဆံခင် ၅ မိနစ်လောက် ကြိုတင်သုတ်လိမ်းထားရင် အတူနေတဲ့အခါ သုက်လွှတ်နှေးသွားပါလိမ့်မယ်။ နောက်ပိုင်း တချို့သော ကွန်ဒုံးတွေမှာတော့ အဲဒီထုံဆေးက အထဲမှာပါလာပြီးသားမို့ ပိုလို့အဆင်ပြေပါတယ်။
၈) ဆေးကုသမှု ခံယူပါ
အပေါ်ကနည်းတွေနဲ့ ဘယ်လိုမှအဆင်မပြေရင်တော့ ဆေးတစ်ခုခုသုံးဖို့ လိုလာပါလိမ့်မယ်။ ဒီအပိုင်းကို အသေးစိတ် မရေးတော့ပါဘူး။ ဘာလို့ဆိုတော့ ဆရာဝန်ညွှန်ကြားစာနဲ့မှ ၀ယ်လို့ရမှာဖြစ်ပြီး ဒီအတိုင်း ဆေးဆိုင်မှာ သွားဝယ်လိုက်လို့ မရလို့ပါ။ အွန်လိုင်းမှာ ရောင်းနေတဲ့ဆေးတွေဆိုတာကလည်း အများစုက ဘယ်သူကမှ အာမခံထားတာမျိုး မဟုတ်ဘူး ဆိုတာလေးလည်း ညေးတို့ကို သိစေချင်ပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့တဲ့နည်းတွေကို အရင်ကြိုးစားကြည့်ပါ။ အဆင်မပြေရင် ဆရာဝန်တစ်ယောက်ယောက်နဲ့ သွားတိုင်ပင်တာက ပိုကောင်းပါလိမ့်မယ်။ ဒါဆို ဘာကြောင့် ကိုယ်ဒီလိုဖြစ်နေတယ် ဆိုတဲ့ အကြောင်းရင်းကိုလည်း ရှာတွေ့သွားနိုင်တာပေါ့။
နောက်ဆုံးအနေနဲ့ သိစေချင်တာကတော့ ဒီပြဿနာဟာ လိင်ဆန္ဒပြည့်ဝမှုအတွက် အနည်းအပါး ထိခိုက်မှုရှိစေတာ မှန်ပေမယ့် ပြင်မရတဲ့ ပြဿနာမျိုးတော့ မဟုတ်ပါဘူး။ ခုပြောခဲ့တဲ့ အကြံပြုချက်တွေကို သေချာအချိန်ယူပြီး လိုက်နာမယ်ဆိုရင် အဆင်ပြေလာပါမယ်။ အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်တဲ့ကိစ္စမို့လို့ ကိုယ်က သုက်စောစောထွက်သွားမှာ စိတ်ပူနေလေလေ အဲဒီလို စောစောထွက်ဖို့က ပိုဖြစ်လေလေပဲ ဆိုတာကို ညေးတို့ကို သိစေချင်ပါတယ်။
ဒါကြောင့် စိတ်မပူပါနဲ့၊ အချိန်ယူပါ၊ ကိုယ့်အမျိုးသမီးကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ဆယ်ကျော်သက်လူငယ်တွေ အဖေ အမေ မိမှာကြောက်လို့ ခပ်မြန်မြန် အာသာဖြေတာမျိုး ရှောင်ပါ။ သတို့သားလောင်းတွေ ဒါမျိုးဖြစ်နေတယ်ဆို Pre-wedding မရိုက်ခင်မှာကတည်းက ကြိုတင်ပြင်ဆင်ပါ။
အပြာကားတွေ ကြည့်ပြီး အဲဒီထဲကအတိုင်း မဖြစ်ချင်ပါနဲ့။ အဲဒါတွေက ကြည့်သူကို ဖျော်ဖြေတဲ့အနေနဲ့ ရိုက်ထားတာပါ။ ငါက ဘယ်နှမိနစ်ကွ ဆိုပြီး ဂုဏ်ယူနေရအောင် ဒါက ဆီးဂိမ်းစ်ပြိုင်ပွဲလည်း မဟုတ်ပါဘူး။ အဓိကလိုအပ်တာက ဒီဆက်ဆံမှုကနေ ကိုယ်ရော ကိုယ့်အမျိုးသမီးရော ကျေနပ်မှုရဖို့ပဲ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၄.၁၁.၂၀၁၇
Ref : www.dred.com

No comments:

Post a Comment