ads bit

Pages

Friday, September 21, 2018

သွေးလှူတော့မယ်ဆို ရိုးသားပါ

သွေးလှူတော့မယ်ဆို ရိုးသားပါ


သွေးလှူတယ်ဆိုတာ အင်မတန်မှ မွန်မြတ်တဲ့ အလှူဒါနတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်၊ အဲ့ဒီလို အထိမ်းအမှတ်နေ့တွေမှာ ဒီလိုကုသိုလ်မျိုးကို ယူတတ်ကြတယ်။ သင့်သွေးဖြင့် အသက်ကယ်ပါ ဆိုတဲ့ ဆောင်ပုဒ်လိုပဲ သူတစ်ပါးရဲ့ အသက်ကို ကယ်ရာလည်းရောက်တယ်။ သွေးရောဂါရှင်တွေ၊ နောက်ပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ခွဲစိတ်ရတာမျိုးတွေမှာဆို သွေးက တကယ်လိုအပ်တာ။ လူနာရှင်တွေမှာ အရေးအကြောင်းဆို သွေးလှူရှင်ရှာရတာ ဒုက္ခတွေကိုရောက်လို့။ ဒီအတွက် ခုနောက်ပိုင်းမှာ သွေးလှူရှင်တွေ၊ သွေးလှူရှင်အသင်းတွေလည်း ခပ်များများပေါ်လာကြတယ်။ ၀မ်းသာစရာလည်း ကောင်းပါတယ်။

ဒါပေမယ့် အဲ့လိုသွေးလှူတော့မယ်ဆိုရင် သတိထားသင့်တာတစ်ခု ရှိတယ်။ အဲဒါ ဘာလဲဆိုရင် ကိုယ့်ရဲ့သွေးဟာ သန့်နေဖို့တော့ လိုတယ်ဆိုတာပဲ။ တစ်ဖက်လူရဲ့ ကျန်းမာရေးကို ကူညီပေးဖို့ ကိုယ်တိုင်အရင်ကျန်းမာအောင် လုပ်ရတယ်။ ပေါင်ချိန်နည်းလွန်းရင်၊ သွေးအားနည်းနေရင် စတဲ့ အခြေအနေမျိုးတွေဆို သွေးလှူလို့ မရနိုင်ဘူး။ အဲဒီလိုပဲ၊ ကျန်းမာကြံ့ခိုင်နေအောင်အပြင် ကိုယ့်ဆီမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနဲ့ HIV ပိုးတွေ ရှိမနေအောင်လည်း သတိထားရမယ်။ ဒါမှ ကိုယ့်အလှူက မွန်မြတ်မယ်၊ ကူညီရာရောက်မယ်၊ မဟုတ်ရင်တော့ ပိုပြီးတော့တောင် ဒုက္ခပေးသလို ဖြစ်သွားနိုင်သေးတယ်။

ဒါဆို ဘာတွေ သတိထားရမလဲ။ ဘီပိုး၊ စီပိုးကတော့ ကူးနိုင်တဲ့ပုံစံများတယ်။ ကာကွယ်ဖို့ကလည်း နည်းနည်းခက်တယ်။ လုပ်လို့ရနိုင်တာကတော့ ဘီပိုးအတွက်ဆို ကာကွယ်ဆေးထိုးထား။ နောက်ပြီး တက်တူးထိုးတာမျိုး မလုပ်နဲ့။ လုပ်မယ်ဆိုလည်း စိတ်ချရတဲ့နေရာမှာပဲ လုပ်။ ဘုရားပွဲလို၊ ပွဲဈေးလိုမျိုးမှာ သွားထိုးလိုက်ရင် ဒီပိုးတွေ ကူးသွားနိုင်တယ်။

နောက်တစ်ခုက လိင်မှုဆိုင်ရာနဲ့ ပတ်သက်ရင် စောင့်ထိန်းဖို့ပဲ။ လူတော်တော်များများ ကြောက်ကြတဲ့ HIV ပိုး ဆိုတာက ဒီလို အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် အဓိက ကူးစက်တယ်။ ဒါကြောင့် သွေးသန့်သန့်လှူချင်ရင် ကိုယ့်ရဲ့လိင်မှုကိစ္စကိုလည်း စောင့်ထိန်းသင့်တယ်။ မထိန်ုးနိုင်ဘူးဆိုလည်း ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လိုမယ်။ တစ်ခါတည်းပါ ဆိုပြီး ပေါ့လိုက်လို့ မရဘူး။

နောက်ပြီး HIV ပိုးမှာက Window period ဆိုတာ ရှိတယ်။ ဘာလဲဆိုတော့ ရောဂါပိုးကူးစက်ခံရပြီးချိန်နဲ့ သွေးစစ်ဆေးလို့ပေါ်တဲ့အချိန် ကြားကာလကို ခေါ်တာ။ များသောအားဖြင့် ၃ လ လို့ ပြောကြတယ်။ သဘောက အကာအကွယ်မဲ့ လိင်ဆက်ဆံမိလို့ဖြစ်ဖြစ် ရောဂါပိုးကူးသွားပြီဆိုရင် ချက်ချင်းသွေးစစ်ကြည့်၊ မပေါ်သေးဘူး၊ ၃ လနေလို့ စစ်မှပဲ ပေါ်နိုင်မယ်။ အဲဒါကိုမသိဘဲ ငါ့မှာ ရောဂါမရှိဘူးလို့ ထင်ပြီး လိင်ဆက်ဆံမိရင် အဲဒီလူဆီ ကိုယ့်ဆီကပိုး ကူးသွားမယ်။ သွေးလှူလိုက်ရင် လက်ခံတဲ့သူဆီ ပိုးကူးသွားမယ်။ ဒါကြောင့် ဒီလို ၃ လနေမှ ပေါ်နိုင်တယ်ဆိုတာကို သိထားဖို့ လိုတယ်။ မတော်တဆ အကာအကွယ်မဲ့ လိင်ဆက်ဆံထားမိတာ ရှိတယ်ဆိုရင် ဒီ ၃ လအတွင်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ လိုတယ်။ တစ်ခြားသူနဲ့ အကာအကွယ်မဲ့ ဆက်ဆံမှုမပြုဖို့၊ ဆက်ဆံခဲ့မယ်ဆိုလည်း ကွန်ဒုံးသုံးဖို့၊ နောက်ပြီး သွေးမလှူဖို့ အရေးကြီးတယ်။

ဆေးရုံတွေ၊ သွေးလှူဘဏ်တွေမှာ သွေးလှူမယ်ဆိုရင်တော့ မလှူခင် မေးခွန်းတွေမေးတယ်။ HIV ပိုးကူးစက်နိုင်ချေ ရှိမရှိ သိဖို့ပေါ့။ ဒါပေမယ့် များသောအားဖြင့်က အမှန်မဖြေကြဘူး။ ဥပမာ ကိုယ် ဘယ်တုန်းက အကာအကွယ်မဲ့ လိင်ဆက်ဆံမိတယ်၊ ပျော်ပါးမိတယ် ဆိုတာမျိုးပေါ့။ မရှိဘူး၊ မလုပ်ဘူးပဲ ဖြေလိုက်ကြတာပဲ။ သွေးစစ်ဆေးကြည့်တော့လည်း သွေးထဲမှာ ပိုးက ရှိမနေဘူး။ ဒီတော့ သွေးသန့်တယ်ဆိုပြီး တစ်ဖက်လူဆီ သွင်းလိုက်ကြတာပေါ့။ အဲဒီမှာတင်ပဲ ကိုယ့်ဆီက ပိုးက သူ့ဆီရောက်သွားမယ်။ ကိုယ့်ရဲ့သွေးကိုတောင် တကူးတက သွားလှူကြတဲ့ စိတ်ထားပိုင်ရှင်တွေဖြစ်လို့ ဘယ်သူမှတော့ ဒီလိုအခြေအနေမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက် သွေးသွင်းရင်း ဒီလိုကူးသွားတယ်ဆိုလည်း ဘယ်သူမဆို စိတ်မကောင်းဖြစ်ကြမှာပဲ။ ဒါကြောင့် ရိုးသားပါ။ ဒီလိုအခြေအနေမျိုး ရှိနေတယ်ဆို မလှူပါနဲ့။

နားတော့လည်ပါတယ်၊ ဘယ်သူကမှ ကိုယ် ဘယ်တုန်းက ပြည့်တန်ဆာနဲ့ ဆက်ဆံထားတယ် ဘာညာ ပြောထွက်မှာလဲ။ ဒါကြောင့် ကိုယ့်အခြေအနေကိုယ်သိရင် အကြောင်းတခုခုပြပြီး အစောကတည်းက ငြင်းပေါ့။ တခြားလှူနိုင်မယ့်လူနဲ့ ချိတ်ဆက်ပေးလိုက်ပေါ့။ ဒီလိုကြိုးစားပေးလိုက်တာသည်လည်း တကယ်တော့ ပရဟိတပါပဲ။ ကိုယ့်ဆီမှာ ရှိနေနိုင်တဲ့ ရောဂါပိုးကို တခြားလူဆီ မရောက်အောင် သတိထားပေးလိုက်တာသည်လည်း ပရဟိတပဲ။

အဲ့လိုအခြေအနေမျိုး၊ ကိုယ်အင်မတန်မွန်မြတ်တယ်လို့ ခံယူထားတဲ့ သွေးလှူဒါန်းခြင်းကို တစ်သက်လုံး ဘယ်တော့မှ လုပ်လို့မရတော့မယ့် အနေအထားမျိုး မဖြစ်ချင်ရင်တော့ ကိုယ့်ရဲ့လိင်မှုကိစ္စတွေကို သတိထားဆင်ခြင်ဖို့ လိုပါတယ်။ အကာအကွယ်မဲ့ ဆက်ဆံတာမျိုး လုံးဝမလုပ်မိဖို့ လိုတယ်။ ကိုယ့်ဆီကနေ ရောဂါပိုးကို ဖြန့်လိုက်သလို ဖြစ်သွားတာမျိုး မဖြစ်သွားဖို့လည်း ရိုးသားပါ။ HIV ပိုးမှာ လူ့ခန္ဓာကိုယ်ထဲ ၀င်သွားပေမယ့် သွေးစစ်လို့ မပေါ်နိုင်သေးတဲ့ ကြားကာလ (Window Period) ဆိုတာ ရှိမှန်း သိထားပါ။ နောက်ပြီး အန္တရာယ်ရှိ အပြူအမူလုပ်ပြီး ၃ လအတွင်း သွေးမလှူပါနဲ့။ ဘယ်သူနဲ့မှ အကာအကွယ်မဲ့ ဆက်ဆံတာမျိုး ထပ်မလုပ်ပါနဲ့။

အားလုံးကတော့ ကူညီချင်လို့ ဒီလိုသွေးလှူကြတာပါပဲ။ ဒါပေမယ့် သိထားရမှာတွေ မသိရင်၊ သတိထားရမှာတွေ မထားရင်တော့ ကိုယ့်ရဲ့ကူညီမှုက ဒုက္ခပေးသလို ဖြစ်သွားနိုင်တာမို့ ဒီဆောင်းပါးလေးရေးပြီး ပြောပြလိုက်ရတာပါပဲ။

ဒေါက်တာ ဖြိုးသီဟ

၁.၉.၂၀၁၈ ထုတ် Good Health ဂျာနယ် ပါ ဆောင်းပါး

No comments:

Post a Comment