ads bit

Pages

Friday, September 21, 2018

“သွေးထွက်မှ အပျိုစစ်သတဲ့လား

“သွေးထွက်မှ အပျိုစစ်သတဲ့လား
“သွေးထွက်မှ အပျိုစစ်သတဲ့လား”

ညေးတို့ရေ …

ဟိုတစ်လောက မိန်းကလေးတစ်ယောက် အစ်ကို့ဆီ ရင်လာဖွင့်ပါတယ်။ ဘာလဲဆိုတော့ သူနဲ့ သူ့အမျိုးသားနဲ့ မင်္ဂလာဦးညမှာ အတူနေကြတဲ့အခါ သူ့ခန္ဓာကိုယ်ကနေ သွေးမထွက်လို့ သူအပျိုမစစ်တော့ပါဘူး ဆိုပြီး ပြဿနာဖြစ်နေကြလို့ပါ တဲ့။ ဒါက တကယ်တော့ အစ်ကိုတို့ငယ်ငယ်ကလည်း ကြားဖူးခဲ့တာပါပဲ။ အပျိုစစ်ရင် ပထမဆုံး အတွေ့အကြုံမှာ သွေးထွက်တယ် တဲ့။ သွေးမထွက်ရင်တော့ မင်းတို့ခေါင်းမှာ ဂျိုသာ တပ်ထားပေတော့ ဆိုပြီး ပြောတာ ကြားဖူးခဲ့ကြတယ်။ တကယ်အဟုတ် လို့လည်း ထင်ခဲ့တာပဲ။ ကြီးလာလို့ ဗဟုသုတများလာတော့မှသာ ဒါဟာ မှားမှန်း သိခဲ့ရတာ။

အဲဒီအကြောင်းကို မရှင်းပြခင် ဘာကြောင့် သွေးထွက်တယ် ဆိုတာကို စရှင်းပြပါမယ်။ မိန်းကလေးတစ်ယောက်မှာ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ Hymen လို့ခေါ်တဲ့ အမြှေးပါးဆိုတာ ပါပါတယ်။ အဲဒီအမြှေးပါးလေးက မိန်းမကိုယ် (မိန်းမလိင်အင်္ဂါ) အဝရဲ့ ပတ်လည်မှာရှိပြီး မွေးလမ်းကြောင်းကို တစ်စိတ်တစ်ပိုင်း ဖုံးအုပ်ပေးထားတယ်။ ပုံစံမျိုးစုံနဲ့ ရှိနေနိုင်ပြီး အများအားဖြင့်တော့ အမြှေးပါးရဲ့ အလယ်မှာ အပေါက်ပါတယ်။ ဒီအပေါက်ကတစ်ဆင့် ရာသီသွေးဆင်းလာမယ်။ အဲဒီလိုအပေါက်လုံးဝမပါဘဲ မိန်းမကိုယ်အ၀တစ်ခုလုံးကို ဖုံးထားရင်တော့ ဒီမိန်းကလေးဟာ အပျိုဖြစ်ရင် ရာသီသွေးဆင်းမလာဘဲ ကိုယ်ခန္ဓာထဲမှာပဲ အောင်းနေမယ်။ ဒီအခါမှာ ကျန်းမာရေးအတွက် သူ့ရဲ့ အမြှေးပါးကို အပေါက်ဖောက်ပစ်တာမျိုး လုပ်ရပါတယ်။ မိန်းကလေးအနေနဲ့ ပထမဆုံးအကြိမ် လိင်ဆက်ဆံမှု ပြုလိုက်တဲ့အခါ အဲဒီအမြှေးပါးပေါက်သွားရင် သွေးထွက်လာတယ်၊ ဒါဆိုရင် ဒီမိန်းကလေးဟာ အရင်က အတွေ့အကြုံမရှိသေးဘူး၊ အပျိုစစ်တယ်၊ သွေးမထွက်ရင်တော့ သူဟာ တွေ့ကြုံခဲ့ပြီးပြီပေါ့၊ ဒီလိုသတ်မှတ်ကြတာ ဖြစ်ပါတယ်။

တကယ်တော့ ညေးတို့ မသိသေးတာက ဒီအမြှေးပါးဟာ ထိုးသွင်းဆက်ဆံမှ ပေါက်နိုင်တာမဟုတ်ဘဲ တခြားအကြောင်းရင်းတွေနဲ့လည်း ပေါက်နိုင်တဲ့အပြင် အချို့မိန်းကလေးတွေမှာဆို မွေးကတည်းကိုက အမြှေးပါး ပါမလာတတ်ကြဘူး ဆိုတာပါပဲ။

တခါတလေမှာ သူ့အလိုလိုပေါက်သွားနိုင်သလို၊ ဥပမာ လေ့ကျင့်ခန်းလုပ်တာ၊ စက်ဘီးစီးတာ၊ သစ်ပင်တက်တာ၊ တမ်ပွန် (မိန်းမကိုယ်အတွင်းထဲ ထည့်ပြီး အသုံးပြုရတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း) သုံးမိတာ၊ ကျန်းမာရေးစစ်ဆေးမှုတခုခု ခံယူဖူးတာ၊ မိမိဘာသာ တစ်ကိုယ်ရည်အာသာဖြေရင်းနဲ့ ဖြစ်သွားတာ စတဲ့အကြောင်းရင်းတွေကြောင့်လည်း ပေါက်သွားနိုင်တာမျိုး ရှိပါတယ်။ ပေါက်ပြီးသွားရင်လည်း အသစ်ပြန်မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ အမြှေးပါး ပေါက်နေခြင်း (ဆက်ဆံချိန်မှာ သွေးမထွက်တော့ခြင်း) ဟာ အမျိုးသမီးတစ်ယောက်ကို အပျိုမစစ်ပါဘူးလို့ ပြောဖို့အတွက် လုံလောက်မှု လုံးဝမရှိဘူးဆိုတာကို သိစေချင်ပါတယ်။ အစ်ကိုတို့ဆိုရင် တတ်နိုင်သလောက် “အပျိုမြှေး” ဆိုတဲ့ အသုံးအနှုန်းကိုတောင် ရှောင်ပါတယ်။ ဘာလို့ဆိုတော့ ဒီအမြှေးပါးဟာ အပျိုစစ်ခြင်း မစစ်ခြင်းအတွက် ဘာမှအထောက်အကူ မပြုလို့ပါပဲ။ မရှိတော့လည်း အပျိုမစစ်ဘူး ပြောမရသလို၊ ရှိနေလည်း အပျိုပါလို့ ၁၀၀ ရာခိုင်နှုန်း ပြောလို့မရဘူး။ ဘာလို့ဆိုတော့ ပေါက်သွားပြီးရင် သူ့အလိုလိုတော့ အသစ်ပြန်မဖြစ်ပေမယ့် ခွဲစိတ်ပြီး ပြန်လုပ်ရင် ရနေတာကိုး။

ဒါဖြင့် ညေးတို့က မေးပါမယ်။

အပျိုစစ်မစစ် ကျွန်တော်တို့က မသိရတော့ဘူးလား၊ လှည်းကျိုးထမ်းရတော့မှာလား ဒီလိုမေးလာပါမယ်။

အစ်ကိုဖြေပါရစေ …

တကယ်တော့ စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ခိုင်မြဲတဲ့ Relationship တစ်ခုကို တည်ဆောက်တဲ့နေရာမှာ အပျိုစစ်ခြင်း မစစ်ခြင်းက အဓိကမကျပါဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်ဖို့၊ တန်ဖိုးထားတာချင်း တူဖို့၊ အပြန်အလှန် လေးစားမှု၊ နားလည်မှုရှိုဖို့ကသာ ပိုလိုအပ်တာပါ။ ဒီလိုပြောလို့ လိမ်ခံညာခံရမယ်လည်း ဆိုလိုတာမဟုတ်ဘူး။ ဒါဆိုရင်တော့ ခုပြောသလို လှည်းကျိုးထမ်းရတာ ဖြစ်သွားမှာပေါ့။ အဓိကက ညေးတို့နဲ့ ညေးတို့ရဲ့ကောင်မလေးတွေကြားထဲမှာ ပွင့်လင်းမှုရှိုဖို့ပါပဲ။ ညေးတို့ကောင်မလေးရဲ့ စကား ယုံရလား မယုံရလားကတော့ ညေးတို့ဘာသာပဲ ဆုံးဖြတ်ရပါလိမ့်မယ်။ အပျိုစင်ဖြစ်မှ လိုချင်တယ်ဆို ညေးဟာ သူ့ကိုချစ်တာလား အပျိုစင်ဘ၀ ဆိုတာကြီးကို ချစ်တာလား ဆိုတာလည်း ပြန်သုံးသပ်ရလိမ့်မယ်။ ကိုယ်ကတော့ လူပျိုမစစ်တော့ပေမယ့် မိန်းကလေးကျမှ အပျိုစစ်တာ လိုချင်တယ်ဆိုရင်ရော မျှတပါရဲ့လား စဉ်းစားရပါလိမ့်မယ်။

ဒီပို့စ်လေးကတစ်ဆင့် အစ်ကို့ဘက်ကနေ ပြောချင်တာကတော့ ရှင်းပါတယ်။

ဒီလို “သွေးထွက်မှ အပျိုစစ်တယ်” ဆိုတဲ့အယူအဆအမှားကြီးကို ကိုင်စွဲထားရင်၊ အသေအချာ ထုဆစ်သွားရမယ့် တူနှစ်ကိုယ်ဆက်ဆံရေးမှာ မရေမရာ အဖုအထစ်တွေ ပေါ်လာနိုင်တယ် ဆိုတာပါပဲ။

ဒေါက်တာ ဖြိုးသီဟ

၁၇.၁၁.၂၀၁၇

No comments:

Post a Comment