ads bit

Pages

Friday, September 21, 2018

အလွှာပါးပေမယ့် ကမ္ဘာခြားသတဲ့လား

အလွှာပါးပေမယ့် ကမ္ဘာခြားသတဲ့လား
“အလွှာပါးပေမယ့် ကမ္ဘာခြားသတဲ့လား”

ညေးတို့ရေ …

အစ်ကို့ဆီကို တစ်ခါတုန်းက တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် ဆေးခန်းလာပြဖူးတယ်။ ဘာဖြစ်တာလဲဆိုတော့ လူငယ်တို့ထုံးစံအတိုင်း သူငယ်ချင်းမွေးနေ့မှာ KTV သွားသတဲ့။ အစကတော့ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ဒါပေမယ့် ဟိုရောက်တော့ တွေ့တဲ့ကောင်မလေးက တအားလန်းလည်း လန်းနေရော ကိုယ့်ဆရာက စိတ်ပါလာရော။ အဲဒါနဲ့ ‘ဒီတစ်ခါလေးပါပဲ ကောင်မလေးကလည်း သန့်မယ့်ပုံပါ’ ဆိုပြီး နေမိလိုက်တယ် တဲ့။ ခု အစ်ကို့ဆီ လာတာကတော့ သူ့လိင်အင်္ဂါကနေ ပြည်ထွက်လို့။ ဒါက ကာလသားရောဂါ လက္ခဏာပေါ့လေ။ ဒီရောဂါတောင် ၀င်နေမှတော့ HIV ပိုးလည်း ရှိချင်ရှိနေနိုင်တယ်ဆိုပြီး သွေးစစ်ကြည့်တော့ စိတ်မကောင်းစရာ။ သူ့ဆီမှာ အဲဒီပိုးရှိနေပြီ။ အဲဒီညီလေးခမျာ မျက်စိပျက် မျက်နှာပျက်။ ပိုစိတ်မကောင်းစရာတစ်ခုကို ပြောပြဦးမယ်။ သူက ဒီကြားထဲမှာ သူ့ကောင်မလေးနဲ့လည်း အတူနေထားသေးတယ် တဲ့။ သွားပြီ။ ဒီကောင်မလေးပါ ဘုမသိ ဘမသိနဲ့ ကူးသွားပြီ။ သူ့ကိုကြည့်ရင်း ငါ့ညီလေးနဲ့ ငါ့ညီမလေးသာဆိုရင် ဆိုတဲ့ အတွေးက အစ်ကို့ခေါင်းထဲ ၀င်လာတယ်။

ဒါကြောင့်မို့ အဲ့လိုအဖြစ်မျိုးတွေ မကြုံရလေအောင် ဒီဆောင်းပါးလေးကို ရေးဖြစ်ပါတယ်။

HIV ပိုးလို့ပြောလိုက်ရင် အားလုံး ကြားဖူးတယ်။ ဂဃနဏ သိလားဆိုတော့ မသိဘူး။ အဲဒါလေးကို ရှင်းပြမယ်။ ဒီပိုးက ခုခံအားကို ကျစေတယ်။ ပိုးဝင်ဝင်ချင်း လက္ခဏာမပြဘူး။ အချိန်ကာလ ၅ နှစ်ကနေ ၁၀ နှစ်လောက် ကြာတော့မှ ဒီပိုးဝင်သွားသူမှာ ခုခံအားတွေ ကျလာမယ်၊ ပိန်မယ်၊ ခဏခဏဖျားမယ်၊ ၀မ်းလျှောမယ်၊ တီဘီဖြစ်မယ် စသဖြင့် ဖြစ်လာမယ်။ ဒီတော့မှ ဒီလူ့မှာ HIV ပိုးရှိနေမှန်းသိမယ်။ ဒီမတိုင်ခင် သိဖို့က တစ်နည်းပဲရှိတယ်။ သွေးစစ်တာပဲ။ လူကိုကြည့်လိုက်ရုံနဲ့ ပိုးရှိတယ် မရှိဘူး ပြောလို့မရဘူး။ ဘယ်လောက်သန့်သန့် ဘယ်လောက်လှလှ။ နောက်ပြီး တစ်ကြိမ်တစ်ခါတည်းနဲ့လည်း ကူးသွားနိုင်တာမို့ ‘ရပါတယ်ကွာ ကောင်မလေးက သန့်ပါတယ်’ ဆိုတာမျိုးတွေ လုံးဝမလုပ်ကြဖို့ အရင်ဆုံး ပြောလိုပါတယ်။

အဲဒီတော့ ဘာလုပ်ရမလဲ။ သူတို့တွေကို ရှောင်ရတော့မှာလား။

ရှောင်နိုင်ရင် အကောင်းဆုံးပေါ့ ညေးတို့ရာ။ ဒါပေမယ့် ဘယ်လွယ်မလဲ၊ အစ်ကို သိတာပေါ့။ အဲဒီတော့ ဘာလုပ်ရမလဲဆို အကာအကွယ်ဆောင်ထားဖို့ပဲ။ ကိုယ်က ဒီလိုမထင်ရင် မထင်သလို ဖြစ်သွားတတ်တယ်ဆို ပိုလို့တောင် အိတ်ထဲမှာ ဆောင်ထားသင့်တယ်။ ဒါကို ၀ယ်ရမှာလည်း မရှက်နဲ့။ ပုထုဇဉ်လူသားမှန်ရင် လိင်ကိစ္စ ဆိုတာရှိတယ်။ ညေးတို့ကို ရယ်နေတဲ့သူတွေမှာလည်း ရှိတယ်။ ဒီတော့ မရှက်နဲ့။ ကိုယ့်ကျန်းမာရေးအတွက် ၀ယ်ရတယ်လို့ သဘောထား။ မိန်းကလေးတွေ လစဉ်သုံးပစ္စည်း ၀ယ်သလိုပေါ့ကွာ။ ရှက်လွန်းသပ ဆိုလည်း အွန်လိုင်းကနေ လှမ်းမှာဝယ်။

ဒီကွန်ဒုံးက ဘယ်လောက်တောင် အကျိုးကျေးဇူးးရှိလဲဆို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေလည်း ကာကွယ်ပေးတယ်။ ကိုယ်ဝန်ရမှာကိုလည်း စိုးရိမ်စရာ မလိုဘူး။ အပြင်က မိန်းကလေးနဲ့လည်း သုံး။ ကိုယ့်ကောင်မလေးနဲ့ နေဖြစ်ရင်လည်း သုံး။ လိင်ဆက်ဆံတိုင်းမှာ သုံး။ အဲဒါ အကောင်းဆုံးပဲ။ အသုံးပြုရတာလည်း လွယ်လွယ်လေး။ မသိရင် Youtube မှာ သွားကြည့်ထားလို့ရတယ်။ ဗီဒီယိုတွေမှ ပေါမှပေါ။ (ဂျပန်ကတုံး၊ အင်္ဂလိပ်ကတုံးတို့နဲ့ပဲ အချိန်မကုန်စေနဲ့) အဓိက မှတ်ဖို့ကတော့ စပြီး အတူနေကတည်းက စွပ်၊ ပြီးခါနီးမှ စွပ်မယ်မလုပ်နဲ့။ နောက် စိတ်အပူလွန်ပြီးလည်း နှစ်ထပ်မစွပ်နဲ့။ အဲဒါက ကွန်ဒုံးပိုပေါက်တတ်တယ်။

ဟုတ်ပြီ။ အဲဒီလို အကာအကွယ်သုံးပါဆို ညေးတို့မှာလည်း အခက်အခဲလေးတွေ ရှိတယ်။ တစ်ခါတစ်လေမှာ ဘယ်လိုကြုံရနိုင်လဲဆို စိတ်က တအားပြင်းထန်နေပြီ၊ မိန်းကလေးကလည်း ရှိနေတယ်၊ ဒီကွန်ဒုံးသာ မရှိတာ။ ညကလည်း ညဖက်၊ ၀ယ်လို့မရတော့ဘူး။ ဘယ်လိုလုပ်ရမလဲ။ အစ်ကိုပြောပြီးသား။ တစ်ခါတည်းပါ လို့ ဘယ်တော့မှ မတွေးလိုက်နဲ့။ စိတ်ကလည်း တအားပြင်းထန်နေတယ်ဆို ထိုးသွင်းဆက်ဆံခြင်း မဟုတ်တဲ့ တခြားနည်းတွေရှိတယ်။ လက်နဲ့လုပ်တာ၊ ရင်သားနဲ့လုပ်တာ၊ ဒီနည်းတွေနဲ့ အစားထိုးထွက်ပေါက်ပေးလိုက်။

နောက်တစ်ခု ညေးတို့အများစု ပြောတတ်တာ ရှိသေး။ ဘာတဲ့ အလွှာပါးပေမယ့် ကမ္ဘာခြားသတဲ့။ ပိုးမကူးစက်အောင် တစ်ယောက်နဲ့တစ်ယောက် မထိတွေ့ဖို့ ကြားခံအနေနဲ့ သုံးရတာမို့ တိုက်ရိုက်တော့ ထိတွေ့နေမှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ရော ကိုယ့်အဖော်အတွက်ပါ ကျေနပ်မှုကို အပြည့်အ၀ရလိမ့်မယ်။ နောက်ပိုင်း ကွန်ဒုံးတွေဆို တော်တော်လေးကိုမှ ပါးလာပြီမို့ ကျေနပ်မှုကို ဘာမှကိုမထိခိုက်တော့ဘူးလို့တောင် ဆိုလာကြပါတယ်။

နောက်ဆုံးအနေနဲ့ တစ်ခုထပ်ပြောချင်ပါတယ်။

အိမ်ထောင်သည်အမျိုးသမီးတွေ၊ မိန်းကလေးတွေဆီ HIV ပိုးကူးစက်ရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ ညေးတို့သိလား။

သူတို့ရဲ့ အိမ်ထောင်ဖက်၊ သူတို့ရဲ့ ချစ်သူရည်းစားတွေဆီကတစ်ဆင့် ကူးစက်တာပဲ။ သူတို့က အပြင်မှာ ရှုပ်ပွေလာတယ်။ ကိုယ့်မိန်းမ၊ ကိုယ့်ကောင်မလေးကို ပွင့်ပွင့်လင်းလင်း မပြောဘူး။ အတူနေတယ်။ ဒီတော့ ကိုယ့်ဆီက ရောဂါ သူတို့ဆီကို ကူးတယ်။ အစ်ကိုသိတယ်၊ ကိုယ့်ချစ်တဲ့သူကို ဒီလိုကူးသွားစေချင်တဲ့ စိတ်ဓါတ်မျိုး ညေးတို့ဆီမှာ မရှိဘူး။ ဒီတော့ ဘာလုပ်ရမလဲဆိုရင် ကိုယ့်လိင်မှုကိစ္စကို စောင့်ထိန်း။ မစောင့်ထိန်းနိုင်ရင် အကာအကွယ်အမြဲသုံး။ မသုံးလိုက်ရဘူးဆိုလည်း ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို ပွင့်ပွင့်လင်းလင်း ပြောပြ။ ပြီးရင် သွေးစစ်ကြည့်။ ဒီအခြေအနေထိ မရောက်စေချင်လို့ ရေးနေတာမို့ အကောင်းဆုံးကတော့ ကိုယ်တိုင်ရောဂါမကူးဖို့အတွက် သုံးပါ။ ကိုယ့်ဆီကနေ ကိုယ့်ကောင်မလေးဆီ ရောက်မသွားအောင် တာဝန်သိတဲ့အနေနဲ့ သုံးပါ။

ဒီပိုးဟာ တစ်ကြိမ်တစ်ခါတည်းနဲ့လည်း ကူးစက်သွားနိုင်သလို၊ အရှင်းပျောက်ကင်းအောင်လည်း ဒီနေ့ထိ မကုနိုင်သေးတာမို့ အမြဲသတိရှိနေဖို့ လိုပါတယ်။ “အလွှာပါး”ပေမယ့် “ကမ္ဘာခြား”တယ် ဆိုတဲ့အတွေးကို ဒီနေ့ကစ ထုတ်ပစ်လိုက်ပါ၊ အဲဒါက ညေးတို့အတွက် နောင်တစ်ချိန်မှာ “မဟာအမှား” ဖြစ်လာစေပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ

၁.၁၂.၂၀၁၇

No comments:

Post a Comment