ads bit

Pages

Friday, September 21, 2018

အတွေ့ရများသော ပုံမှန်မဟုတ်သည့် လိင်ဆန္ဒ ၁၀ မျိုး

အတွေ့ရများသော ပုံမှန်မဟုတ်သည့် လိင်ဆန္ဒ ၁၀ မျိုး
“အတွေ့ရများသော ပုံမှန်မဟုတ်သည့် လိင်ဆန္ဒ ၁၀ မျိုး”


(အသက် ၁၅ နှစ်အောက် မဖတ်ရ)

အားလုံးသိတဲ့အတိုင်း၊ လိင်ဆန္ဒဆိုတာ လူသားတွေအားလုံးမှာ ရှိပါတယ်။ ဒါက ရှက်စရာ မဟုတ်သလို၊ အပြစ်လည်း မဟုတ်ပါဘူး။ သာမန်အားဖြင့် ယောကျာ်းနဲ့မိန်းမ ချစ်ကြိုက်တယ်၊ လက်ထပ်ပေါင်းသင်းတယ်၊ အတူနေတယ်။ ဒါပေမယ့် အဲဒီလိုမရိုးရှင်းတဲ့ အဖြစ်အပျက်ဆန်းတွေအကြောင်း အစ်ကိုတို့ ကြားဖူးကြတယ်၊ ဇာတ်ကားတွေ၊ စာအုပ်တွေထဲမှာ တွေ့နေရတယ်။ ဒီဆောင်းပါးမှာတော့ အဲ့လို ပုံမှန်လို့ လူတွေသတ်မှတ်ထားကြတဲ့ ဆက်ဆံမှုတွေကနေ သွေဖယ်နေတဲ့ ဆန္ဒတွေ၊ အပြုအမူတွေအကြောင်း ပြောပြချင်ပါတယ်။

၁။ Exhibitionism

ဒါက သူ့ရဲ့လိင်အင်္ဂါကို တခြားလူမြင်အောင် ပြတာမျိုးပါ။ ရပ်ကွက်ထဲမှာဆို စိတ်မနှံ့သူတွေ လုပ်တယ်လို့ ထင်ကြတဲ့ အပြုအမူမျိုးပေါ့။ တခြားလူမြင်အောင် ပြတာက Sex chat ရင်းနဲ့ ပြတာမျိုး မဟုတ်ဘဲ၊ သူနဲ့ ရင်းနှီးကျွမ်းဝင်ခြင်း မရှိတဲ့၊ ကြည့်လည်းမကြည့်ချင်တဲ့သူတစ်ယေက်ကို ပြတာပါ။ တစ်ခါတစ်လေမှာဆို အာသာဖြေပြတာမျိုးအထိ လုပ်ပြတတ်တယ်။ သူတို့ဟာ လူကိုယ်တိုင်တော့ ဘာမှလာမလုပ်ဘူး၊ ပြပဲပြတာ။ အဲ့လိုပြလိုက်လို့ တစ်ဖက်က ပြန်ကြည့်တာ၊ အံ့သြသွားတာ၊ အဲဒါမျိုးတွေကိုပဲ သူတို့က သာယာတာဖြစ်ပါတယ်။ များသောအားဖြင့် ယောကျာ်းတွေမှာပဲ တွေ့ရတတ်ပါတယ်။

၂။ Fetishism

ဒါကတော့ လူနဲ့မဟုတ်ဘဲ ပစ္စည်းတစ်ခုခုနဲ့ လိင်ဆန္ဒပြည့်ဝတာမျိုး ဖြစ်ပြီး ယောကျာ်းလေးတွေမှာပဲ တွေ့ရတတ်ပြန်ပါတယ်။ များသောအားဖြင့် ခါးအောက်ပိုင်းမှာ ၀တ်ဆင်တဲ့ အ၀တ်အစား (Stocking တို့၊ စကတ်တို့လိုမျိုး)၊ ဖိနပ်၊ အတွင်းခံ စတာတွေကို သုံးပြီး လိင်စိတ်ဖြေတာမျိုးပါ။ အမျိုးသမီးတစ်ယောက်ယောက်ရဲ့ အတွင်းခံတို့၊ လုံချည်တို့ကို တိတ်တိတ်လေး ခိုးထားတယ် ဆိုတာတွေ ကြားဖူးကြမလားတော့ မသိဘူး။ အဲဒါတွေက ဒီလိုမူမမှန်တဲ့ ပြဿနာရှိနေလို့ပါပဲ။

၃။ Frotteurisme

ဒီအပြုအမူက တစ်ဖက်လူရဲ့ လိုအင်ဆန္ဒမပါဘဲ သူ့ရဲ့လိင်အင်္ဂါနဲ့ ပွတ်သပ်တာမျိုး ဖြစ်ပါတယ်။ ဘတ်စ်ကားတွေပေါ်မှာ (တည့်တည့်ပြောရရင်) ထောက်လှမ်းရေးလုပ်တယ် ဆိုတာ ဒါပါပဲ။ ရုတ်တရက် စဉ်းစားရင် ဘာမှလည်းမဟုတ်ဘူး ထင်ရပေမယ့် တကယ်က သူတို့ဟာ အဲ့လိုပွတ်သပ်ထိတွေ့ရတာကိုပဲ သာယာမှုယူကြတာပါ။

၎။ Pedophilia

ဒါကတော့ ပြဿနာတော်တော်ကြီးပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ ဆက်ဆံရတာကို ကျေနပ်တာပါ။ ဒီနေ့ခေတ် အစ်ကိုတို့ဆီမှာ ကြားနေရတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ဆက်စပ်နေနိုင်တယ်။ တစ်ခါတစ်လေ ၁၃ နှစ်အရွယ် လူပျိုပေါက်က ၈ နှစ်အရွယ် ကလေးလေးကို လုပ်တာမျိုး၊ ပြင်းပြနေတဲ့ လိင်ဆန္ဒကို ကလေးဆီ ထွက်ပေါက်ပေးလိုက်တာမျိုးတွေကျ ဒီထဲမှာ အကြုံးမ၀င်ပါဘူး။ သတ်မှတ်ချက်အရ အသက် ၁၆ နှစ်ကျော်ပြီး ပြုကျင့်ခံရသူထက် အနည်းဆုံး ၅ နှစ်ကြီးတဲ့သူမျိုး၊ ကလေးနဲ့ ဆက်ဆံရတာကိုပဲ ကြိုက်နေတာမျိုး၊ အပြာကားကြည့်တာတောင်မှ ကလေးးကို အဲ့လိုလုပ်တဲ့ကားတွေပဲ ကြည့်ချင်တာမျိုး ဆိုရင်တော့ ဒီလိုအခြေအနေ ရှိနေပြီလို့ သတ်မှတ်နိုင်ပါတယ်။ သူတို့တွေဟာ ကလေးနဲ့ ရင်းနှီးကျွမ်းဝင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သိကြတာမို့ သိပ်သတိထားဖို့ လိုပါတယ်။

၅။ Sexual sadism

ဒါကတော့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုး မဟုတ်ဘဲ၊ ဆက်ဆံဖက်ကို နာကျင်အောင်လုပ်ရတာကို သာယာတာ ဖြစ်ပါတယ်။ နာကျင်အောင် ရိုက်နှက်တာ၊ ဆံပင်ဆွဲဆောင့်တာ၊ ကြာပွတ်နဲ့ ရိုက်တာ၊ ဓါးနဲ့မွှန်းတာ၊ သိပ်ဆိုးသွားရင် လူသတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

၆။ Sexual masochism

ဒါကတော့ နံပါတ် ၅ နဲ့ပြောင်းပြန်ပါ။ လိင်ဆက်ဆံတဲ့အခါ သူတို့ခန္ဓာကိုယ်မှာ နာကျင်ရတာကို ကြိုက်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ အဲဒီနံပါတ် ၅ နဲ့ ၆ က လူတစ်ယောက်တည်းမှာပဲ ရှိနေနိုင်သလို ယောကျာ်း၊ မိန်းမ၊ လိင်တူ၊ လိင်ကွဲ ဘယ်သူ့မှာမဆို ရှိနေနိုင်ပါတယ်။ လိင်ဆက်ဆံလို့ နာကျင်တာထက် သူတို့ဟာသူတို့ဖြစ်ဖြစ်၊ ဆက်ဆံဖော်ကဖြစ်ဖြစ် လုပ်တဲ့ နာကျင်မှုတွေကို သာယာကြတာမျိုးပါ။ အယောက် ၂၀ မှာ ၁ ယောက်နှုန်းလောက်က မိန်းကလေး ဖြစ်နေတာကို တွေ့ရတယ်လို့ တွေ့ရှိချက်တစ်ခုအရ သိရပါတယ်။

၇။ Transvestic fetishism

ဒီအပြုအမူကတော့ ယောကျာ်းတစ်ယောက်က မိန်းမပုံစံ၊ မိန်းမက ယောကျာ်းပုံစံ ၀တ်စားပြီး (Cross dressing လုပ်ပြီး) လိင်ဆက်ဆံတာမျိုးပါ။ အပျော်သဘော မဟုတ်ဘဲ လိင်ဆန္ဒပြည့်ဝဖို့အတွက် ၀တ်ဆင်တာမျိုး ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်ချင်တဲ့သူတွေ၊ လိင်ပြောင်းချင်တဲ့သူတွေပဲ ဖြစ်တာမဟုတ်ဘဲ လိင်ကွဲဆက်ဆံတဲ့ ယောကျာ်းတွေမှာလည်း တွေ့ရတတ်တယ်။ သူတို့က အမျိုးသမီးဝတ်တွေ ၀ယ်ချင်ဝယ်မယ်၊ ခိုးချင်ခိုးမယ်၊ ပြီးတော့မှ အဲ့ဒီအတိုင်း ၀တ်စားပြီး ဆက်ဆံတာ၊ အာသာဖြေတာမျိုး ဖြစ်ပါတယ်။

၈။ Voyeurism

ဒါကတော့ ပြင်သစ်စာလုံး Voyeur ဆိုတဲ့ စာလုံးက လာတာပါ။ အဓိပ္ပါယ်က One who looks ကြည့်နေတဲ့သူ လို့ ဆိုလိုပါတယ်။ သဘောက တစ်ယောက်ယောက် အ၀တ်အစားလဲနေတာ၊ အ၀တ်အစား မပါဘဲ ဖြစ်နေတာ၊ လိင်ဆက်ဆံနေတာကို ချောင်းကြည့်ရင်း ဆန္ဒပြည့်ဝကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်အဖော်ကို အာသာဖြေခိုင်းပြီး ထိုင်ကြည့်တာ (အံ့သြစရာဆိုရင် ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်အဖော်ကို တစ်ခြားတစ်ယောက်နဲ့ ဆက်ဆံခိုင်းပြီး သူက ထိုင်ကြည့်၊ အာသာဖြေတာ) မျိုးတွေလည်း ဒီထဲ အကြုံးဝင်တယ်။ သူတို့ဟာ လိင်ဆက်ဆံဖို့ထက် ကြည့်ရတာကို ပိုပြီး စိတ်အားထက်သန်တတ်ပါတယ်။

၉။ Zoophilia

ဒါကတော့ ခွေးလို အိမ်မွေးတိရစ္ဆာန်၊ ဆိတ်၊ သိုး၊ မြင်းတို့လို မွေးမြူထားတဲ့ တိရစ္ဆာန်တွေနဲ့ ဆက်ဆံတာမျိုးကို ခေါ်တာဖြစ်ပါတယ်။ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဥပဒေတွေ သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာတော့ ဒီအပြုအမူက ဥပဒေချိုးဖောက်ရာ ရောက်ပါတယ်။

၁၀။ Necrophilia

ဒီနောက်ဆုံးတစ်ခုကတော့ လူသေတွေနဲ့ ဆက်ဆံရတာကို ကျေနပ်တတ်တာမျိုးပါ။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာ (ကိုယ့်ကိုယ်ကိုယ် လေးစားမှုပျောက်ဆုံးနေတဲ့အတွက် သူကျိန်းသေအနိုင်ရမယ့်၊ သူ့ကို ဘာမှပြန်မလုပ်နိုင်တဲ့ လူသေကို ရွေးတာ) ဘ၀မှာ ဆိုးဆိုးရွားရွား ငြင်းပယ်ခံရဖူးတာ၊ ဒီတော့ သူ့ကို ဘယ်လိုမှ မငြင်းပယ်နိုင်တဲ့ လူသေကို ဆက်ဆံဖို့ ရွေးချယ်လိုက်တာ၊ နောက်တစ်ခုက အထီးကျန်လွန်းလို့ လူသေကို ချစ်သူအနေနဲ့ သတ်မှတ်ထားတာ၊ နောက်ဆုံးတစ်ခုကတော့ ဆက်ဆံကြည့်ရင်းနဲ့မှ ကြိုက်သွားတာ၊ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

တခြားပုံမှန်မဟုတ်တဲ့ အပြုအမူတွေ အများကြီးရှိပါသေးတယ်။ ဒီ ၁၀ ခုကတော့ အတွေ့ရများတဲ့ ပြဿနာတွေပါ။ ဘာလို့ ညေးတို့ဖတ်ဖို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရေးရတာလဲဆိုတော့ ဒီလိုပုံမှန်မဟုတ်တဲ့ ဆန္ဒ၊ ပုံမှန်မဟုတ်တဲ့ ဆက်ဆံပုံတွေဟာ ယောကျာ်းလေးတွေမှာ အတွေ့များလို့ပါပဲ။

တကယ်က 18+ ဓါတ်ပုံဖြစ်ဖြစ်၊ ဗီဒီယိုဖြစ်ဖြစ် ကြည့်ချင်ကြတယ်၊ ကြည့်ရင် လိင်ဆန္ဒဖြစ်တယ်။ လှတဲ့ ကောင်မလေးတွေ့ရင် ငေးကြတယ်။ ဆယ်ကျော်သက်တစ်ချို့ဆို ကောင်မလေးတွေ၊ အမျိုးသမီးတွေ ရေချိုးနေတာ၊ အ၀တ်အစားလဲနေတာ ချောင်းကြည့်ကြတယ်၊ ဒါတွေက ပုံမှန်လို့ယူဆရတဲ့ အပြုအမူနဲ့ လိင်ဆန္ဒတွေပါပဲ။ အဲဒီလိုမဟုတ်ဘဲ ခုပြောထားသလို ဖြစ်နေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။

ဒီ ၁၀ မျိုးစလုံးဟာ ပြစ်မှုမြောက်နေတာ မဟုတ်သလို၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်း ဥပဒေပြဌာန်းထားမှုအရ မတူကြပါဘူး။ ဒါပေမယ့်လည်း ဥပဒေအရ အပြစ်မရှိဦးတော့ လူမှုရေးပြဿနာတွေတော့ ရှိနိုင်ပါတယ်။

အစ်ကိုတို့ မြန်မာနိုင်ငံမှာတော့ နံပါတ်တစ် အမျိုးအစားဖြစ်တဲ့ Exhibitionism က ပြစ်မှုမြောက်တယ်။ သူ့ဟာသူပဲ လုပ်နေတာဆိုပေမယ့် အနှောင့်အယှက်ဖြစ်စေလို့ပါ။ ထောင် ၃ လ လို့ သိရတယ်။ နောက်တစ်ခုက ကလေးကိုမှ ဆက်ဆံချင်တဲ့ Pedophilia ။ ဒါကတော့ သိတဲ့အတိုင်း သိပ်အန္တရာယ်ကြီးပါတယ်။ ကလေးအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော၊ ကိုယ်တိုင်အတွက်ရောပေါ့။ ပွတ်သပ်တာ၊ ချောင်းကြည့်တာတွေကလည်း လိင်အကြမ်းဖက်မှု မြောက်ပါတယ်။ အ၀တ်အစားတွေ သွားခိုးမိတာ၊ တိရစ္ဆာန်တို့၊ လူသေတို့နဲ့ ဆက်ဆံတာတွေကတော့ ပြစ်မှုမမြောက်ပေမယ့် လူမှုရေးပြဿနာတွေ ပေးနိုင်ပါတယ်။ နောက်ပြီး နာကျင်ရတာကို ကြိုက်တာနဲ့ နာကျင်အောင် လုပ်ရတာကလည်း ဆိုးရင်ဆိုးသလောက် ကျန်းမာရေး၊ လူမှုရေးပြဿနာတွေ ပေးနိုင်တယ်။

ဒီဆောင်းပါးရေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီလိုမူမမှန်တဲ့ လိင်ဆက်ဆံပုံတွေအကြောင်း ဗဟုသုတ ရစေဖို့ရယ်၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ပိုမိုနားလည်စေဖို့ရယ်နဲ့ ကိုယ့်မှာ ဒီလိုပြဿနာတွေထဲက တစ်ခုခုရှိနေရင်လည်း လိုအပ်တဲ့ ဆွေးနွေးကုသမှု ခံယူနိုင်ဖို့ရယ်ပါပဲ။

ဒေါက်တာ ဖြိုးသီဟ

၂၇.၄.၂၀၁၈

Ref : 10 types of sexual behavior deviation – World Health Medicine

No comments:

Post a Comment