ads bit

Pages

Saturday, September 22, 2018

အမျိုးသမီးသားကြောဖြတ်ခြင်း အကြောင်း (Female sterilization)

အမျိုးသမီးသားကြောဖြတ်ခြင်း အကြောင်း (Female sterilization)
၁။ အဲဒါ ဘာလဲ

အမျိုးသမီးရဲ့ သားဥပြွန်ကို ဖြတ်ခြင်း၊ ဒါမှမဟုတ် ကလစ်နဲ့ညှပ်ပြီး ပိတ်ဆို့ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ရာသက်ပန် ကိုယ်ဝန်တားနည်း (Permanent method) တစ်ခု ဖြစ်ပြီး အသေးစားခွဲစိတ်မှု လုပ်ရပါတယ်။ အမျိုးသားတွေလည်း သားကြောဖြတ်လို့ ရပေမယ့် ဒီနိုင်ငံမှာတော့ ခွင့်မပြုထားပါဘူး။

၂။ အလုပ်လုပ်ပုံ

အပျိုဖြစ်လာတဲ့အချိန်ကစပြီး သွေးဆုံးချိန်အထိ သားဥအိမ်ကနေ မမျိုးဥ တစ်လတစ်ခါကို ကြွေပါတယ်။ အဲဒီ ကြွေလာတဲ့ မမျိုးဥလေးက သားဥပြွန်ကတစ်ဆင့် သုက်ပိုးနဲ့သွားပေါင်းပြီး သန္ဓေအောင်တယ်၊ ကိုယ်ဝန်ရပါတယ်။ ခုလို သားဥပြွန်ကို ဖြတ်တောက်လိုက်တဲ့အခါမှာတော့ မမျိုးဥလေးဟာ သုက်ပိုးနဲ့သွားမပေါင်းနိုင်တော့ဘူး။ ဒီအခါမှာ ကိုယ်ဝန်လည်း မရနိုင်တော့ပါဘူး။

၃။ ဘယ်လိုအသုံးပြုရတာလဲ

အသေးစား ဗိုက်ခွဲမှုပြုလုပ်ပြီးလည်း သားကြောဖြတ်နိုင်သလို၊ ခုနောက်ပိုင်းမှာ မှန်ပြောင်း (Laproscope) ကတစ်ဆင့် ဖြတ်တာမျိုးတွေလည်း လုပ်လာကြပါပြီ။

၎။ ထိရောက်မှု

အထိရောက်ဆုံး ကိုယ်ဝန်တားနည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သားကြောဖြတ်ပြီးရင် လုံးဝစိတ်ချရပြီလားဆိုတော့ မဟုတ်ပါဘူး၊ ဖြတ်ပြီးတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနိုင်ချေက အယောက် (၁,၀၀၀) မှာ ၅ယောက် ရှိပါတယ်။ ကိုယ်ဝန်ရှိနေတာကို မသိဘဲ သားကြောဖြတ်လိုက်ပြီးမှ သိတာ၊ ဖြတ်ပေးသူရဲ့မှားယွင်းမှုကြောင့်ဖြစ်တာ၊ တချို့မှာတော့ သားဥပြွန်မှာ အပေါက်ပြန်ပေါ်လာတာမျိုးကြောင့် ကိုယ်ဝန်ရတတ်တာပါ။

ရာသက်ပန်နည်းလမ်းဖြစ်တဲ့အတွက် သားကြောဖြတ်ပြီးရင် ပြန်ပြင်ဖို့တော့ မလွယ်ပါဘူး။ လုပ်ရတဲ့ခွဲစိတ်မှုက သိပ်ခက်သလို၊ ကုန်ကျစရိတ်လည်း များတယ်။ လုပ်ပေးနိုင်သူလည်း ရှားတယ်။ နောက်ပြီး လုပ်လို့ရခဲ့ရင်လည်း ကိုယ်ဝန်ပြန်ရဖို့ ခက်တယ်။

၅။ အားသာချက်တွေက ဘာတွေလဲ

– ကလေးမလိုချင်တော့ဘူးဆိုရင် စိတ်ချလက်ချ အသုံးပြုလို့ရတယ်။ အလုပ်ရှုပ်သက်သာတယ်။

– ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံရဘူး။

၆။ အားနည်းချက်တွေက ဘာတွေလဲ

– အသေးစားခွဲစိတ်မှု လုပ်ရမယ်။ ဖြစ်ခဲပါတယ်ဆိုပေမယ့် ဒါရဲ့နောက်ဆက်တွဲ ပြဿနာတွေ ရှိတတ်တယ်။

– လက်ရှိအနေအထားအရ ဆရာဝန်နဲ့ ကိုယ်နဲ့တင် မပြီးဘူး၊ ဘုတ်အဖွဲ့ဆီ ခွင့်ပြုချက်တင်ရတယ်

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဘေးထွက်ဆိုးကျိုးရယ်လို့ မရှိဘဲ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာများသာ ကြုံရတာမျိုး ရှိတတ်ပါတယ်။

၈။ သားကြောဖြတ်ဖို့အတွက် လိုအပ်ချက်များ

ဒီအချက် (၁၀)ချက်ထဲက တစ်ချက်ချက်နဲ့ ပြည့်စုံရင် သားကြောဖြတ်ဖို့ ခွင့်ပြုချက်ရနိုင်ပါတယ်။

ယခင်က နှစ်ခါခွဲမွေးထားဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး
ဒေါင်လိုက်ခွဲစိတ်မှု တစ်ခါပြုလုပ်ဖူးသူ
ကလေး(၅)ယောက်နဲ့အထက် မွေးဖူးသူ (အသက်ဘယ်လောက်ဖြစ်ဖြစ်)
အသက်(၃၅)နှစ် အမျိုးသမီး၊ ကလေးများများ မွေးဖူးထားပြီး လက်ရှိမှာ သက်ရှိထင်ရှား ကလေး (၃)ယောက် ရှိနေရင်
အသက် (၃၈)နှစ် အမျိုးသမီး၊ ကလေးများများ မွေးဖူးထားပြီး လက်ရှိမှာ သက်ရှိထင်ရှား ကလေး (၂)ယောက် ရှိနေရင်
အသက် (၄၀)နှစ် အမျိုးသမီး၊ လက်ရှိမှာ သက်ရှိထင်ရှား ကလေး (၁)ယောက် ရှိနေရင်
ထပ်ထပ်ပြီး ဖြစ်နိုင်ချေများတဲ့ မျိုးဗီဇနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခု အရင်ကလေးမှာ ဖြစ်ဖူးတယ်ဆိုရင်
ကိုယ်ဝန်ထပ်မဆောင်သင့်တဲ့ ရောဂါတစ်ခုခု ရှိနေရင်
မိခင်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ မီးယပ်ရောဂါတစ်ခုခု ရှိနေရင်
ကိုယ်ဝန်ထပ်မဆောင်သင့်တဲ့ မီးဖွါးခြင်းဆိုင်ရာ အရေးပေါ်အခြေအနေမျိုး ရှိဖူးရင်
သားကြောဖြတ်မယ်ဆိုရင်တော့ အမျိုးသမီးရော သူ့အမျိုးသားပါ ဖောင်ဖြည့်ရတယ်။ နောက် ဆရာဝန်တစ်ယောက်ရဲ့ ထောက်ခံချက် လိုတယ်။ ပြီးသွားရင်တော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို ဘုတ်အဖွဲ့ဆီ တင်ရပါတယ်။ ပြီးသွားရင်တော့ ဘုတ်အဖွဲ့က သင့်တော်တယ်လို့ ဆုံးဖြတ်ပေးလိုက်ပြီဆိုရင် သားကြောဖြတ်လို့ ရပါပြီ။

Ref ; စာအမှတ် ကုသ-၂/က-၂၄/၂၀၁၃/၁၄၄၅ ; အောက်တိုဘာ ၃၁၊ ၂၀၁၃ ရက်စွဲ၊ ကျန်းမာရေးဦးစားဌာန၊ ကျန်းမာရေးဝန်ကြီးဌာန (အစည်းအဝေးမှတ်တမ်း ၃၄/၂၀၁၃)

၉။ လွဲမှားတဲ့ အယူအဆများ

-၀တတ်တယ် ဆိုတာ မဟုတ်ပါဘူး။ အမျိုးသမီးရဲ့ ပုံပန်းသွင်ပြင်၊ ကိုယ်အလေးချိန်၊ လိင်ဆက်ဆံလိုစိတ်တွေအပေါ်မှာ ဘာမှပြဿနာ မပေးပါဘူး။

-နေရာမှားသန္ဓေတည်တာကိုလည်း လျော့ကျစေပါတယ်။ နေရာမှားသန္ဓေတည်တယ် ဆိုတာက သန္ဓေအရင်အောင်တယ်၊ ပြီးမှ သားအိမ်မှာ သန္ဓေမတည်ဘဲ သားဥပြွန်လို တခြားနေရာမှာ သွားတည်တာကို ခေါ်တာပါ။ အခုက သန္ဓေမအောင်ဖို့ကို ကာကွယ်ပေးတာမို့ ဒါ ဖြစ်စရာ အကြောင်းမရှိပါဘူး။ အမေရိကန်မှာ လုပ်ထားတဲ့ လေ့လာချက်အရ ဘာသားဆက်ခြားနည်းမှ သုံးမထားတဲ့ အမျိုးသမီးတွေမှာ အယောက် တစ်သောင်းမှာ ၆၅ ယောက် ဖြစ်နိုင်ချေရှိပြီး သားကြောဖြတ်ပြီးရင်တော့ အယောက် တစ်သောင်းမှာ ၆ယောက်သာ ဒါမျိုး ဖြစ်နိုင်ချေရှိပါတယ်။

၁၀။ Your life, your choice

ဒီနည်းလမ်းကတော့ ကလေးလုံးဝမယူတော့တဲ့ အမျိုးသမီးတွေအတွက် သင့်တော်တဲ့နည်း ဖြစ်ပါတယ်။ သူ့မှာလည်း အားနည်းချက်၊ အားသာချက်တွေ ရှိတာပါပဲ။ အဓိကက ကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်နိုင်ကြဖို့ လိုပါတယ်။ ကိုယ်က နှစ်အကြာကြီး ကိုယ်ဝန်တားထားချင်တယ်၊ သားကြောဖြတ်ဖို့ကလည်း ခွင့်ပြုချက်မရနိုင်ဘူး ဆိုရင်တော့ တခြားနှစ်ရှည်ခံနည်းလမ်းတစ်ခုကို အသုံးပြုဖို့ လိုပါမယ်။

ဒေါက်တာ ဖြိုးသီဟ
၆.၂.၂၀၁၇

No comments:

Post a Comment