ads bit

Pages

Friday, September 21, 2018

“ကျားလား နွားလား ထောင် ၅ နှစ်လား”

“ကျားလား နွားလား ထောင် ၅ နှစ်လား”
ခေါင်းစဉ်ဖတ်လိုက်ရင် ညေးတို့လန့်သွားမယ်၊ ဟင် ဘာတွေများ ပြောမှာလဲပေါ့။ အရင်ဆုံး ညေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြမယ်။
သူ့မှာ ကောင်မလေးရှိတယ်ပေါ့ကွာ။ ထုံးစံအတိုင်းပဲ၊ သူတို့ မကြာမကြာ အတူနေဖြစ်ကြတယ်ပေါ့။ တကယ်တမ်းက ဒီညေးအတွက်က ဒါ သာမန်ပဲ၊ ထားသမျှရည်းစားတိုင်းနဲ့ သူဒီလိုပဲ နေတယ်။ ဘာဘာညာညာ ဖြစ်မလာအောင်တော့ ကာကွယ်တယ်ပေါ့လေ။ ဒါပေမယ့် ကောင်မလေးအတွက်ကျ ဒီညေးက ရည်းစားဦး။ တကယ်လည်း သူ့ကိုချစ်တယ်။ ဘ၀တစ်သက်စာ လက်တွဲဖို့ ဆုံးဖြတ်ထားတယ်။ သူက အတူနေဖို့ တောင်းဆိုတော့လည်း ကောင်မလေးက ခွင့်ပြုတာပေါ့။ ဘာလို့ဆိုတော့ တစ်ဘ၀စာ ရည်ရွယ်ထားတာကိုး။ ကိုယ့်ဆရာကလည်း အစပိုင်းတော့ ဂုဏ်တွေယူနေတာပေါ့လေ။ ကောင်မလေးရဲ့ အပျိုစင်ဘ၀ကို သူ ရလိုက်တယ်ပေါ့။
နောက်ကျတော့ ပြဿနာတက်လာရော။ ဘာလဲဆိုတော့ ကောင်မလေးက လက်ထပ်ဖို့ ပြောလာတာ။ သူကလည်း အပျော်တွဲနေတာတော့ မဟုတ်ပေမယ့် လက်ထပ်ဖို့တော့ မစဉ်းစားထားရသေးဘူး။ ဒီခေတ်ကြီးမှာ လက်ထပ်တယ်ဆိုတာက ထင်သလောက် မလွယ်ဘူးလေ။ အဲဒါနဲ့ သူလည်း အင်တင်တင် ဖြစ်သွားတယ်။ အဲဒီမှာတင် ကောင်မလေးက ဒီညေးကို တာဝန်မယူတတ်တဲ့လူ ဆိုပြီး ပွဲကြမ်းပါလေရော။ ဟုတ်တယ်လေ၊ သူ့မှာတော့ တစ်ဘ၀စာ ရည်ရွယ်ပြီး ခွင့်မပြုသင့်တာတွေ ခွင့်ပြုထားတာကိုး။ ကောင်လေးဘက်ကကြည့်တော့လည်း အဲ့လိုတွေ အိမ်ထောင်ပြုဖို့အထိ ရည်ရွယ်ပြီး အတူနေတာ မဟုတ်ဘူး၊ သူ့အတွက်က သာမန်လို့ပဲ သဘောထားတာကိုး။ အရင်တွဲခဲ့တဲ့ ကောင်မလေးတွေနဲ့ကလည်း ဒီလိုပဲ။ သဘောထားမတိုက်ဆိုင်လို့ ပြတ်မယ်ဆိုတော့လည်း နှစ်ဦးသဘောတူ ပြတ်လိုက်ကြတာပဲ။ ဒီလိုတာဝန်ယူတာတွေ ဘာတွေ မပါလာဘူး။ ဒီကောင်မလေးနဲ့ကျမှ ဖြစ်လာတာ။ အဲဒါနဲ့ နောက်ဆုံးတော့လည်း လက်ထပ်ဖြစ်သွားကြတယ်ပေါ့လေ။ မဖြစ်လို့သာ လက်ထပ်လိုက်ရပေမယ့် အဆင်သင့်လည်း မဖြစ်သေးတဲ့အပြင် နှစ်ဦးသားအချစ်ရေးမှာလည်း အနည်းအပါး အဆင်မပြေ ဖြစ်သွားတယ်။ ယုံကြည်မှု ပျက်စီးသွားတယ်ပေါ့။
ဆိုတော့ ဒီအဖြစ်အပျက်လေးကို ကြည့်လိုက်ရင် ဘယ်သူမှားလဲ စဉ်းစားကြည့်ပါ။ ကောင်မလေး မှားတာလားဆိုတော့လည်း မမှားဘူး။ ကောင်လေးကရော သူစွပ်စွဲသလို ကာမလိမ်လည်ရယူမှု မြောက်တာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ တကယ်တမ်း ပြဿနာက ဘယ်မှာရှိနေတာလဲဆိုတော့ အပျိုစင်ဘ၀တို့၊ လိင်ဆက်ဆံမှုတို့နဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားမှုချင်း မတူလို့ ဖြစ်ရတာပဲ။ အဲဒါလေးကို ဒီဆောင်းပါးကတစ်ဆင့် အစ်ကို အဓိက သတိပေးလိုတယ်။
အပျိုစင်ဘ၀နဲ့ ပတ်သက်လို့ ဆွေးနွေးမယ်ဆို အများကြီးဆွေးနွေးစရာ ရှိတယ်။ အမြင်အမျိုးမျိုး ကွဲပြားတယ်။ တချို့က မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အပျိုစစ်မစစ်နဲ့ တိုင်းတာတယ်။ ဒီလိုမျိုး ခံယူထားတဲ့ မိန်းကလေးနဲ့ ညေးတို့ ကြိုက်မိတယ်၊ အတူနေလိုက်တယ်ဆိုရင် ကိုယ့်အတွက်က သာမန်ပဲဆိုပေမယ့် သူ့အတွက်ကျ တန်ဖိုးမဲ့သွားသလို ခံစားရတော့မှာ။ ငါ ဒီကောင်လေးနဲ့ လက်ထပ်မှ ငါ့အရှက် ငါ့ဂုဏ်သိက္ခာ ရှိတော့မယ်လို့ တွေးနေတော့မှာ။ အဲဒီမှာများ သဘောထားချင်း မတိုက်ဆိုင်လို့ ပြတ်မယ်ပြောကြည့်၊ ဘယ်လိုမှ ရတော့မယ်မဟုတ်ဘူး။ ကာမလိမ်လည်ရယူမှု ဆိုပြီး အတိုင်မခံရရင်တောင် ဒီမိန်းကလေးဟာ ကိုယ့်အတွက်နဲ့ တစ်သက်လုံး စိတ်ဒဏ်ရာရတော့မှာ။ စဉ်းစားကြည့်၊ အဲဒါက ကိုယ့်နှမသာဆို ညေးတို့ရော လက်ခံနိုင်ပါ့မလား။
တချို့မိန်းကလေးကျ ဒီလိုလိင်ဆက်ဆံတာဟာ လက်ထပ်တာနဲ့ ဘာမှမဆက်စပ်ဘူး။ ဒီလိုအတူနေလိုက်တာ လက်ထပ်ဖို့ ရည်ရွယ်ထားလို့လည်း မဟုတ်သလို၊ တန်ဖိုးမဲ့သွားပြီတွေဘာတွေလည်း ထူးပြီး ခံစားမနေဘူး။ ကောင်လေးကို သူ့လက်မထပ်မှာစိုးလို့ အရိပ်တကြည့်ကြည့် နေနေဖို့ဝေးလို့၊ သူကတောင် စဖြတ်ချင်ဖြတ်သွားဦးမှာ။
နောက်တစ်ခု ညေးတို့ယောကျာ်းလေးတွေထဲမှာလည်း ဒီအပျိုစင်ဘ၀နဲ့ ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြဘူး။ တချို့က ကိုယ်လည်း လူပျိုစစ်တယ်၊ မရှုပ်မပွေဘူး။ မိန်းကလေးကိုလည်း အပျိုစစ်စစ်ပဲ သူလက်ထပ်ချင်တယ်။ ဒါမျိုး ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းသူတွေလည်း ရှိတယ်။
သဘောထားသေးသိမ်တဲ့ ယောကျာ်းလေးတွေကတော့ ကိုယ်သာ နေချင်သလိုနေမယ်၊ ရတဲ့ မိန်းကလေးကျ အပျိုစစ်မှ ကြိုက်တယ်။ ကိုယ်သာ ရှေ့မှာ ရှိချင်ရှိခဲ့မယ်၊ မိန်းကလေးအတွက်ကျ ကိုယ်က ပထမဆုံးဖြစ်ချင်တယ်။
အောက်တန်းကျတဲ့ ယောကျာ်းတွေဆိုရင်တော့ အပျိုစင်ဘ၀ကို ရလိုက်ပြီဆိုတာနဲ့ အရပ်တကာလည် ကြွားပြီး လျှောက်ပြောတော့တာ။ အဲ့လိုရယူပြီးတာနဲ့ တန်ဖိုးမထားတော့ဘဲ နောက်တစ်ယောက်ကို ပြောင်းရော။ အဲဒီကောင်မလေးမှာ ရှိလာမယ့် နောက်ချစ်သူကိုလည်း ငါ့အကျကို တွဲရတဲ့နွား ဘာညာနဲ့ စော်ကားတတ်သေးတယ်။ ဒီလိုလူတွေလည်း ရှိတယ်။ အောက်တန်းအကျဆုံးကတော့ ဒါကို ဓါတ်ပုံတို့၊ ဗီဒီယိုတို့မှတ်တမ်းတင်ထားပြီး အရှက်ခွဲမယ်ဆိုပြီး အကြပ်ကိုင် ခြိမ်းခြောက်တဲ့သူတွေပါပဲ။
အဲ၊ ဒီလိုအပျိုစစ်မစစ်ထက် ကိုယ်နဲ့ အဆင်ပြေပြေ လက်တွဲနိုင်ဖို့ကိုပဲ ဦးစားပေးစဉ်းစားတဲ့ ခေတ်ဆန်ဆန်လူပျိုတွေလည်း ရှိပြန်သေးတယ်။
ဒါကြောင့် ဒီလိုအတူနေတဲ့ ကိစ္စအပေါ် မိန်းကလေးက ဘယ်လိုခံယူထားသလဲ ဆိုတာကို ညေးတို့သိထားဖို့လိုတယ်။ ညေးရော ညေးတို့ကောင်မလေးရောက ဒါကို သမီးရည်းစားဘ၀ရဲ့ သာမန်အစိတ်အပိုင်းတစ်ခုလိုပဲ သဘောထားတယ်ဆိုရင်တော့ ပြီးရောပေါ့။ နောက်ဆက်တွဲပြဿနာတွေ ပါမလာအောင်သာ ကာကွယ်ကြ။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ညေးတို့အနေနဲ့ စောင့်ထိန်းရပါလိမ့်မယ်။ မဟုတ်ရင် ညေးတို့အတွက်လည်း လူမှုရေးပြဿနာတွေ ရှိလာနိုင်သလို၊ ကောင်မလေးအတွက်လည်း မကောင်းဘူး။ ကိုယ့်နှမသာဆိုရင်လို့ တွေးပြီး၊ အတင်းအကြပ်တောင်းဆိုတာမျိုးတွေ ရှောင်ကြဉ်သင့်တယ်။ စိတ်တွေတအားပြင်းလာရင် တစ်နေရာရာမှာ ထွက်ပေါက်ပေးသင့်တယ်။ ကိုယ့်ကို မလိုက်လျောလို့ ဆိုပြီး ပြဿနာတွေ ရှာတာ၊ စိတ်ဒုက္ခပေးတာတွေ မလုပ်သင့်ဘူး။
နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာကိုလည်း သိထားဖို့ လိုသေးတေယ်။ ဒီစာကို ဖတ်နေတဲ့ ညေးတို့ကတော့ မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘ၀ကို ရယူလိုက်နိုင်ပြီဆိုပြီး ဂုဏ်ယူနေမယ့် စိတ်ဓါတ်အောက်တန်းကျသူတွေ မဟုတ်တာ သေချာပါတယ်။ အပျိုစစ်တာ မစစ်တာ လုံးဝကို ဂရုမစိုက်ဘူး၊ စစ်လည်း ဂုဏ်မယူဘူး၊ မစစ်လည်း နွားဖြစ်ပြီမတွေးဘူး ဆိုလည်း ရှင်းတယ်။ အဲ အပျိုစစ်စစ်မှ တန်ဖိုးထားတယ်၊ ဒါမှမဟုတ်လည်း ကိုယ့်ရှေ့မှာ ရှိနှင့်ခဲ့သမျှကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတာမျိုးကို ကြိုက်တယ်ဆိုရင်တော့ ကိုယ့်ကောင်မလေးနဲ့ သေချာဆွေးနွေး။ မဟုတ်လို့ နောက်မှ ပြန်သိရတယ်ဆိုရင် ငါတော့ နွားဖြစ်ပြီဆိုပြီး ညေးတို့တနုံ့နုံ့နဲ့ ခံစားနေရလိမ့်မယ်။
တကယ်တော့ ဒီလိုအပျိုလူပျိုဘ၀တို့၊ လိင်ဆက်ဆံတဲ့ကိစ္စတို့နဲ့ ပတ်သက်ရင် ဘယ်သူမှန်တယ် မှားတယ် ပြောမရပါဘူး။ ကိုယ့်တန်ဖိုးထားမှုနဲ့ကိုယ်ပဲ။ ဒါပေမယ့် ညေးတို့အနေနဲ့ ကိုယ်တွဲမယ့် မိန်းကလေးရဲ့ တန်ဖိုးထားမှုနဲ့ ကိုယ့်တန်ဖိုးထားမှု တူဖို့လိုတယ် ဆိုတာလေးတော့ သိထားရမယ်။ မဟုတ်ရင် ညေးတို့ရဲ့ ဆက်ဆံရေးမှာ ကိုယ်တိုင်ရော၊ မိန်းကလေးအတွက်ပါ စိတ်ထိခိုက်စရာတွေ၊ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၂.၁.၂၀၁၈
(အပျိုစင်ဘ၀နှင့် ပတ်သက်သော အမြင်အမျိုးမျိုးအကြောင်း ဖတ်လိုပါက အောက်ပါလင့်ခ်ကို နှိပ်ပါ)

No comments:

Post a Comment