ads bit

Pages

Saturday, September 22, 2018

လူငယ်နှင့် မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ

လူငယ်နှင့် မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ
“အစ်ကို ကျွန်တော် ဟိုနေ့က ဘော်ဒါတွေမြှောက်ပေးတာနဲ့လေ အရက်ကလည်း နည်းနည်းမူးနေတော့ အဲဒါ..”

“ဆရာရယ်၊ သမီးကို ဖြစ်နိုင်ရင် ကူညီပါ၊ ခုမှ ဒုတိယနှစ်ပဲ ရှိသေးတော့ အိမ်က ရည်းစားရှိမှန်းတောင် မသိသေးဘူး၊ ဘယ်လိုမှယူလို့ မဖြစ်လို့ပါ၊ အမေတို့သိရင် သမီးကိုသတ်မှာ”

“ကျွန်တော့်မှာ အဲဒီလိုဖြစ်နေပြီဆိုရင် ကျွန်တော့ကောင်မလေးဆီရော ကူးသွားနိုင်လား ဆရာ။ သူနဲ့လည်း ကျွန်တော်အတူနေမိသေးတယ်”

မျိုးဆက်ပွါးကျန်းမာရေးလုပ်ငန်းလုပ်နေတဲ့ ကိုယ့်အတွက်တော့ ဒီစကားတွေက မကြားချင်မှအဆုံးပဲ။ လူငယ်တွေရဲ့ သဘာဝဟာ လွတ်လပ်ချင်တယ်၊ အရာရာကို စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်၊ အတွေးအခေါ်သစ်၊ အယူအဆသစ်တွေကို သဘောကျတယ်၊ လူစိတ်ဝင်စားတာ ခံချင်တယ်၊ ခေတ်ရှေ့ပြေးချင်တယ်။ အဲဒီအတွက် ဒီနေ့ခေတ် လူငယ်တွေကြားမှာ တက်တူးတွေ ထိုးလာကြတယ်၊ အ၀တ်အစား၊ ဖက်ရှင်ပုံစံတွေ ပြောင်းလာကြတယ်၊ လက်မထပ်ခင်အတူနေတာတွေ ဖြစ်လာတယ်။ မိန်းကလေးတွေ အရက်သောက်လာကြတယ်၊ နည်းပညာအသုံးပြုမှုတွေ အရမ်းများလာတယ်။ ဒီလိုပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေကြောင့် တိုးတက်လာတာတွေ ရှိသလို၊ တစ်ဖက်မှာလည်း လူငယ်တွေအနေနဲ့ မလိုချင်ဘဲကိုယ်ဝန်ရတာတွေ၊ ရောဂါကူးစက်တာတွေ၊ ဒါတွေလည်း ဖြစ်လာရတယ်။

အဲဒီလိုမျိုးကိစ္စတွေ ဖြစ်လာပြီဆိုရင် တော်တော်များများက ပြောတတ်ကြတယ်၊ လူငယ်တွေ မျိုးဆက်ပွါးကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာမရှိလို့ ဖြစ်ရတာ တဲ့။ ဟုတ်ပါတယ်၊ သူတို့လေးတွေမှာ ဒါတွေနဲ့ပတ်သက်တဲ့ အသိပညာတွေ အားနည်းကြတယ်။ ဒါပေမဲ့ တကယ့်မူလအကြောင်းရင်းက ရှိပါသေးတယ်။ အဲဒါကတော့ “လူတစ်ယောက်ချင်းစီမှာ ရှိတဲ့ လိင်နဲ့မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို လူငယ်တွေ ရမနေကြတာကြောင့်”ပဲ ဖြစ်ပါတယ်။

လူ့အခွင့်အရေး လို့ ပြောလိုက်တိုင်းမှာ အခြေခံအကျဆုံး လုပ်ရမဲ့အချက်က လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ သူတစ်ပါးရဲ့ အခွင့်အရေးကို လေးစားပေးကြဖို့ပါပဲ။

“All individuals have to respect the rights of others.”

ဂျာနယ်တစ်စောင်မှာ ဖတ်ဖူးပါတယ်။ ပြင်သစ်မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ယောက်ကို ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အာရှသားတစ်ယောက်နေရာလိုနေလို့ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းတယ်။ အဲဒီအကြောင်းကို သူက ပြန်ပြောပြထားတယ်၊ ‘ဒီမှာက Human rights ကို အလေးပေးကြတော့ ကမ်းလှမ်းလာတဲ့သူတွေက ကျွန်တော့်ရဲ့အလုပ်ချိန်၊ အားလပ်လို့ ကျွန်တော်ဘောလုံးကစားမဲ့အချိန်၊ ဒါတွေအားလုံးကို ထည့်စဉ်းစားပြီးမှ ရိုက်ကွင်းလာရမဲ့အချိန်ကို အဆင်ပြေအောင် စီစဉ်ပေးတယ်’ တဲ့။ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံများမှာတော့ လူလူချင်း မပြောနဲ့၊ တိရိစ္ဆာန်ကိုတောင် လေးလေးစားစား ဆက်ဆံတတ်ကြတယ်။ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိလဲဆိုတာကိုလည်း သိတယ်၊ တောင်းလည်းတောင်းဆိုတတ်တယ်၊ အဲဒီလိုပဲ သူတစ်ပါးရဲ့ အခွင့်အရေးတွေကိုလည်း တန်ဖိုးထားတယ်၊ လေးစားတယ်။ ပြောရရင်တော့ သူတို့တွေဟာ ကိုယ့်ကိုကိုယ် ‘လူ’လို့ ခံစားရတယ်၊ အဲဒီတော့ ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ‘လူ’လို့မြင်နိုင်ကြတယ်။ ကျွန်တော်တို့လို လူအခွင့်အရေး ဆိုတဲ့စကားလုံးကို မနေ့တစ်နေ့ကမှ ပါးစပ်က ကျယ်ကျယ်လောင်လောင် ပြောရဲတဲ့ တိုင်းပြည်များမှာကျတော့ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိမှန်းလည်း မသိဘူး၊ ရှိမှန်းတောင် မသိတဲ့နောက်တော့ တောင်းဆိုရကောင်းမှန်း လေးစားရကောင်းမှန်းလည်း မသိကြတော့ဘူး။ ကျွန်တော်တို့ဆီက ဆရာဝန်နဲ့လူနာ၊ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် ဆက်ဆံကြတဲ့ပုံစံတွေကို သူတို့ဆီက ပုံစံတွေနဲ့ ချိန်ထိုးကြည့်ကြည့်ရင် ဒီကွာခြားချက်ကို အလွယ်တကူ သိနိုင်တယ်။ ဒီနေ့လူငယ်တွေ ကြုံနေရတဲ့ ကျန်းမာရေးပြဿနာများဟာလည်း အဲဒီလိုအခွင့်အရေးတွေ ဆုံးရှုံးနေရတာကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးများဆိုတာက လူသားအားလုံးနဲ့ သက်ဆိုင်တာပါ။ ဘယ်အချိန်မှာ ဘယ်သူနဲ့ အိမ်ထောင်ပြုမယ်၊ ကလေးဘယ်နှယောက်ယူမယ် ဆိုတာတွေကို ဆုံးဖြတ်ပိုင်ခွင့်၊ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နိုင်ခွင့်၊ ဒါတွေပါပါတယ်။ ဒါပေမဲ့ အခုတော့ လူငယ်တွေနဲ့ အဓိကသက်ဆိုင်နေတဲ့ အခွင့်အရေးတွေအကြောင်းပဲ ပြောသွားပါ့မယ်။

၁) မျိုးဆက်ပွါးကျန်းမာရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များအား ရှာဖွေရယူပိုင်ခွင့်

(Right to seek, receive and impart information related to sexual and reproductive health)

ခုနက လူကြီးတွေ ပြောပြောနေကြတဲ့ လူငယ်တွေ အသိပညာမရှိလို့ ဆိုတဲ့ကိစ္စရဲ့ အကြောင်းရင်းခံက ဒါပါပဲ။ လူကြီးတွေ၊ ဆရာသမားတွေ၊ မိဘတွေတော်တော်များများမှာ ဒီအကြောင်းအရာတွေကို ကလေးတွေ မသိသင့်ဘူး၊ သိရင် မဟုတ်တာတွေ လုပ်ကုန်ကြလိမ့်မယ်ဆိုတဲ့ ရှေးရိုးစွဲအတွေးအခေါ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်လို့ရှိရင် ပေးမသိချင်ကြဘူး၊ စာအုပ်တွေဖတ်ရင်လည်း ပိတ်ပင်တယ်၊ မေးလည်းပြန်မဖြေကြဘူး၊ ပညာသင်ရမဲ့အရွယ်မှာ ပညာပဲသင် လို့ဆုံးမကြတယ်။ တစ်ခါ မိန်းကလေးဆိုတာ အရှက်အကြောက်ကြီးရမယ်ဆိုတဲ့ အဆုံးအမမျိုးနဲ့ ထပ်ပေါင်းလိုက်တဲ့အခါကျတော့ မိန်းကလေးတွေရဲ့ မျိုးဆက်ပွါးကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာက တော်တော်လေးကို နည်းသွားတယ်။ ကိုယ့်ခန္ဓာကိုယ်ကရာသီသွေး ဘာကြောင့်ဆင်းရသလဲ၊ ကိုယ်ဝန်ဆိုတာ ဘာကြောင့်ရရသလဲ၊ ဒါတွေကိုတောင် သိမနေကြဘူး။ သိအောင်လည်း မကြိုးစားကြဘူး၊ ရှက်နေကြောက်နေကြတယ်။ ဒီအခါမှာ ခု အားလုံးတွေ့နေကြရသလို မလိုလားအပ်တဲ့ ပြဿနာတွေအများကြီး ဖြစ်လာရတယ်။

လူကြီးမိဘတွေက ‘သူတို့ဒါတွေသိရင် မဟုတ်တာလုပ်ကုန်တော့မှာပဲ’ လို့ယူဆပြီး ပိတ်ပင်ခဲ့ကြပေမဲ့ တကယ့်စစ်တမ်းတွေ လုပ်လိုက်တဲ့အခါကျတော့ သူတို့ထင်ထားတာနဲ့ တက်တက်စင်အောင်ကို လွဲနေတာ တွေ့လိုက်ရတယ်။

လိင်ဆက်ဆံမှုမစခင်အရွယ်မှာ မျိုးဆက်ပွါးကျန်းမာရေးအသိပညာတွေ ရထားခဲ့တဲ့ လူငယ်တွေဟာ မရခဲ့တဲ့ လူငယ်တွေနဲ့စာရင် ပိုပြီးကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်သတဲ့။

တကယ်တော့ မျိုးဆက်ပွါးကျန်းမာရေးပညာပေး (Sexuality education) ဆိုတာ မီး လိုပါပဲ။ မသုံးတတ်ရင်တော့ လူကိုဒုက္ခပေးသွားနိုင်ပေမဲ့ အသုံးပြုတတ်မယ်ဆိုရင်လည်း လူကို အများကြီးအကျိုးပြုပါတယ်။ သိမှ မဟုတ်တာတွေ လုပ်ကုန်မှာ မဟုတ်ပါဘူး၊ သိမှ မဟုတ်တာတွေ မလုပ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေကို ကျွန်တော်တို့ ပေး’သိ’ဖို့ လိုပါတယ်။

၂) အရည်အသွေးမြင့် မျိုးဆက်ပွါးကျန်းမာရေးဝန်ဆောင်မှုများအား လက်လှမ်းမီမီ ရယူပိုင်ခွင့်

(Right to access to the highest attainable standard of sexual and reproductive health)

ခုနကလို အသိပညာရဖို့ ပိတ်ပင်ခံထားရတဲ့ လူငယ်တစ်ယောက်ဟာ မျှော်လင့်မထားဘဲ ပြဿနာတစ်စုံတစ်ရာ ကြုံလာတဲ့အခါမှာလည်း အကူအညီပေးနိုင်တဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် ရယ်လို့ မရှိဘူး။ အဖေသိရင် သတ်မှာ၊ အမေသိရင် သတ်မှာ စိတ်ပူနေရတယ်။ သူငယ်ချင်းကို ဖွင့်ဟတိုင်ပင်တော့လည်း သူက ကိုယ်နဲ့ထူးမခြားနား။ အဲဒီမှာတင်ပဲ ကိုယ်ဝန်ဖျက်ချဖို့ တရားမ၀င်နေရာတွေဆီ သွားတယ်၊ ကိုယ့်ဟာကိုယ်တွေကြံစည်ကြ ကြိုးစားကြတယ်၊ အဲဒီကနေ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ လိုက်လာပါတော့တယ်။

ဒီလိုပြဿနာမျိုး ကြုံနေရတဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆေးခန်းတစ်ခုကို သွားပြီး သူ့အကြောင်းတွေ ဖွင့်ပြော၊ အကြံဥာဏ်တောင်း၊ ဆေးအကုခံဖို့ဆိုတာ တော်တော်လေး မလွယ်တဲ့ကိစ္စပါ။ နေမကောင်းဖြစ်လို့ သွားပြရသလို မလွယ်ပါဘူး။ အဲဒီအခါမှာ ဆေးခန်းက ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေအနေနဲ့ သတိထားစရာ အများကြီးပဲ ရှိလာပါတယ်။ လူနာတွေမှာ ရှိတဲ့ အခွင့်အရေးတစ်ခုဖြစ်တဲ့ Right to privacy and confidentiality ကို လေးစားပေးဖို့ကတော့ အဓိကအသက်ပါပဲ။

အရည်အသွေးဆိုတာ ဆေးကုတာတော်ရုံတစ်ခုတည်း မဟုတ်ပါဘူး။ အရင်ဆုံးအနေနဲ့ ဒီလူငယ်တွေကို လေးလေးစားစား ဆက်ဆံဖို့ အရေးကြီးပါတယ်။ ဒီလိုကူညီသူမဲ့နေတဲ့ လူငယ်တွေကို ကျွန်တော်တို့ကိုယ်တိုင်က ကရုဏာဒေါသနဲ့ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ရဲ့စိတ်ကိုက ဒီလိုအမူအကျင့်တွေကို မကြိုက်လို့ဖြစ်ဖြစ် ဆူမိမယ်၊ ပြောမိမယ်ဆိုရင် သူတို့ကို ချောက်ထဲတွန်းပို့သလို ဖြစ်သွားတော့မှာပါ။ ကိုယ်ဝန်ရှိသွားပြီ၊ ဒါဆို ယူလိုက်ပေါ့၊ ငါကတော့ မလုပ်ပေးနိုင်ဘူးလို့ တစ်ခွန်းတည်းပြောလိုက်တာဟာလည်း ဆရာဝန်တစ်ယောက်ရဲ့ တာဝန်မကျေဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ သူ့ရဲ့ပြဿနာကို သေချာနားထောင်ပေးပြီး တတ်နိုင်သမျှ အကြံဥာဏ်ပေးတာ၊ ဆွေးနွေးပေးတာတွေလည်း လုပ်ပေးဖို့ လိုပါတယ်။ နောက်ပြီး ကိုယ့်ဆေးခန်းတွေမှာ privacy ကောင်းကောင်းရှိဖို့လည်း လိုပါသေးတယ်။ အရေးကြီးဆုံးကတော့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးခြင်း (Confidentiality) ပါပဲ။ ဒါဟာ ဆရာဝန်တိုင်းရဲ့ ကျင့်ဝတ်တစ်ခု ဖြစ်ပေမဲ့လို့ ကိုယ့်ဆေးခန်းက ဆရာဝန်မဟုတ်သော တခြားဝန်ထမ်းများကိုလည်း ပြောပြထားဖို့ လိုပါလိမ့်မယ်။ အများအားဖြင့်က ဒီလိုကိစ္စဆိုရင် မိဘအုပ်ထိန်းသူကိုတော့ သွားအသိပေးသင့်တယ်၊ ဒါမှ တာဝန်ကျေရာရောက်မယ်လို့ ခံစားတတ်ကြလို့ပါ။ ကာယကံရှင်ရဲ့ဆန္ဒမပါဘဲ သူ့အတွင်းရေးကို ဖွင့်ပြောခဲ့ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုဖြစ်လာစေမှာ ဖြစ်ပါတယ်။

၃) မိမိလက်တွဲဖော်ကို စိတ်တိုင်းကျရွေးချယ်ပိုင်ခွင့်

(Right to choose their partner)

ဒါက ခုခေတ်မှာတော့ တော်တော်လေး ရှားသွားပါပြီ။ အိမ်က ပေးစားတဲ့သူနဲ့ မချစ်မနှစ်သက်ဘဲ ယူရတာ၊ မိဘတွေက ကောင်းမယ်ထင်လို့ စီစဉ်တာ၊ မိဘက လက်နဲ့ရေးတာကို နင်က ခြေနဲ့မဖျက်နဲ့ ဆိုတဲ့ မြန်မာဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတွေဟာ တကယ်တော့ သားသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးကို မိဘတွေက လျစ်လျူရှုနေကြကြောင်းကို ပြနေတာပါပဲ။ အိမ်ထောင်တစ်ခုမှာ စစ်မှန်တဲ့အိမ်ထောင်ဖက်ရဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ အဲဒါကြောင့် မိဘက ကောင်းမယ်ထင်သလို စီစဉ်တာထက် သားသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးကို လေးစားပြီး ဘေးနားက ၀ိုင်းဝန်းအကြံပေးကြတာက သားသမီးတွေအတွက် ပိုလို့ကောင်းစေမှာပါ။        ။

ဒီနေ့ လူငယ်တွေကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေဟာ အသိပညာမရှိလို့ ဆိုတာထက် သူတို့မှာရှိနေတဲ့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို ရမနေကြလို့ လို့ပြောရင် ပိုမှန်ပါမယ်။ ဒါကြောင့် ဒီအခွင့်အရေးတွေနဲ့ပတ်သက်ပြီး လူငယ်တွေတင်မဟုတ်ဘဲ လူကြီးတွေပါ သိထားကြဖို့ အရေးကြီးပါတယ်။

လူပျိုအပျိုရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ်ခန္ဓာမှာ သိသိသာသာ ဖွံ့ဖြိုးပြောင်းလဲလာသလို ပတ်ဝန်းကျင်မှာလည်း ပြောင်းလဲမှုတွေရှိလာတယ်။ မိဘတွေက ပိုစိတ်ပူလာကြတယ်၊ ချုပ်ချယ်လာကြတယ်၊ မိဘရဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ အသစ်အဆန်းကိုမှ သဘောကျတဲ့ လူငယ်တွေကြားမှာ ပဋိပက္ခတွေ ဖြစ်လာတယ်။ ဘေးလူတွေက ဝေဖန်ပုတ်ခတ်တဲ့အခါ လူငယ်ပီပီ အရွဲ့တိုက်ပစ်ချင်တယ်။ လူငယ်အချင်းချင်းကြားထဲမှာလည်း အပြိုင်အဆိုင်တွေ ရှိလာတယ်၊ မခံချင်စိတ်တွေ ဖြစ်လာတယ်။ နောက်ပြီး လက်တည့်စမ်းဖို့ သွေးဆောင်စည်းရုံးမှုတွေလည်း ရှိလာမယ်။ ဒီလိုပြောင်းလဲမှုတွေ၊ ရိုက်ခတ်မှုတွေရဲ့ကြားထဲကနေ ကျန်းမာပျော်ရွှင်တဲ့ လူငယ်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ လူငယ်တွေမှာ လုံလောက်တဲ့အသိပညာတွေ ရှိနေဖို့ လိုအပ်ပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့တွေအနေနဲ့ ရှေးရိုးစွဲအယူအဆတွေကို နောက်မှာချန်ထားခဲ့ပြီး လူငယ်တွေမှာရှိနေတဲ့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပေးကြဖို့ လိုပါတယ်။

No comments:

Post a Comment