ads bit

Pages

Friday, September 21, 2018

“လိင်တံအရေပြား ဖြတ်တာ ကောင်းသလား”

“လိင်တံအရေပြား ဖြတ်တာ ကောင်းသလား”
ညီလေးတစ်ယောက် မေးဖူးတာရှိတယ်။ ‘အစ်ကို ကျွန်တော့်လိင်တံက အနံ့နံနေတယ်၊ အဲဒါ ကောင်မလေးနဲ့ အတူနေတော့ သူ့ကို အားနာလို့၊ ဘယ်လိုလုပ်ရမလဲ’ တဲ့။ ဒီလိုမျိုး ညေးတို့ဖတ်ဖို့ ဆောင်းပါးတွေ ပုံမှန်တင်ပေးဖြစ်တော့ ရေးပေးပါဆိုပြီး တောင်းဆိုကြတဲ့အထဲမှာလည်း ဒီအကြောင်းအရာလေး ပါနေတာမို့ ဒီတစ်ပတ်တော့ ကြိုးစားပြီး ရေးပေးဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ လိင်တံအရေပြား ဖြတ်တယ်ဆိုတာ ဘာလဲပေါ့။ အင်္ဂလိပ်လိုတော့ Circumcision လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ယောကျာ်းတစ်ယောက်ရဲ့ လိင်အင်္ဂါထိပ်ကို အရေပြားလေးနဲ့ ဖုံးထားတယ်။ အဲဒီအရေပြားလေးကို လှီးဖြတ်လိုက်တဲ့သဘောပေါ့။ ဘာသာရေးအရ ကလေးဘ၀ကတည်းက လုပ်ပေးတာမျိုးတွေလည်း ရှိတယ်။ အမေရိကန်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဘက်တွေမှာတော့ တော်တော်လေး လုပ်လေ့ရှိပြီး အစ်ကိုတို့ဆီမှာတော့ နည်းတယ်ပြောရမယ်။
မဖြစ်မနေ လုပ်ရတဲ့ အခြေအနေတွေတော့ ရှိတယ်။ Balanoposthitis လို့ခေါ်တဲ့ လိင်တံထိပ်နဲ့ အရေပြား ရောင်ရမ်းနေတဲ့ရောဂါ၊ လိင်တံအရေပြားလေးက အပေါက်လေးကျဉ်းနေတော့ လိင်တံနောက်ထိ ဆွဲလို့မရတဲ့ Phimosis ရောဂါ၊ အဲဒါကိုမှ လိင်တံနောက်ထိ ရောက်အောင် အတင်းဆွဲမိလိုက်လို့ ရှေ့ထိပ်ကို ပြန်ဖုံးလို့မရတော့ဘဲ လိင်တံကို ညှစ်ထားသလို ဖြစ်သွားတဲ့ အခြေအနေ (Paraphimosis လို့ခေါ်ပြီး ဒါကတော့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်၊ အချိန်ကြာသွားရင် လိင်တံထိပ်က သွေးမလျှောက်တော့တဲ့အတွက် ပုပ်သွားပြီး ဖြတ်လိုက်ရတာမျိုးအထိ ဖြစ်တတ်လို့ပါ)၊ စတဲ့ အခြေအနေတွေမှာတော့ လိင်တံအရေပြား လှီးဖြတ်ခြင်းကို လုပ်ကိုလုပ်ရပါတယ်။
အဲဒီလိုတွေမှ မဟုတ်ဘူးဆိုရင်တော့ ကိုယ့်သဘောဆန္ဒအတိုင်းပါပဲ။ ဒီကိစ္စကို လုပ်ရင် ကောင်းသလား၊ ဆိုးသလား ဆိုတာကတော့ ပညာရှင်တွေကြားထဲမှာကို ဆွေးနွေးငြင်းခုန်နေကြဆဲပါ။ ဒါကြောင့်မို့ ကိုယ့်ညီလေးတို့တွေ စဉ်းစားလို့ရအောင် ဒီလိုလုပ်ခြင်းမှာ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိသလဲ ပြောပြပေးပါမယ်။
(က) ကောင်းကျိုးများ
၁။ ကလေးအရွယ်မှာ လုပ်ရင်၊ အထူးသဖြင့် မွေးပြီးတစ်နှစ်ဝန်းကျင်မှာ လုပ်မယ်ဆိုရင် ဆီးပိုးဝင်တာမျိုး ဖြစ်နိုင်ချေနည်းတယ်။
၂။ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ကာကွယ်ပေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအရေပြားက ပြဲတတ်၊ ထိခိုက်တတ်တယ်။ ဒီကနေတစ်ဆင့် ပိုးဝင်သွားတယ်။ နောက် ဒီအရေပြားအောက်မှာလည်း ပိုးတွေပေါက်ဖွားဖို့ရာ ပိုလွယ်တယ်။ ဒါတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် မဖြစ်မနေ မှတ်ရမှာက ဒီလိုအရေပြား လှီးဖြတ်လိုက်တာနဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ကာကွယ်ပြီးသား ဖြစ်သွားမယ်လို့ မဆိုလိုဘူး။ ဒီရောဂါတွေ မရချင်ရင် ကိုယ့်ရဲ့ လိင်မှုကိစ္စကို ဆင်ခြင်ရမယ်၊ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးရမယ်။ ခုပြောတာက လှီးဖြတ်ထားသူတွေထဲမှာ ဒီလိုပိုးကူးစက်ခံရနိုင်ချေဟာ မလှီးဖြတ်ထားသူတွေထက် ပိုနည်းတယ်ဆိုတဲ့ တွေ့ရှိချက်ကိုပဲ ပြောတာဖြစ်ပါတယ်။
၃။ လိင်ဆက်ဆံလို့ ကွန်ဒုံးသုံးမယ်ဆိုတဲ့အခါ စွပ်ရလွယ်ကူတယ်။
တကယ်လို့ ဖြတ်မထားဘူးဆိုရင်တော့ ဒီအရေပြားက ဆက်ဆံတဲ့အချိန် ရှေ့တိုးနောက်ဆုတ် ဖြစ်နေမယ်။ ဒီအခါ ကွန်ဒုံးက ကျွတ်ဖို့ပိုလွယ်တယ်။ ဒါကြောင့်မို့ ဖြတ်ထားရင် သုံးရပိုအဆင်ပြေတယ်။ ဖြတ်မထားတဲ့ အမျိုးသားတွေမှာတော့ ကွန်ဒုံးသုံးမယ်ဆို အရေပြားကို လိင်တံထိပ်ရဲ့နောက်အထိ ရောက်အောင် ဆွဲပြီးမှ စွပ်ပါ။ စွပ်ပြီးသွားမှ အရေပြားကို ရှေ့ကိုပြန်တွန်းထုတ်လိုက်ပါ။ ဒီလိုဆို ကျွတ်ဖို့ နည်းသွားမယ်။ စိတ်ထဲမှာ ကျွတ်နေသလို ခံစားရရင်တော့ သတိထားကြည့်ဖို့ လိုပါမယ်။
၎။ လိင်အင်္ဂါကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ချေနည်းတယ်။
ဒီအရေပြားရဲ့အောက်မှာ ပိုးမွှားတွေ၊ အညစ်အကြေးတွေ စုနေတတ်တာမို့ အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်ချေကို အနည်းငယ် ပိုများစေပါတယ်။ ဒီလိုပြောလိုက်လို့လည်း ဖြတ်ကိုဖြတ်ရမယ် မဟုတ်ဘဲ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်မယ်၊ လိင်မှုကိစ္စကို သတိထားမယ်ဆို အဆင်ပြေနိုင်ပါတယ်။
၅။ အမျိုးသမီးမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေနည်းမယ်။
သားအိမ်ခေါင်းကင်ဆာနဲ့ လိင်တံအရေပြား လှီးဖြတ်ထားခြင်းကလည်း ဆက်စပ်မှုနည်းနည်းလေး ရှိတယ်။ ယောကျာ်းက ဒီလိုလှီးဖြတ်ထားရင် ခုနကလို ပိုးတွေ၊ အညစ်အကြေးတွေ စုနေတာ နည်းသွားမယ်။ ဒါကြောင့်မို့ သူ့ရဲ့ အိမ်ထောင်ဖက်အမျိုးသမီးအတွက်လည်း ကင်ဆာဖြစ်နိုင်ချေ နည်းသွားမယ်ပေါ့။ ဒီနေရာမှာလည်း အမျိုးသားက လိင်တံအရေပြား လှီးဖြတ်ထားတိုင်း ဒီကင်ဆာ မဖြစ်တော့အောင် ရာနှုန်းပြည့် ကာကွယ်ပေးမှာ မဟုတ်သလို မလှီးဖြတ်ထားလို့လည်း ကင်ဆာဖြစ်ကိုဖြစ်မယ် မဟုတ်ဘူး။ ကာကွယ်ဆေးထိုးတာ၊ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးမှုတွေလုပ်တာလို အဓိကကျတဲ့ ကာကွယ်မှုတွေကိုသာ မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။
(ခ) ဆိုးကျိုးများ
၁။ ခွဲစိတ်မှုအသေးစားလေး လုပ်ရမှာဖြစ်တာကြောင့် အင်မတန်မှကိုတော့ အဖြစ်နည်းပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေတော့ ရှိတတ်တယ်။ ဥပမာ သွေးတွေထွက်တာ၊ အနာမကျက်တာ၊ ပိုးဝင်သွားတာ၊ အရေပြားက သိပ်တိုသွားတာ စသဖြင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူနဲ့ လုပ်တာ အကောင်းဆုံးပါပဲ။
၂။ လုပ်ပြီးစမှာ အနည်းငယ် နာကျင်နေနိုင်တယ်။
အရေးကြီးဆုံးတစ်ချက် ရှိပါတယ်။ ကိုယ့်ညီတွေလည်း အသိချင်ကြဆုံးပါ။ အဲဒါ ဘာလဲဆိုတော့ လိင်ဆက်ဆံတဲ့အခါ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲ ဆိုတာပါပဲ။
တချို့က ပြောကြတယ်။ ဒီလိုလုပ်လိုက်ရင် လိင်ဆက်ဆံတာ ပိုကြာသွားတတ်တယ်တဲ့။ ဘာလိုဆိုတော့ ဒီလိုလှီးဖြတ်လိုက်တဲ့အခါ လိင်ဆက်ဆံရင် ခံစားမှုပေးတဲ့ အာရုံခံ နာ့ဗ်ကြောတွေ ပါသွားတတ်တော့ တော်ရုံနဲ့ ပြီးသွားတယ် ဆိုတာ မရှိတော့ဘူး။ ဒီတော့ ပိုကြာတယ်။ ဖြတ်တိုင်း ဖြစ်မှာတော့မဟုတ်ဘူး။ ဖြစ်နိုင်ချေရှိတာ။ ဒါကြောင့်မို့ သုက်လွှတ်မြန်နေခြင်းအတွက် ကုသတဲ့အနေနဲ့ ဒါကို သွားဖြတ်လိုက်မယ် လုပ်စရာမလိုဘူး။ ဖြတ်လိုက်တိုင်း နှေးသွားမယ် မဟုတ်လို့ပါပဲ။
(သုက်လွှတ်မြန်ခြင်းနှင့် ပတ်သက်ပြီး လုပ်ဆောင်သင့်တာတွေကို ဖတ်ချင်ရင် ဒီဆောင်းပါးကို ဖတ်ပါ
တစ်ဖက်မှာကလည်း ဘယ်လိုပြဿနာ ပေးတတ်လဲဆိုတော့ တော်တော်နဲ့ ဆန္ဒအထွတ်အထိပ် မရောက်တော့ဘူး။ ဒီအခါ အမျိုးသမီးနဲ့ အဆင်မပြေတော့တာတွေ ဖြစ်လာနိုင်တယ်။ ကြာနေတိုင်းလည်း ကောင်းတာ မဟုတ်ဘူးလေ။ အဓိကက သူရော ကိုယ်ပါ ဆန္ဒပြည့်ဝဖို့ မဟုတ်လား။
ဒါကြောင့်မို ပြောရရင်တော့ ဒီလိုလိင်တံအရေပြားကို ဖြတ်တာဟာ လိင်ဆက်ဆံတဲ့အခါ ခံစားမှုအပေါ် သက်ရောက်မှု ရှိချင်မှရှိမယ်။ တစ်ခါတစ်ခါမှာတော့ အထွတ်အထိပ်ရောက်ဖို့ အချိန်ပိုကြာသွားတာမျိုး ရှိတတ်ပါတယ်။ သုက်လွှတ်မြန်နေတဲ့အတွက်တော့ အရေပြားဖြတ်မယ် လုပ်စရာ မလိုပါဘူး။
ခု အစ်ကို ပြောခဲ့သမျှတွေကို ပြန်ဖတ်ကြည့်လိုက်။ ဒါလုပ်လိုက်ရင် ကောင်းကို ကောင်းတယ် ဒါမှမဟုတ်လည်း မလုပ်ကို မလုပ်သင့်ဘူး ဆိုတာမျိုး မရှိဘူး။ ကိုယ့်သဘောနဲ့ ကိုယ်ပါပဲ။ တကယ်လို့ ဖြတ်မယ်ဆိုရင်တော့ ကျွမ်းကျင်သူနဲ့ လုပ်ပါ။ ဖြတ်ပြီးပြီးချင်းမှာလည်း ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာဂရုစိုက်ပါ။ များသောအားဖြင့် လိင်ဆက်ဆံမှုကို ၆ ပတ်အထိ ရှောင်ထားရတတ်ပါတယ်။
မဖြတ်ဘူးဆိုလည်း ရတာပဲ။ ဒါပေမယ့် လုပ်ရမှာလေးတွေတော့ ရှိတာပေါ့။ တစ်ကိုရည်သန့်ရှင်းရေး ဂရုစိုက်ပါ။ အရေပြားကို နောက်အထိ ဆွဲလှန်ပြီး လိင်တံထိပ်နဲ့ အရေပြားအောက်တွေကို ဆပ်ပြာနဲ့ သေချာဆေးပါ။ ဖြစ်နိုင်ရင် ဆီးသွားပြီးတိုင်း၊ တစ်ကိုယ်ရည် အာသာဖြေပြီးတိုင်း လုပ်ပါ။ မဟုတ်ရင် အစမှာ ပြောခဲ့တဲ့ ညီလေးလို သန့်ရှင်းရေးမလုပ်တာကြာသွားရင် အနံ့အသက်တွေ ထွက်လာလိမ့်မယ်။ နောက်ပြီး လိင်မှုကိစ္စ စောင့်ထိန်းပါ။ ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးပါ။ ဒီလိုသာလုပ်မယ်ဆို မဖြတ်ပေမယ့်လည်း သန့်ရှင်းမယ်။ ရောဂါပိုးတွေ မကူးစက်ဘူး။ လိင်ဆန္ဒပြည့်ဝမှုမှာလည်း ကြီးကြီးမားမား ပြဿနာရှိလာမှာ ဟုတ်ပါဘူး။
ဒေါက်တာ ဖြိုးသီဟ
၁၉.၁.၂၀၁၈

No comments:

Post a Comment