ads bit

Pages

Saturday, September 22, 2018

နေ့စဉ်သောက်ဆေးကဒ် အကြောင်း (Combined oral contraceptive)

နေ့စဉ်သောက်ဆေးကဒ် အကြောင်း (Combined oral contraceptive)
၁။ အဲဒါ ဘာလဲ

နေ့စဉ်သောက်ရတဲ့ ဟော်မုန်းနှစ်မျိုးပါ သောက်ဆေးကဒ်ဖြစ်ပါတယ်။ (ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါဝင်တဲ့ ဆေးကဒ်လည်း ရှိပါသေးတယ်၊ ဆေးကဒ်ချင်းတူပေမယ့် သဘောသဘာဝချင်း မတူပါဘူး၊ ခုပြောမယ့် ဟော်မုန်းနှစ်မျိုးပါ ဆေးကဒ်ကတော့ ပိုပြီး အသုံးများပါတယ်)

ဆေးကဒ်အများစုမှာ (၂၈)လုံး ပါဝင်ပါတယ်။ ပထမ(၃)တန်း (၂၁လုံး)က ဟော်မုန်းပါဝင်ပါတယ်။ နောက်ဆုံးတန်း (၇)လုံးကတော့ သံဓါတ်အားဆေး၊ ဒါမှမဟုတ် ဘာအာနိသင်မှ မရှိတဲ့ဆေးတွေ ဖြစ်ပါတယ်။ ၂၁လုံး ဆေးကဒ်ဆိုရင် (၇)ရက်ကို ပြက္ခဒိန်မှာ သပ်သပ်မှတ်နေရပါမယ်။ ခုလို ဆေးလုံး(၇)လုံး ထည့်ထားလိုက်တော့ ပုံမှန်အတိုင်း သောက်သွားရုံပဲ၊ ပိုပြီးအဆင်ပြေစေပါတယ်။

၂။ အလုပ်လုပ်ပုံ

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီပစ္စည်းလေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် တားဆီးပေးပါတယ်။ ဒီတော့ သုက်ပိုးတွေဝင်လာလည်း ကိုယ်ဝန်မရနိုင်တော့ဘူးပေါ့။

၃။ ဘယ်လိုအသုံးပြုရတာလဲ

တစ်နေ့တစ်လုံး သောက်ရပါတယ်၊ အချိန်ကလည်း အမြဲကွက်တိ မဟုတ်တောင် မှန်ဖို့ လိုပါတယ်။ ဒါကြောင့် ပုံမှန်လုပ်နေကျ အလုပ်တခုခုနဲ့တွဲပြီး မှတ်ထားစေချင်ပါတယ်။ ဥပမာ ညအိပ်တာနဲ့ တွဲမှတ်ထားမယ်ဆိုရင် အိပ်တော့မယ်ဆိုတာနဲ့ ဆေးသောက်ရဦးမှာပါလားလို့ သတိရသွားမယ်၊ ည(၇)နာရီတိုင်း သောက်မယ်ဆိုတာက မေ့သွားနိုင်တာပေါ့။

အသုံးမပြုခင် ကျွမ်းကျင်တဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကိုယ်နဲ့သင့်တော်တယ်ဆိုမှ အသုံးပြုပါ။ နောက်ပိုင်းအသုံးပြုမှုတွေအတွက်တော့ ဆေးခန်းကို ပုံမှန်သွားနေစရာ မလိုပါဘူး။

၎။ ထိရောက်မှု

ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်(၁၀၀)မှာ (၁)ယောက်တောင် မရှိဘဲ၊ ပုံမှန်သာအသုံးပြုမယ်ဆိုရင်တော့ အယောက်(၁၀၀)မှာ (၈)ယောက်အထိ ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းကို ရွေးတော့မယ်ဆိုရင် ကိုယ်နေ့တိုင်းမှန်မှန် ဆေးသောက်နိုင်ရဲ့လားဆိုတာ သေချာဖို့ပါပဲ။

၅။ အားသာချက်တွေက ဘာတွေလဲ

– အသုံးမပြုခင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပေမယ့် ပုံမှန်အသုံးပြုနေသူအတွက်တော့ ဆေးခန်းအမြဲသွားနေစရာ မလိုပါဘူး။ အိမ်ထောင်မကျသေးပေမယ့် ပုံမှန်လိင်ဆက်ဆံမှုရှိနေတဲ့ မိန်းကလေးတွေ၊ အိမ်ထောင်သည်ဆိုပေမယ့် လူမသိစေချင်သူတွေ သုံးရင်အဆင်ပြေပါတယ်။ ရက်ရှည်ခရီးသွားမယ်ဆိုလည်း ဆေးကဒ်တွေ ၀ယ်သွားလိုက်ရုံပဲ၊ ဟိုရောက်လို့ ဆေးထိုးပေးမယ့်နေရာ လိုက်ရှာနေရတာမျိုးတွေ မရှိဘူး။

– တစ်လတစ်ခါ ဆေးကဒ်နောက်ဆုံးတန်းရောက်တဲ့အခါ သွေးပေါ်မယ်။

– ရာသီသွေးဆင်းတဲ့ ပမာဏကို နည်းစေတယ်၊ ရက်တိုစေတယ်၊ ဒီတော့ သွေးအားနည်းတာကိုလည်း အထိုက်အလျောက် ကာကွယ်ပေးတယ်။ သံဓါတ်အားဆေး ထည့်ထားပေးတဲ့ ဆေးကဒ်တွေဆို ပိုလို့တောင် အဆင်ပြေပါသေးတယ်။

– ဆေးသောက်ရပ်လိုက်ရင်လည်း ကိုယ်ဝန်ရဖို့ စောင့်စရာ မလိုဘူး။

၆။ အားနည်းချက်တွေက ဘာတွေလဲ

– အကြီးမားဆုံး အားနည်းချက်ကတော့ နေ့စဉ်နေ့တိုင်း သောက်ရတာပဲ။ ဒါက အပြောလွယ်ပေမယ့် လက်တွေ့ကျ ထင်သလောက် မလွယ်ဘူး။ နေ့စဉ်နေ့တိုင်း သောက်ဖို့ မဖြစ်နိုင်လောက်ဘူး ထင်တယ်ဆိုရင် ဒီနည်းလမ်းအစား တခြားတခုခု ရွေးချယ်ဖို့ စဉ်းစားစေချင်ပါတယ်။

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

ဆေးသောက်စမှာ ရာသီသွေး ပုံမမှန်ဆင်းတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

၈။ မသုံးစွဲသင့်သော အခြေအနေများ

သွေးတိုး (Hypertension) ရှိရင် ၊ ဆီးချို (Diabetes) ရောဂါကို နှစ်(၂၀)နဲ့အထက် ခံစားနေရရင်၊ သည်းခြေအိတ်ရောဂါ (Gall bladder disease) ၊ ရင်သားကင်ဆာ (Breast cancer) ၊ ခြေထောက်တို့ အဆုတ်တို့မှာ သွေးကြောပိတ်တာ (Deep vein thrombosis) ၊ အသည်းရောဂါ (Liver diseases) ၊ ပုံမမှန်သွေးဆင်းနေခြင်း (Irregular bleeding) နဲ့ အသက်(၃၅)နှစ်နဲ့ အထက် ဆေးလိပ်သောက်တတ်သူ အမျိုးသမီးတွေမှာ အသုံးပြုလို့ မသင့်တော်ပါဘူး။

တီဘီဆေး၊ အတက်ကျဆေးတွေကတော့ ဟော်မုန်းတွေရဲ့ အာနိသင်ကို လျော့ကျစေတာမို့ ဒီဆေးတွေ သောက်နေရတဲ့အချိန်ဆို ဟော်မုန်းမပါတဲ့ နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို ထပ်အသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး)။ ရောဂါကိုပိုဆိုးစေလို့ မဟုတ်ပါဘူး၊ သောက်ဆေးရဲ့ အာနိသင်ကို ကျစေတဲ့အတွက် ကိုယ်ဝန်ရသွားနိုင်လို့ ဖြစ်ပါတယ်။

၉။ လွဲမှားတဲ့ အယူအဆများ

– တချို့အမျိုးသမီးတွေ သုံးနေတဲ့ တစ်လုံးတည်းသောက်ရုံနဲ့ တစ်လလုံးလုံး ကိုယ်ဝန်တားပေးတယ် ဆိုတဲ့ ဆေးမျိုးတွေ၊ တရားမ၀င် ၀င်လာတဲ့ ဆေးတွေကို အသုံးမပြုကြဖို့ လိုပါတယ်။

– အမျိုးသားနဲ့ အတူမနေတဲ့ရက်တွေမှာလည်း ဆေးသောက်ဖို့ လိုပါတယ်။ အာနိသင်ထိရောက်ဖို့ တစ်နေ့တစ်လုံး ပုံမှန်သောက်သွားရပါမယ်။ လနဲ့ချီ ခရီးသွားမှာမို့ ဆေးသောက်ရပ်လိုက်တာမျိုးက ရပါတယ်။ အဲဒီလို အဝေးသွားတာမဟုတ်ဘဲ တစ်ရက်နှစ်ရက်လောက် အတူမနေတာမျိုးကိုတော့ မသောက်ဘဲ နေလို့ မရပါဘူး။

– ဆေးလုံးမေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အများစုမသိကြပါဘူး။

ပထမ(၃)တန်းမှာ ဆေးလုံးတစ်လုံး (သို့မဟုတ်) နှစ်လုံး မေ့ခဲ့ရင် သတိရရချင်း တစ်လုံးသောက်၊ ကျန်တာ ပုံမှန်အတိုင်း ဆက်သောက်ပါ (သတိ + ပုံမှန်)
ပထမ(၂)တန်းမှာ သုံးလုံးနဲ့အထက် မေ့ခဲ့ရင် သတိရရချင်း တစ်လုံးသောက်၊ ကျန်တာ ပုံမှန်အတိုင်း ဆက်သောက်၊ နောက်ပြီး အမျိုးသားနဲ့ တစ်ပတ်ရှောင်၊ မရှောင်နိုင်ရင် ကွန်ဒုံးသုံးပါ၊ ဒီတစ်ခု ပိုလာပါတယ် (သတိ + ပုံမှန် + ရှောင်)
တတိယတန်းမှာ သုံးလုံးနဲ့အထက် မေ့ခဲ့ရင်တော့ သတိရရချင်း တစ်လုံးသောက်၊ ကျန်တာ ပုံမှန်အတိုင်း ဆက်သောက်၊ အမျိုးသားနဲ့ တစ်ပတ်ရှောင်၊ မရှောင်နိုင်ရင် ကွန်ဒုံးသုံး၊ အဲဒီတတိယတန်းကုန်သွားတဲ့အခါ အောက်ဆုံးတန်းက အားဆေးလုံးတွေကို ဆက်မသောက်ဘဲ လွှင့်ပစ်ပြီး ချက်ချင်းကဒ်အသစ်ပြန်စဖို့ လိုအပ်ပါမယ်။ ဒီတစ်ခု ထပ်တိုးလာပါတယ်။ (သတိ + ပုံမှန် + ရှောင် + လွှင့်ပစ်)
အောက်ဆုံးတန်းက ဆေးလုံးလေးတွေ မေ့ခဲ့ရင်တော့ မေ့ခဲ့တဲ့အလုံးကို လွှင့်ပစ်ပြီး ပုံမှန်အတိုင်း ဆက်သောက်ရုံပါပဲ။
၁၀။ Your life, your choice

ဒီသောက်ဆေးကတော့ အမျိုးသမီးတွေ အသုံးအများဆုံး သားဆက်ခြားနည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းအားလုံးမှာတော့ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂.၂.၂၀၁၇

No comments:

Post a Comment