ads bit

Pages

Friday, September 21, 2018

မုဒိမ်းမှုကာကွယ်ရေးမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ

မုဒိမ်းမှုကာကွယ်ရေးမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ
မုဒိမ်းမှုကာကွယ်ရေးမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ”

ဒီတစ်ပတ်တော့ အမျိုးသားကျန်းမာရေးအကြောင်း မရေးဖြစ်ဘဲ ခုလတ်တလော လူပြောများနေတဲ့ ကိစ္စလေးတစ်ခုနဲ့ ပတ်သက်လို့ ပြောချင်ပါတယ် ညီလေးတို့ရေ။ ဘာလဲဆိုတော့ ညီတို့လည်း သိနေကြမယ့် ကိစ္စတစ်ခုပါ။ ကောင်မလေးတစ်ယောက် အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတဲ့ သတင်းပါ။

အစ်ကို သိတာပေါ့၊ ညီလေးတို့ဟာ ဒီလိုအောက်တန်းကျတဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မယ့်လူတွေ မဟုတ်ဘူး ဆိုတာကို။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ညီလေးတို့ အစ်ကိုတို့ ယောကျာ်းတွေအနေနဲ့ မုဒိမ်းမှုကာကွယ်ရေးမှာ ဘယ်လိုပါဝင်ပေးလို့ရမလဲ ဆိုတာကို ပြောချင်ပါတယ်။ ဒါကလည်း အကြောင်းရင်းရှိပါတယ်။ လူဆိုတာက အချင်းချင်းပြောရင် ပိုနားဝင်တယ်လေ။ မိန်းကလေးတွေကို အကာအကွယ်ပေးဖို့အကြောင်း မိန်းကလေးကနေ ပြောရင် သိပ်လက်မခံချင်ကြဘူး။ ယောကျာ်းအချင်းချင်းပြောတော့မှ ပိုပြီး အဆင်ပြေတာမျိုးလေ။ ဒီတော့ ညီတို့တွေ ဒီဆောင်းပါးကို ဖတ်ပါ။ ပြီးတော့ အချင်းချင်း ပြန်ဝေမျှပေးပါ။

တကယ်တော့ မုဒိမ်းမှုဆိုတာ အပြင်းထန်ဆုံးသော လိင်အကြမ်းဖက်မှုတစ်ခုဖြစ်တယ်။ သူ့လောက် မဆိုးပေမယ့် နေ့စဉ်နဲ့အမျှ အစ်ကိုတို့လုပ်မိနေကြတဲ့ အကြမ်းဖက်မှုတွေ ရှိနေသေးတယ်။ ဥပမာ ကောင်မလေးတစ်ယောက် ဖြတ်လျှောက်သွားတယ်။ အဲဒီမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ညီလေးတို့က လှမ်းအော်မယ်၊ “ဖြည်းဖြည်းလျှောက်ပါ၊ ပြုတ်ထွက်ကုန်ပါ့မယ်”၊ “အိုးလေးလှုပ်ပါဟေ့၊ ရေအိုးလေး လှုပ်ပါဟေ့” စသဖြင့်ပေါ့။ ညီတို့စိတ်ထဲမှာတော့ ဒါက စနောက်တာပဲ၊ ယောကျာ်းလေးသဘာဝ ဘာဖြစ်လဲပေါ့။ ဒါပေမယ့် အဲဒါက အကြမ်းဖက်မှုမြောက်ပါတယ်။ စဉ်းစားကြည့်၊ အဲ့လိုစနောက်ခံလိုက်ရတဲ့ မိန်းကလေးက ပျော်သွားမယ်ထင်လား။ တအားရှက်သွားမှာပေါ့။ စိတ်တွေတိုသွားမှာပေါ့။ သူ့နေရာမှာ ကိုယ့်နှမ၊ ကိုယ့်ချစ်သူသာဆို စတာပဲလေ ဆိုပြီး သည်းခံခိုင်းမလား စဉ်းစားကြည့်ပါ။ တကယ်တော့ အဲဒါလေးတွေက ဘာမှမဟုတ်ဘူး ထင်ရတယ်။ ဒါပေမယ့် အကြမ်းဖက်မှုအသေးစား ဖြစ်လို့ အဲဒီလို လုပ်တတ်တဲ့ ယောကျာ်းတွေဟာ အကြမ်းဖက်မှုအကြီးစားဖြစ်တဲ့ ခုလိုမုဒိမ်းမှု ကျူးလွန်ဖို့ရာလည်း ဖြစ်နိုင်တာပေါ့။ ဘာလို့ဆိုတော့ မိန်းကလေးဆိုတာ အဲ့လိုအနိုင်ကျင့်လို့ရတယ် ဆိုတဲ့အသိ သူ့ဆီမှာ ၀င်နေပြီလေ။ ဒါကြောင့် အသေးဆုံးအနေနဲ့ အဲ့လိုအပြုအမူတွေကို ရှောင်ပါ။ အချင်းချင်းလုပ်နေတာ တွေ့ရင်လည်း တားဆီးပါ။

တကယ်တော့ ဒီလိုအမှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ခွန်အားမညီမျှမှုကြောင့်ပါ။ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ယောကျာ်းက ခွန်အားကြီးတယ်လေ။ ဒီတော့ အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်ပေါ့။ ဒီနေရာမှာ ညီတို့ စဉ်းစားကြည့်။ မိန်းကလေးအားလုံးနီးပါးဟာ အစ်ကိုတို့ထက် ခွန်အားနည်းကြတာပဲ။ ဒါပေမယ့် ယောကျာ်းတိုင်းက ပြုကျင့်နေကြသလား။ အစ်ကိုတို့ ညီတို့ဆို မပြုကျင့်ဘူးလေ။ ပြုကျင့်ဖို့မပြောနဲ့၊ စိတ်ကူးတောင် မယဉ်ဖူးဘူး။ ဘာလို့ အဲ့လိုကွာခြားသွားတာလဲ ဆိုတော့ မိန်းကလေးတစ်ယောက်ကို ရှုမြင်ပုံကွာခြားသွားလို့ပဲ။ စိတ်ဓါတ်အောက်တန်းကျတဲ့သူတွေက မိန်းကလေးက အားနွဲ့ပါတယ်ကွာ၊ ငါတို့ အနိုင်ကျင့်လို့ရပါတယ် လို့ တွေးတဲ့အချိန်မှာ စိတ်ဓါတ်အဆင့်အတန်း မြင့်တဲ့သူတွေကတော့ မိန်းကလေးတစ်ယောက်ကို မြင်ရင် သြော် သူလည်း လူတစ်ယောက်ပဲ၊ သူ့မှာလည်း လူ့ဂုဏ်သိက္ခာရှိတယ်၊ ဒါကို လေးစားရမယ်၊ သူ့စိတ်ဆန္ဒမပါဘဲ ဘာကိုမှ မလုပ်သင့်ဘူးလို့မြင်တယ်။

သေချာစဉ်းစားကြည့်ပါ။ ခုကြားသိနေရသမျှ သက်ငယ်မုဒိမ်းအပါအ၀င် မုဒိမ်းမှု အားလုံးနီးပါးမှာ ပြုကျင့်ခံရသူတွေက လျှပ်ပေါ်လော်လီ ၀တ်စားမထားကြဘူး။ ဘာလိင်စွဲဆောင်မှုမှ လုပ်မနေကြဘူး။ ဒါကြောင့် မုဒိမ်းမှုတွေဖြစ်နေရခြင်းရဲ့ အဓိကပြဿနာက ပြုကျင့်ခံရသူဘက်မှာ ရှိနေတာမဟုတ်ဘူး၊ ပြုကျင့်သူရဲ့ လူမဆန်မှုသာဖြစ်တယ်။ ဒါကို သဘောပေါက်ဖို့ လိုတယ်။ ပြီးတဲ့အခါ မိန်းကလေးတွေအပေါ် တန်ဖိုးထားတဲ့ အမြင်မျိုးရှိလာဖို့ ယောကျာ်းအချင်းချင်း ပြောပေးဖို့လိုတယ်။

ဒီတော့ ကိုယ့်သူငယ်ချင်းတွေထဲကဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က တခြားလူဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ကို နှုတ်နဲ့ စနောက်ပြောဆိုနေရင် တားဆီးပါ။ အဲဒါဟာ မိန်းကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စော်ကားနေတာ ဖြစ်တဲ့အကြောင်း သူ့ကို အသိပေးပါ။ မင်းကွာ မင်းနှမလေးသာဆို အဲ့လိုပြောရင် မင်းကြိုက်ပါ့မလား စသဖြင့် ညီတို့ဘက်ကိုလည်း ရန်မမူအောင် ပြောဆိုပေါ့။

ငါ ဒီနေ့ ဟိုကောင်မလေးကို ဘယ်လိုလုပ်ခဲ့တာကွ ဆိုပြီး သူအသားယူခဲ့တဲ့အကြောင်းတွေ အာပေါင်အာရင်းသန်သန် လာပြောနေရင်လည်း နားမထောင်ပါနဲ့။ အဲဒါဟာ အင်မတန်ယုတ်ညံ့တဲ့ လုပ်ရပ်ဖြစ်လို့ ကိုယ်လက်မခံကြောင်း၊ နားထောင်မပေးနိုင်ကြောင်း ပြသပါ။

အဲဒီလိုပဲ ယောကျာ်းလေး သူငယ်ချင်းတွေကြားထဲ လုပ်တတ်ကြတာလေး ရှိတယ်။ အဲဒါ သူနဲ့ ဘယ်ရည်းစားနဲ့တုန်းက ဘယ်လိုတွေ အတူနေခဲ့တဲ့အကြောင်း လာပြောနေတာပေါ့။ တကယ်တမ်း ဟုတ်ချင်မှလည်း ဟုတ်မယ်။ အထင်ကြီးခံရအောင် ပြောတာပေါ့ကွာ။ ဒါကြောင့် ဟုတ်တာပြောတာဖြစ်ဖြစ်၊ မဟုတ်ဘဲ လီဆယ်ပြီးပြောတာဖြစ်ဖြစ် အဲဒီလိုလုပ်တာမျိုးဟာ ဂုဏ်ယူစရာမဟုတ်ဘူး ဆိုတဲ့အသိ အစ်ကိုတို့ ယောကျာ်းလေးတွေအားလုံးမှာ ရှိဖို့လိုတာပေါ့။

ကောင်မလေးတစ်ယောက် အ၀တ်အစားလဲနေတာကို ခိုးပြီး ဗီဒီယိုရိုက်ထားတာ၊ ရိုက်ထားရုံတင်မကသေးဘဲ အဲဒါကိုပြပြီး မိန်းကလေးကို ခြိမ်းခြောက်၊ ကာမရယူတာ၊ ရည်းစားဘ၀က ဖြစ်ပျက်ခဲ့တာတွေကို အွန်လိုင်းပေါ်တင်ပြီး မိန်းကလေးကို အရှက်ခွဲတာ၊ ဒီလိုလုပ်ရပ်တွေအကုန်လုံးကလည်း လိင်အကြမ်းဖက်မှုတွေပဲ ဖြစ်ပါတယ်။

နောက်ပြီး အချစ် ဆိုတဲ့ စကားလုံးလှလှလေးအုပ်ပြီး အကြမ်းဖက်တာကို အချစ်ကြီးတာနဲ့ ရောနေကြတဲ့ ကိစ္စ ရှိသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာကားတွေထဲမှာ ပါနေကျ ပြကွက်ပေါ့။ ညီလေးက ကောင်မလေးတစ်ယောက်ကို တအားချစ်တယ်၊ သူက ပြန်မကြိုက်ဘူး၊ အမျိုးမျိုးကြိုးစားတယ်၊ ထူးမလာဘူး၊ အဲဒါနဲ့ ကားတင်ပြေးတာ၊ ဆေးခပ်ပြီး ခိုးပြေးတာမျိုး လုပ်တယ်၊ ဘာလို့လဲဆိုတော့ အတူနေပြီးသွားရင် ဟိုကောင်မလေးက ကိုယ့်ကို မယူလို့မရတော့ဘူး။ ဒီလိုတွေးတာလေ။ စဉ်းစားကြည့်နော်၊ နှစ်ဦးသားရဲ့ ဆက်ဆံရေးက ဇာတ်လမ်းထဲမှာ မင်းသား၊ မင်းသမီးညားသွားသလို ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားမယ်ထင်လား။ မထင်ပါနဲ့၊ ဘယ်လိုမှကို ယုံကြည်မှု၊ နားလည်မှုမရှိတော့တဲ့ ဆက်ဆံရေးမျိုးနဲ့ ညီတို့နှစ်ယောက် ဖြတ်သန်းသွားကြရမှာပါ။ မိန်းကလေးမှာလည်း စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ပေါ့။

နောက်ဆုံးအနေနဲ့ ပြောချင်တာလေး ရှိပါတယ်။ အစ်ကိုတို့ ယောကျာ်းတွေရဲ့ စရိုက်လက္ခဏာကို သတ္တိနဲ့ တိုင်းတာလေ့ ရှိကြတယ်မဟုတ်လား။ မင်းက ယောကျာ်းဖြစ်ပြီး ငကြောက်လား၊ ဒါလေးတောင် သတ္တိမရှိဘူးလား။ ဟုတ်တာပေါ့။ ယောကျာ်းပဲ၊ သတ္တိရှိရမယ်။

ဒါဆို ယောကျာ်းတစ်ယောက်ရဲ့ သတ္တိဆိုတာ ဘာလဲ။ ဘယ်လိုနေရာမျိုးမှာ သတ္တိရှိရမှာလဲ။

ကိုယ့်ထက် ခွန်အားနည်းသူကို အနိုင်ကျင့်တာ သတ္တိလား။ ငါက ယောကျာ်းလေးပဲဆိုပြီး အခွင့်ကောင်းယူတာ သတ္တိလား။ ငါနဲ့နေပြီးရင် နင် မယူလို့မရတော့ဘူး၊ နင်နဲ့ငါနဲ့ အကြောင်းတွေကို လူသိအောင် ချပြလိုက်ရမလား ဆိုပြီး ခြိမ်းခြောက်တာ သတ္တိလား။ အဓမ္မလည်း ကျင့်သေး၊ ပြီးမှ ဖြစ်ပြီးသွားပြီပဲ၊ နင့်ကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းပါ့မယ် ဆိုပြီး သဘောထားကြီးပြနေတာက သတ္တိလား။

မဟုတ်ပါဘူး။ တစ်ခုမှ သတ္တိလို့ မခေါ်ထိုက်ပါဘူး။

တကယ်တော့ ယောကျာ်းကောင်းတစ်ယောက်ရဲ့ သတ္တိဆိုတာ ကိုယ့်ရှေ့မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘဲ အနိုင်ကျင့် အကြမ်းဖက်ခံနေရသူတွေရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ရဲခြင်းကို ခေါ်တာဖြစ်ပါတယ်။

ဒီလိုမုဒိမ်းမှုတွေ လျော့နည်းပပျောက်သွားဖို့ ဆိုတဲ့ကိစ္စမှာ အစ်ကိုတို့ယောကျာ်းတွေရဲ့ အဲဒီ’သတ္တိ’ကို အကြီးအကျယ် လိုအပ်နေပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၂၆.၁.၂၀၁၈

No comments:

Post a Comment