ads bit

Pages

Saturday, September 22, 2018

သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း (Intra-Uterine Device)

သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း (Intra-Uterine Device)
၁။ အဲဒါ ဘာလဲ

သားအိမ်ထဲမှာ ထည့်ထားရတဲ့ သားဆက်ခြားပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းပါဝင်တဲ့ ပစ္စည်းအမျိုးအစားလည်း ရှိပေမယ့် အသုံးနည်းပါတယ်။ အများအားဖြင့်ကတော့ ဟော်မုန်းအစား ကြေးနီပါဝင်တဲ့ပစ္စည်းကိုပဲ အသုံးပြုကြပါတယ်။ (ဒါကြောင့် အက္ခရာ T ပုံစံ ပစ္စည်းလေးကိုတော့ Cupper T လို့ ခေါ်တတ်ကြသလို၊ Y ပုံစံပစ္စည်းလေးကိုတော့ Cupper Y လို့ ခေါ်ကြပါတယ်) နှစ်ကာလအားဖြင့်တော့ (၅)နှစ်ခံ၊ (၁၀)နှစ်ခံရယ်လို့ ရှိပါတယ်။

၂။ အလုပ်လုပ်ပုံ

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီပစ္စည်းလေးကတော့ အမျိုးသမီးခန္ဓာကိုယ်ထဲ ၀င်လာတဲ့ သုက်ပိုးတွေကို ဖျက်ဆီးပစ်ပါတယ်။ ဒီတော့ အမျိုးသမီးဆီမှာ မမျိုးဥကြွေပေမယ့်လည်း ကိုယ်ဝန်မရတော့ဘူးပေါ့။

၃။ ဘယ်လိုထည့်ပေးတာလဲ

ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမက ထည့်ပေးဖို့ လိုပါတယ်။ မထည့်ခင်မှာ သားအိမ်ကို စစ်ဆေးပါတယ်။ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါလက္ခဏာတွေ ရှိမရှိ၊ သားအိမ်အရွယ်အစား၊ စတာတွေ စစ်ဆေးပြီး စိတ်ချရမှ ထည့်ပေးပါတယ်။ ထည့်စမှာ အနည်းငယ် နေရထိုင်ရခက်တာမျိုး ရှိတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ သက်သာသွားပါတယ်။ ထည့်လိုက်ကတည်းက အာနိသင်ပြတာမို့ အမျိုးသားနဲ့လည်း ရှောင်စရာမလိုပါဘူး။ အညှော်ရှောင်ရတာ၊ အနားယူရတာတွေလည်း လုပ်စရာမလိုဘဲ ထည့်ပြီးစ ရက်ပိုင်းလောက် ပြင်းပြင်းထန်ထန် မလှုပ်ရှားရင် ရပါပြီ။

၎။ ထိရောက်မှု

ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်တစ်ထောင်မှာ (၆)ယောက်ကနေ (၈)ယောက်သာ ရှိပါတယ်။

၅။ အားသာချက်တွေက ဘာတွေလဲ

-လက်မောင်းတွင်းထည့် ပစ္စည်းထက်စာရင် ဈေးသက်သာတယ်။

-(၁၀)နှစ်အထိ နှစ်ရှည်ခံတယ်။ အလုပ်ရှုပ်သက်သာတယ်။

-ထိရောက်မှု ကောင်းတယ်။

– သားအိမ်ထဲမှာ ထည့်တယ်၊ သားအိမ်ထဲမှာပဲ အလုပ်လုပ်တယ်။ သူ့အာနိသင်ကလည်း တခြားဘယ်နေရာကိုမှ မရောက်သလို တခြားနေရာမှာ ရောဂါတခုခုရှိလို့၊ ဆေးတခုခုသောက်နေရလို့ ဒီပစ္စည်းကို အာနိသင်ကျစေတယ်ဆိုတာမျိုးလည်း မရှိဘူး။

-သွေးတိုး၊ ဆီးချို၊ အသည်းရောဂါ၊ ရင်သားကင်ဆာ၊ ဒီရောဂါတွေရှိနေရင်လည်း စိတ်ချလက်ချ အသုံးပြုလို့ရတယ်။ အသင့်တော်ဆုံးနည်းလမ်းတစ်ခု ဖြစ်တယ်။

-ကလေးလိုချင်ပြီဆိုလည်း ချက်ချင်းပြန်ရတယ်။ စောင့်စရာ မလိုဘူး။

-သူ့ရဲ့ အထူးခြားဆုံးအချက်နှစ်ချက်ကတော့ အရေးပေါ်ကိုယ်ဝန်တားတဲ့အနေနဲ့လည်း ဒီပစ္စည်းကို ထည့်လိုက်လို့ရတာရယ်၊ သူ့ကိုမထည့်ခင်မှာ သားအိမ်ကို သေချာစစ်ဆေးတာဖြစ်တဲ့အတွက် ကိုယ့်မှာရောဂါတခုခု ရှိနေခဲ့ရင်လည်း စောစောစီးစီး သိနိုင်တယ်။

-တစ်လတစ်ခါ ရာသီပုံမှန်ပေါ်တယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘူး။

၆။ အားနည်းချက်တွေက ဘာတွေလဲ

-ထည့်ပေးမယ့် ဆရာဝန်၊ ဆရာမ၊ သို့မဟုတ် ကျွမ်းကျင်သူရဲ့ အကူအညီလိုတယ်။

-လစဉ်ရာသီပေါ်ပြီးတိုင်း ကြိုးစစမ်းကြည့်ဖို့ လိုတယ်။

ပစ္စည်းထည့်ပြီးသွားလို့ရှိရင် ပြန်ထုတ်တဲ့အခါ အဆင်ပြေအောင် ကြိုးစလေးကို သားအိမ်ခေါင်းရဲ့ အပြင်မှာ ထုတ်ထားခဲ့တယ်။ အဲဒီကြိုးစလေးကို ရာသီပေါ်ပြီးတိုင်း တစ်လတစ်ခါ စမ်းကြည့်ပေးရတယ်။ ကြိုးစစမ်းမမိတော့ဘူးဆိုရင် အထဲဝင်သွားတာလား၊ ပစ္စည်းပြုတ်ထွက်သွားတာလား သေချာအောင် လုပ်ရတယ်။ ပစ္စည်းကရှိသေးတယ်၊ ကြိုးစကသာ အထဲဝင်သွားတာ ဆိုရင် ပြဿနာမရှိဘူး၊ အဆင့်မြင့်ကိရိယာတစ်ခုနဲ့ ပြန်ထုတ်လိုက်လို့ရတယ်။ ပစ္စည်းကပြုတ်ထွက်သွားတာ၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူးဆိုရင်တော့ သားဆက်ခြားနည်းတခုခု ပြန်သုံးဖို့ လိုပါမယ် (ဒါပဲ ပြန်ထည့်မလား၊ နောက်တစ်ခုသုံးမလားပေါ့)။ ပြုတ်ထွက်သွားတာမသိဘဲနဲ့ ငါပစ္စည်းထည့်ထားတာပဲ ဆိုပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်ရင် မလိုချင်ဘဲ ကိုယ်ဝန်ရသွားနိုင်တယ်။ အလွန့်အလွန်ရှားပါးတယ်ဆိုပေမယ့်လည်း ဖြစ်နိုင်တာမို့ အမြဲမစမ်းနိုင်ရင်တောင် ထည့်စလအနည်းငယ်မှာတော့ စမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ထည့်စ လအနည်းငယ်အတွင်းမှာ ရာသီသွေး ကမောက်ကမ ဖြစ်တာ၊ နောက်ပိုင်း ပုံမှန်ဖြစ်သွားရင်လည်း အရင်ထက်စာရင် ဆီးစပ်ကိုက်တာ၊ ရာသီသွေး ပမာဏပိုများလာတာ၊ ရက်ပိုရှည်လာတာမျိုးတွေ ဖြစ်တတ်တယ်။

၈။ မသုံးစွဲသင့်သော အခြေအနေများ

အဖြူဆင်းနေရင်၊ သားအိမ်မှာ အလုံးအကြိတ်တစ်ခုခု ရှိနေရင်၊ သားအိမ်အရွယ်အစား ကြီးလွန်းသေးလွန်းရင်၊ ပုံမမှန်သွေးဆင်းနေရင် ထည့်ဖို့ မသင့်တော်ပါဘူး။

နောက်တစ်ခုက လိင်ဆက်ဆံဖက်များခြင်း၊ အမျိုးသား (သို့မဟုတ်) ကိုယ့်အဖော်မှာ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါလက္ခဏာတွေ ရှိနေခြင်း၊ စတဲ့ အခြေအနေမျိုးတွေမှာဆိုရင်လည်း ဒီပစ္စည်းကို ထည့်မပေးပါဘူး။

၉။ လွဲမှားတဲ့ အယူအဆများ

-ကင်ဆာဖြစ်တတ်တယ်၊ အနာဖြစ်တတ်တယ် ဆိုတာ မဟုတ်ပါဘူး။ စဉ်းစားမိတာကတော့ ကင်ဆာဖြစ်သူမှာမှ ဒီပစ္စည်းအသုံးပြုထားတာကို အထင်အမြင်လွဲမှားကြရာက စတယ် ပြောရပါမယ်။

-ထည့်ရင်းနဲ့ သားအိမ်ပေါက်ထွက်တယ် ဆိုတာမျိုးကလည်း ဖြစ်နိုင်ချေရှိပေမယ့် ကျွမ်းကျင်သူနဲ့သာ ထည့်မယ်ဆိုရင် စိတ်ပူစရာ မလိုပါဘူး။

-သားအိမ်ထဲထည့်ထားတဲ့ ပစ္စည်းက ဦးနှောက်ထဲရောက်သွားတယ်၊ နှလုံးဆီ ရောက်သွားတယ်ဆိုတာမျိုးတွေကတော့ မရှင်းပြတော့ပါဘူး။ ရောက်ချင်ရင်တောင် မရောက်ဘူးလို့ပဲ ပြောချင်ပါတယ်။

-လိင်ဆက်ဆံရာမှာ အနှောင့်အယှက်မဖြစ်ပါဘူး။ သားအိမ်ခေါင်းအပြင်မှာ ထုတ်ထားခဲ့တဲ့ ကြိုးစလေးက ခန္ဓာကိုယ်အပူချိန်နဲ့ ပျော့သွားပါတယ်။ ဒါကြောင့် လက်နဲ့စမ်းရင်တောင် သေချာလေး စမ်းရတာပါ။ လိင်ဆက်ဆံတဲ့အခါမှာ မသိသာပါဘူး။ အကယ်၍ ကြိုးစက လိုအပ်တာထက် ပိုရှည်နေတဲ့အခါ၊ အထဲက ပစ္စည်းက ပြုတ်ထွက်ပြီး ကြိုးစရှည်ထွက်လာတဲ့အခါတွေမှာတော့ ခံစားမိနေနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြကြည့်ဖို့ လိုအပ်ပါတယ်။

၁၀။ Your life, your choice

ဒီပစ္စည်းလေးကတော့ အသုံးပြုဖူးတဲ့ အမျိုးသမီးတော်တော်များများ သဘောကျကြသလို၊ တစ်ဖက်မှာလည်း အသုံးမပြုဖူးသေးတဲ့သူတွေ တအားကြောက်ကြတဲ့ သားဆက်ခြားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းအားလုံးမှာတော့ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၉.၁.၂၀၁၇

No comments:

Post a Comment