ads bit

Pages

Saturday, September 22, 2018

လူငယ်နှင့် မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ

လူငယ်နှင့် မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ
“အစ်ကို ကျွန်တော် ဟိုနေ့က ဘော်ဒါတွေမြှောက်ပေးတာနဲ့လေ အရက်ကလည်း နည်းနည်းမူးနေတော့ အဲဒါ..”

“ဆရာရယ်၊ သမီးကို ဖြစ်နိုင်ရင် ကူညီပါ၊ ခုမှ ဒုတိယနှစ်ပဲ ရှိသေးတော့ အိမ်က ရည်းစားရှိမှန်းတောင် မသိသေးဘူး၊ ဘယ်လိုမှယူလို့ မဖြစ်လို့ပါ၊ အမေတို့သိရင် သမီးကိုသတ်မှာ”

“ကျွန်တော့်မှာ အဲဒီလိုဖြစ်နေပြီဆိုရင် ကျွန်တော့ကောင်မလေးဆီရော ကူးသွားနိုင်လား ဆရာ။ သူနဲ့လည်း ကျွန်တော်အတူနေမိသေးတယ်”

မျိုးဆက်ပွါးကျန်းမာရေးလုပ်ငန်းလုပ်နေတဲ့ ကိုယ့်အတွက်တော့ ဒီစကားတွေက မကြားချင်မှအဆုံးပဲ။ လူငယ်တွေရဲ့ သဘာဝဟာ လွတ်လပ်ချင်တယ်၊ အရာရာကို စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်၊ အတွေးအခေါ်သစ်၊ အယူအဆသစ်တွေကို သဘောကျတယ်၊ လူစိတ်ဝင်စားတာ ခံချင်တယ်၊ ခေတ်ရှေ့ပြေးချင်တယ်။ အဲဒီအတွက် ဒီနေ့ခေတ် လူငယ်တွေကြားမှာ တက်တူးတွေ ထိုးလာကြတယ်၊ အ၀တ်အစား၊ ဖက်ရှင်ပုံစံတွေ ပြောင်းလာကြတယ်၊ လက်မထပ်ခင်အတူနေတာတွေ ဖြစ်လာတယ်။ မိန်းကလေးတွေ အရက်သောက်လာကြတယ်၊ နည်းပညာအသုံးပြုမှုတွေ အရမ်းများလာတယ်။ ဒီလိုပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေကြောင့် တိုးတက်လာတာတွေ ရှိသလို၊ တစ်ဖက်မှာလည်း လူငယ်တွေအနေနဲ့ မလိုချင်ဘဲကိုယ်ဝန်ရတာတွေ၊ ရောဂါကူးစက်တာတွေ၊ ဒါတွေလည်း ဖြစ်လာရတယ်။

အဲဒီလိုမျိုးကိစ္စတွေ ဖြစ်လာပြီဆိုရင် တော်တော်များများက ပြောတတ်ကြတယ်၊ လူငယ်တွေ မျိုးဆက်ပွါးကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာမရှိလို့ ဖြစ်ရတာ တဲ့။ ဟုတ်ပါတယ်၊ သူတို့လေးတွေမှာ ဒါတွေနဲ့ပတ်သက်တဲ့ အသိပညာတွေ အားနည်းကြတယ်။ ဒါပေမဲ့ တကယ့်မူလအကြောင်းရင်းက ရှိပါသေးတယ်။ အဲဒါကတော့ “လူတစ်ယောက်ချင်းစီမှာ ရှိတဲ့ လိင်နဲ့မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို လူငယ်တွေ ရမနေကြတာကြောင့်”ပဲ ဖြစ်ပါတယ်။

လူ့အခွင့်အရေး လို့ ပြောလိုက်တိုင်းမှာ အခြေခံအကျဆုံး လုပ်ရမဲ့အချက်က လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ သူတစ်ပါးရဲ့ အခွင့်အရေးကို လေးစားပေးကြဖို့ပါပဲ။

“All individuals have to respect the rights of others.”

ဂျာနယ်တစ်စောင်မှာ ဖတ်ဖူးပါတယ်။ ပြင်သစ်မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ယောက်ကို ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အာရှသားတစ်ယောက်နေရာလိုနေလို့ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းတယ်။ အဲဒီအကြောင်းကို သူက ပြန်ပြောပြထားတယ်၊ ‘ဒီမှာက Human rights ကို အလေးပေးကြတော့ ကမ်းလှမ်းလာတဲ့သူတွေက ကျွန်တော့်ရဲ့အလုပ်ချိန်၊ အားလပ်လို့ ကျွန်တော်ဘောလုံးကစားမဲ့အချိန်၊ ဒါတွေအားလုံးကို ထည့်စဉ်းစားပြီးမှ ရိုက်ကွင်းလာရမဲ့အချိန်ကို အဆင်ပြေအောင် စီစဉ်ပေးတယ်’ တဲ့။ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံများမှာတော့ လူလူချင်း မပြောနဲ့၊ တိရိစ္ဆာန်ကိုတောင် လေးလေးစားစား ဆက်ဆံတတ်ကြတယ်။ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိလဲဆိုတာကိုလည်း သိတယ်၊ တောင်းလည်းတောင်းဆိုတတ်တယ်၊ အဲဒီလိုပဲ သူတစ်ပါးရဲ့ အခွင့်အရေးတွေကိုလည်း တန်ဖိုးထားတယ်၊ လေးစားတယ်။ ပြောရရင်တော့ သူတို့တွေဟာ ကိုယ့်ကိုကိုယ် ‘လူ’လို့ ခံစားရတယ်၊ အဲဒီတော့ ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ‘လူ’လို့မြင်နိုင်ကြတယ်။ ကျွန်တော်တို့လို လူအခွင့်အရေး ဆိုတဲ့စကားလုံးကို မနေ့တစ်နေ့ကမှ ပါးစပ်က ကျယ်ကျယ်လောင်လောင် ပြောရဲတဲ့ တိုင်းပြည်များမှာကျတော့ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိမှန်းလည်း မသိဘူး၊ ရှိမှန်းတောင် မသိတဲ့နောက်တော့ တောင်းဆိုရကောင်းမှန်း လေးစားရကောင်းမှန်းလည်း မသိကြတော့ဘူး။ ကျွန်တော်တို့ဆီက ဆရာဝန်နဲ့လူနာ၊ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် ဆက်ဆံကြတဲ့ပုံစံတွေကို သူတို့ဆီက ပုံစံတွေနဲ့ ချိန်ထိုးကြည့်ကြည့်ရင် ဒီကွာခြားချက်ကို အလွယ်တကူ သိနိုင်တယ်။ ဒီနေ့လူငယ်တွေ ကြုံနေရတဲ့ ကျန်းမာရေးပြဿနာများဟာလည်း အဲဒီလိုအခွင့်အရေးတွေ ဆုံးရှုံးနေရတာကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးများဆိုတာက လူသားအားလုံးနဲ့ သက်ဆိုင်တာပါ။ ဘယ်အချိန်မှာ ဘယ်သူနဲ့ အိမ်ထောင်ပြုမယ်၊ ကလေးဘယ်နှယောက်ယူမယ် ဆိုတာတွေကို ဆုံးဖြတ်ပိုင်ခွင့်၊ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နိုင်ခွင့်၊ ဒါတွေပါပါတယ်။ ဒါပေမဲ့ အခုတော့ လူငယ်တွေနဲ့ အဓိကသက်ဆိုင်နေတဲ့ အခွင့်အရေးတွေအကြောင်းပဲ ပြောသွားပါ့မယ်။

၁) မျိုးဆက်ပွါးကျန်းမာရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များအား ရှာဖွေရယူပိုင်ခွင့်

(Right to seek, receive and impart information related to sexual and reproductive health)

ခုနက လူကြီးတွေ ပြောပြောနေကြတဲ့ လူငယ်တွေ အသိပညာမရှိလို့ ဆိုတဲ့ကိစ္စရဲ့ အကြောင်းရင်းခံက ဒါပါပဲ။ လူကြီးတွေ၊ ဆရာသမားတွေ၊ မိဘတွေတော်တော်များများမှာ ဒီအကြောင်းအရာတွေကို ကလေးတွေ မသိသင့်ဘူး၊ သိရင် မဟုတ်တာတွေ လုပ်ကုန်ကြလိမ့်မယ်ဆိုတဲ့ ရှေးရိုးစွဲအတွေးအခေါ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်လို့ရှိရင် ပေးမသိချင်ကြဘူး၊ စာအုပ်တွေဖတ်ရင်လည်း ပိတ်ပင်တယ်၊ မေးလည်းပြန်မဖြေကြဘူး၊ ပညာသင်ရမဲ့အရွယ်မှာ ပညာပဲသင် လို့ဆုံးမကြတယ်။ တစ်ခါ မိန်းကလေးဆိုတာ အရှက်အကြောက်ကြီးရမယ်ဆိုတဲ့ အဆုံးအမမျိုးနဲ့ ထပ်ပေါင်းလိုက်တဲ့အခါကျတော့ မိန်းကလေးတွေရဲ့ မျိုးဆက်ပွါးကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာက တော်တော်လေးကို နည်းသွားတယ်။ ကိုယ့်ခန္ဓာကိုယ်ကရာသီသွေး ဘာကြောင့်ဆင်းရသလဲ၊ ကိုယ်ဝန်ဆိုတာ ဘာကြောင့်ရရသလဲ၊ ဒါတွေကိုတောင် သိမနေကြဘူး။ သိအောင်လည်း မကြိုးစားကြဘူး၊ ရှက်နေကြောက်နေကြတယ်။ ဒီအခါမှာ ခု အားလုံးတွေ့နေကြရသလို မလိုလားအပ်တဲ့ ပြဿနာတွေအများကြီး ဖြစ်လာရတယ်။

လူကြီးမိဘတွေက ‘သူတို့ဒါတွေသိရင် မဟုတ်တာလုပ်ကုန်တော့မှာပဲ’ လို့ယူဆပြီး ပိတ်ပင်ခဲ့ကြပေမဲ့ တကယ့်စစ်တမ်းတွေ လုပ်လိုက်တဲ့အခါကျတော့ သူတို့ထင်ထားတာနဲ့ တက်တက်စင်အောင်ကို လွဲနေတာ တွေ့လိုက်ရတယ်။

လိင်ဆက်ဆံမှုမစခင်အရွယ်မှာ မျိုးဆက်ပွါးကျန်းမာရေးအသိပညာတွေ ရထားခဲ့တဲ့ လူငယ်တွေဟာ မရခဲ့တဲ့ လူငယ်တွေနဲ့စာရင် ပိုပြီးကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်သတဲ့။

တကယ်တော့ မျိုးဆက်ပွါးကျန်းမာရေးပညာပေး (Sexuality education) ဆိုတာ မီး လိုပါပဲ။ မသုံးတတ်ရင်တော့ လူကိုဒုက္ခပေးသွားနိုင်ပေမဲ့ အသုံးပြုတတ်မယ်ဆိုရင်လည်း လူကို အများကြီးအကျိုးပြုပါတယ်။ သိမှ မဟုတ်တာတွေ လုပ်ကုန်မှာ မဟုတ်ပါဘူး၊ သိမှ မဟုတ်တာတွေ မလုပ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေကို ကျွန်တော်တို့ ပေး’သိ’ဖို့ လိုပါတယ်။

၂) အရည်အသွေးမြင့် မျိုးဆက်ပွါးကျန်းမာရေးဝန်ဆောင်မှုများအား လက်လှမ်းမီမီ ရယူပိုင်ခွင့်

(Right to access to the highest attainable standard of sexual and reproductive health)

ခုနကလို အသိပညာရဖို့ ပိတ်ပင်ခံထားရတဲ့ လူငယ်တစ်ယောက်ဟာ မျှော်လင့်မထားဘဲ ပြဿနာတစ်စုံတစ်ရာ ကြုံလာတဲ့အခါမှာလည်း အကူအညီပေးနိုင်တဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် ရယ်လို့ မရှိဘူး။ အဖေသိရင် သတ်မှာ၊ အမေသိရင် သတ်မှာ စိတ်ပူနေရတယ်။ သူငယ်ချင်းကို ဖွင့်ဟတိုင်ပင်တော့လည်း သူက ကိုယ်နဲ့ထူးမခြားနား။ အဲဒီမှာတင်ပဲ ကိုယ်ဝန်ဖျက်ချဖို့ တရားမ၀င်နေရာတွေဆီ သွားတယ်၊ ကိုယ့်ဟာကိုယ်တွေကြံစည်ကြ ကြိုးစားကြတယ်၊ အဲဒီကနေ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ လိုက်လာပါတော့တယ်။

ဒီလိုပြဿနာမျိုး ကြုံနေရတဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆေးခန်းတစ်ခုကို သွားပြီး သူ့အကြောင်းတွေ ဖွင့်ပြော၊ အကြံဥာဏ်တောင်း၊ ဆေးအကုခံဖို့ဆိုတာ တော်တော်လေး မလွယ်တဲ့ကိစ္စပါ။ နေမကောင်းဖြစ်လို့ သွားပြရသလို မလွယ်ပါဘူး။ အဲဒီအခါမှာ ဆေးခန်းက ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေအနေနဲ့ သတိထားစရာ အများကြီးပဲ ရှိလာပါတယ်။ လူနာတွေမှာ ရှိတဲ့ အခွင့်အရေးတစ်ခုဖြစ်တဲ့ Right to privacy and confidentiality ကို လေးစားပေးဖို့ကတော့ အဓိကအသက်ပါပဲ။

အရည်အသွေးဆိုတာ ဆေးကုတာတော်ရုံတစ်ခုတည်း မဟုတ်ပါဘူး။ အရင်ဆုံးအနေနဲ့ ဒီလူငယ်တွေကို လေးလေးစားစား ဆက်ဆံဖို့ အရေးကြီးပါတယ်။ ဒီလိုကူညီသူမဲ့နေတဲ့ လူငယ်တွေကို ကျွန်တော်တို့ကိုယ်တိုင်က ကရုဏာဒေါသနဲ့ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ရဲ့စိတ်ကိုက ဒီလိုအမူအကျင့်တွေကို မကြိုက်လို့ဖြစ်ဖြစ် ဆူမိမယ်၊ ပြောမိမယ်ဆိုရင် သူတို့ကို ချောက်ထဲတွန်းပို့သလို ဖြစ်သွားတော့မှာပါ။ ကိုယ်ဝန်ရှိသွားပြီ၊ ဒါဆို ယူလိုက်ပေါ့၊ ငါကတော့ မလုပ်ပေးနိုင်ဘူးလို့ တစ်ခွန်းတည်းပြောလိုက်တာဟာလည်း ဆရာဝန်တစ်ယောက်ရဲ့ တာဝန်မကျေဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ သူ့ရဲ့ပြဿနာကို သေချာနားထောင်ပေးပြီး တတ်နိုင်သမျှ အကြံဥာဏ်ပေးတာ၊ ဆွေးနွေးပေးတာတွေလည်း လုပ်ပေးဖို့ လိုပါတယ်။ နောက်ပြီး ကိုယ့်ဆေးခန်းတွေမှာ privacy ကောင်းကောင်းရှိဖို့လည်း လိုပါသေးတယ်။ အရေးကြီးဆုံးကတော့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးခြင်း (Confidentiality) ပါပဲ။ ဒါဟာ ဆရာဝန်တိုင်းရဲ့ ကျင့်ဝတ်တစ်ခု ဖြစ်ပေမဲ့လို့ ကိုယ့်ဆေးခန်းက ဆရာဝန်မဟုတ်သော တခြားဝန်ထမ်းများကိုလည်း ပြောပြထားဖို့ လိုပါလိမ့်မယ်။ အများအားဖြင့်က ဒီလိုကိစ္စဆိုရင် မိဘအုပ်ထိန်းသူကိုတော့ သွားအသိပေးသင့်တယ်၊ ဒါမှ တာဝန်ကျေရာရောက်မယ်လို့ ခံစားတတ်ကြလို့ပါ။ ကာယကံရှင်ရဲ့ဆန္ဒမပါဘဲ သူ့အတွင်းရေးကို ဖွင့်ပြောခဲ့ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုဖြစ်လာစေမှာ ဖြစ်ပါတယ်။

၃) မိမိလက်တွဲဖော်ကို စိတ်တိုင်းကျရွေးချယ်ပိုင်ခွင့်

(Right to choose their partner)

ဒါက ခုခေတ်မှာတော့ တော်တော်လေး ရှားသွားပါပြီ။ အိမ်က ပေးစားတဲ့သူနဲ့ မချစ်မနှစ်သက်ဘဲ ယူရတာ၊ မိဘတွေက ကောင်းမယ်ထင်လို့ စီစဉ်တာ၊ မိဘက လက်နဲ့ရေးတာကို နင်က ခြေနဲ့မဖျက်နဲ့ ဆိုတဲ့ မြန်မာဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတွေဟာ တကယ်တော့ သားသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးကို မိဘတွေက လျစ်လျူရှုနေကြကြောင်းကို ပြနေတာပါပဲ။ အိမ်ထောင်တစ်ခုမှာ စစ်မှန်တဲ့အိမ်ထောင်ဖက်ရဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ အဲဒါကြောင့် မိဘက ကောင်းမယ်ထင်သလို စီစဉ်တာထက် သားသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးကို လေးစားပြီး ဘေးနားက ၀ိုင်းဝန်းအကြံပေးကြတာက သားသမီးတွေအတွက် ပိုလို့ကောင်းစေမှာပါ။        ။

ဒီနေ့ လူငယ်တွေကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေဟာ အသိပညာမရှိလို့ ဆိုတာထက် သူတို့မှာရှိနေတဲ့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို ရမနေကြလို့ လို့ပြောရင် ပိုမှန်ပါမယ်။ ဒါကြောင့် ဒီအခွင့်အရေးတွေနဲ့ပတ်သက်ပြီး လူငယ်တွေတင်မဟုတ်ဘဲ လူကြီးတွေပါ သိထားကြဖို့ အရေးကြီးပါတယ်။

လူပျိုအပျိုရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ်ခန္ဓာမှာ သိသိသာသာ ဖွံ့ဖြိုးပြောင်းလဲလာသလို ပတ်ဝန်းကျင်မှာလည်း ပြောင်းလဲမှုတွေရှိလာတယ်။ မိဘတွေက ပိုစိတ်ပူလာကြတယ်၊ ချုပ်ချယ်လာကြတယ်၊ မိဘရဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ အသစ်အဆန်းကိုမှ သဘောကျတဲ့ လူငယ်တွေကြားမှာ ပဋိပက္ခတွေ ဖြစ်လာတယ်။ ဘေးလူတွေက ဝေဖန်ပုတ်ခတ်တဲ့အခါ လူငယ်ပီပီ အရွဲ့တိုက်ပစ်ချင်တယ်။ လူငယ်အချင်းချင်းကြားထဲမှာလည်း အပြိုင်အဆိုင်တွေ ရှိလာတယ်၊ မခံချင်စိတ်တွေ ဖြစ်လာတယ်။ နောက်ပြီး လက်တည့်စမ်းဖို့ သွေးဆောင်စည်းရုံးမှုတွေလည်း ရှိလာမယ်။ ဒီလိုပြောင်းလဲမှုတွေ၊ ရိုက်ခတ်မှုတွေရဲ့ကြားထဲကနေ ကျန်းမာပျော်ရွှင်တဲ့ လူငယ်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ လူငယ်တွေမှာ လုံလောက်တဲ့အသိပညာတွေ ရှိနေဖို့ လိုအပ်ပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့တွေအနေနဲ့ ရှေးရိုးစွဲအယူအဆတွေကို နောက်မှာချန်ထားခဲ့ပြီး လူငယ်တွေမှာရှိနေတဲ့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပေးကြဖို့ လိုပါတယ်။

ပီးပြည့်စုံသော လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း ဆိုတာ

ပြီးပြည့်စုံသော လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း ဆိုတာ
၁။ မိတ်ဆက်ခြင်း (Introduction)

Sex education လို့ အလွယ်ပြောကြတဲ့ လိင်ပိုင်းဆိုင်ရာအသိပညာ ပေးတယ် ဆိုတဲ့ကိစ္စရပ်ဟာ ဒီနိုင်ငံမှာတင်မကဘဲ၊ ကမ္ဘာအနှံ့အပြားမှာကို ငြင်းကြခုန်ကြရတဲ့ ကိစ္စတစ်ခုပါ။ အမေရိကန်လိုနိုင်ငံတောင် ဒါကိုကျောင်းသင်ရိုးမှာ ထည့်သင်ဖို့ ပြည်နယ်တိုင်း လက်မခံပါဘူး။ တချို့ပြည်နယ်တွေမှာပဲ ရတာပါ။

ဒီကိစ္စအပေါ်မှာ အဆိုးမြင်ကြတာလေးတချို့ကို ရှင်းပြရရင်-

-လူငယ်တွေဟာ ဒီလိုအသိပညာတွေ သိကုန်ရင် sex ကိစ္စတွေ ပိုလုပ်လာကြတော့မှာပေါ့၊ သူတို့ကို သင်ပေးလိုက်သလိုဖြစ်မယ် ဆိုပြီး ထင်တတ်ကြပါတယ်၊ ဒါကြောင့် လက်မထပ်မချင်း လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ကြရမယ် ဆိုတာကိုပဲ လူကြီးတွေက သင်ကြားပေးကြတယ်။ သားဆက်ခြားတယ်ဆိုတာ ဘာလဲ၊ ကိုယ်ဝန်ဆိုတာ ဘာကြောင့်ရတယ် စသဖြင့် ပြည့်ပြည့်စုံစုံ ပြောပြလေ့မရှိကြဘူး။

အမှန်ကတော့ စစ်တမ်းတွေအရ ပြောရရင်၊ ဒီလိုအသိပညာတွေကို ရထားတဲ့ လူငယ်တွေဟာ မရထားတဲ့ လူငယ်တွေထက် လိင်ဆက်ဆံတဲ့ကိစ္စကို ပိုပြီးထိန်းချုပ်နိုင်ကြတာကို တွေ့ရတယ်။ ကောင်းကောင်းနားလည် သဘောပေါက်သွားတဲ့အတွက် အန္တရာယ်ကို ရှောင်နိုင်သွားတဲ့သဘောပါ။

-ဒီလိုသင်ပေးတာတွေက သိပ်ငယ်လွန်းတဲ့ကလေးတွေရှေ့ပါမရှောင် ပြောနေဆိုနေကြတာ တဲ့။

အဲဒါလည်း မဟုတ်ပါဘူး။ အသက်အရွယ်နဲ့ ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ် အခြေခံပြီး သင့်တော်တာတွေကိုပဲ ပြောကြတာပါ။

-နောက်ပြီး ဒါတွေဟာ ကိုယ့်ယဉ်ကျေးမှုနဲ့ တန်ဖိုးထားရမယ့်အရာတွေကိုလည်း ထိခိုက်စေတယ် တဲ့။

ဒီလိုလည်းမဟုတ်သေးပြန်ဘူး။ အမေရိကန်လိုနိုင်ငံမှာ ကလေးဖျက်ချတာ၊ လိင်ဆက်ဆံတာတွေဟာ သိပ်ပြီး မထူးခြားသလို ဖြစ်နေပေမယ့် အဲဒီအတိုင်း မြန်မာနိုင်ငံမှာ လာပြော၊ လာသင်ပေးလို့ မရပါဘူး။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာတရားနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်ရပါတယ်။

ခုခေတ်မိဘတွေကတော့ ဘာပဲပြောပြော အရင်ထက်စာရင် သားသမီးတွေကို ဒီလိုအသိပညာတွေ သင်ပေးရကောင်းမှန်း နားလည်လာကြပါပြီ။ ခေတ်ကလည်း သိပ်မြန်၊ သိပ်ပွင့်လင်းနေပြီကိုး။ ကိုယ်ကသာ ပိတ်ပင်မယ်လုပ်နေတာ၊ ကလေးက သူ့လက်ဖ၀ါးပေါ်မှာ ဟိုပွတ်ဒီပွတ်လုပ်ရုံနဲ့တင် ဓါတ်ပုံ၊ ဗွီဒီယို၊ ရုပ်ရှင် အကုန်လုံးကို လက်လှမ်းမီနေပြီ။ ဒါကြောင့် မိဘတွေအနေနဲ့လည်း ရှေးရိုးစွဲမနေသင့်တော့ဘူး။

ဟုတ်ပြီ၊ အဲဒီလိုသင်ပေးမယ်ဆိုတော့ ပြဿနာကပေါ်လာတယ်၊ ဘယ်အရွယ်မှာ ဘာပြောရမလဲ ဆိုတဲ့ကိစ္စ။ လက်ရှိမှာ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုသင်ခန်းစာတွေကို ကျောင်းသင်ရိုးညွှန်းတမ်းထဲ ထည့်သင်ဖို့ ပြင်ဆင်နေကြတာ ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုဘယ်လောက်သင်သင်၊ မိဘဆိုတာ လက်ဦးဆရာဖြစ်သလို၊ အရင်းနှီးဆုံးပုဂ္ဂိုလ်များလည်း ဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းမှာသင်ရင် ပြီးတာပဲ လုပ်လို့မရပါဘူး။ မိဘတွေအနေနဲ့လည်း ဒါကိုသိထားဖို့ လိုပါလိမ့်မယ်။

တကယ်တော့ Comprehensive Sexuality Education ဆိုတာ လိင်ပိုင်းဆိုင်ရာတွေပဲ သင်ပေးတာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆိုတာ ဘယ်လိုရတယ်၊ ရောဂါတွေ ဘယ်လိုကူးတယ် စသဖြင့် ဒါတွေပြောပြရုံနဲ့လည်း တကယ်ဆို မလုံလောက်ပါဘူး။ သူကြုံလာရမယ့်ပြဿနာတွေ၊ ဥပမာ အပေါင်းအသင်းရဲ့ ဖိအားကို ဘယ်လိုလွန်ဆန်မလဲ၊ ရည်းစားရဲ့တောင်းဆိုမှုကို ဘယ်လိုတောင့်ခံမလဲ၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ဘယ်လိုဆက်ဆံမလဲ၊ ဒါတွေအတွက်လည်း ပြင်ဆင်ပေးဖို့ လိုပါလိမ့်မယ်။ နောက်ပြီး လူအချင်းချင်း လေးစားတတ်ဖို့၊ ခွဲခြားဆက်ဆံခြင်းကင်းဖို့၊ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူတတ်ဖို့၊ ဒါတွေကိုလည်း သင်ပေးရပါမယ်။ အဲဒါမှ ပြီးပြည့်စုံသော လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Comprehensive Sexuality Education) လို့ ခေါ်နိုင်မှာပါ။

CSE မှာ အဓိကအားဖြင့် အခြေခံသဘောတရား (Basic Concept) ၆ခု ပါဝင်ပါတယ်။

၁။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု (Human development)

၂။ ပေါင်းသင်းဆက်ဆံရေး (Relationship)

၃။ ကိုယ်ရည်ကိုယ်သွေး (Personal skill)

၎။ လိင်ပိုင်းဆိုင်ရာအပြုအမူ (Sexual behavior)

၅။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး (Sexual health)

၆။ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု (Society and Culture)

ဒီသဘောတရား(၆)ခုပေါ် အခြေခံပြီး ဘယ်အသက်အရွယ်မှာ ဘာပြောရမလဲဆိုတာလေးကို ရေးသွားပါ့မယ်။ လူတွေဟာ တစ်ယောက်တစ်မျိုးစီ ကွဲပြားကြတာမို့ ကလေးတွေကိုလည်း တစ်ပုံစံတည်း ပြောပြလို့ မရပါဘူး။ လက်လှမ်းမီသမျှ ဖတ်ထားတဲ့ စာတွေရယ်၊ ကိုယ့်အတွေ့အကြုံနည်းနည်းရယ် ပေါင်းပြီး ရေးထားတာပါ။ ဒီအတိုင်း တရားသေဆိုတာထက် ကိုယ့်ကလေးရဲ့ အနေအထားပေါ်လိုက်ပြီး လိုသလို လှည့်ယူသွားစေလိုပါတယ်။ နည်းနည်းလေး ကိုးကားစရာ ရသွားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပြီ မှတ်ပါတယ်။

သူတို့ဆီမှာတော့ ကလေးကို အသက်ပေါ်မူတည်ပြီး (၄)အုပ်စုခွဲပါတယ်။ ကျွန်တော်ကတော့ နည်းနည်းလေး ပိုရှင်းသွားအောင် (၃)အုပ်စုပဲ ခွဲပါ့မယ်။

၁) အပျိုဖော်၊ လူပျိုဖော်မ၀င်ခင်အရွယ်၊

၂) အပျိုဖော်၊ လူပျိုဖော်အရွယ်နဲ့

၃) အဲဒီနောက်ပိုင်း ဆယ်ကျော်သက်အရွယ် ဆိုပြီး (၃)စုပါ။

အပျိုဖော်၊ လူပျိုဖော်ဝင်တာကလည်း မျိုးရိုး၊ အစားအသောက်၊ ဒါတွေပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွာခြားတတ်ပါတယ်၊ မိန်းကလေးနဲ့ ယောကျာ်းလေးလည်း မတူပါဘူး။ ပျမ်းမျှအားဖြင့်တော့ မိန်းကလေးတစ်ယောက်ဟာ အသက်(၉)နှစ်ကနေ (၁၄)နှစ်ကြားမှာ အပျိုဖော်ဝင်တတ်ပြီး (၁၇)နှစ်လောက်မှာ လူကြီးဖြစ်ပါတယ်။ ယောကျာ်းလေးကတော့ အသက်(၁၁)ကနေ(၁၆)ကြားမှာ လူပျိုဖော်တတ်ပြီး ၁၇-၁၈လောက်မှာ ပြီးဆုံးတတ်ပါတယ်။

ဒါကြောင့် ရှင်းအောင်လို့ အသက်အုပ်စုကို ဒီလိုခွဲလိုက်ပါ့မယ်။

အသက်(၁၁)နှစ်မတိုင်ခင် (ဘာပြောင်းလဲမှုမှ မရှိသေးခင်)

အသက် (၁၁) ကနေ (၁၆)အထိ

အသက် (၁၆)နောက်ပိုင်း။

ဟုတ်ပါပြီ၊ ခုဆို CSE ကို ဘာကြောင့် သင်ပေးသင့်တယ်ဆိုတာလည်း နားလည်ပြီ၊ အဓိကပြောပြပေးရမယ့် Concept (၆)ခုလည်း ရပြီဆိုတော့ စကြရအောင်။

ဘယ်အရွယ်ကလေးကို ကျွန်တော်တို့ ဘာတွေပြောကြမလဲ



၂။ အပျိုဖော်၊ လူပျိုဖော်မ၀င်သေးတဲ့အရွယ်လေးတွေကို ဘာတွေ ပြောပြဖို့ လိုမလဲ

(က) ကိုယ်ခန္ဓာဖွံ့ဖြိုးမှု (Human Development)

-ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့ နာမည်လောက် ပြောပြထားရင် ရပါတယ်။

-ကလေးမွေးတဲ့ဖြစ်စဉ်အကြောင်းဆို ကျွန်တော်တို့ငယ်ငယ်က သိပ်စိတ်ဝင်စားပါတယ်၊ အမေ သားတို့ကို ဘယ်လိုမွေးလိုက်တာလဲ ဆိုပြီး သွားသွားမေးတာ။ “ကိုယ်ဝန်ရတယ်ဆိုတာ သားအိမ်ထဲမှာ ကလေးလေးဖြစ်လာတာ၊ တဖြည်းဖြည်းကြီးလာပြီး (၁၀)လပြည့်တော့ မွေးလမ်းကြောင်းကတဆင့် ထွက်လာပြီး မွေးလိုက်တာ၊ တချို့လည်း အဲဒီလိုမဟုတ်ဘဲ ဗိုက်ခွဲပြီးမွေးရတယ်” ဒီလောက်ပြောရင် အဆင်ပြေပါတယ်

-မကြာခင် ကြုံလာရမယ့် အပြောင်းအလဲတွေကို ကြိုအသိပေးထားပါ၊ “အပျိုဖော်လူပျိုဖော် ၀င်လာတော့မယ်၊ စိတ်ပိုင်း၊ ရုပ်ပိုင်းပြောင်းလဲမှုတွေ ကြုံလာတော့မယ်။ အဲဒါက လူကြီးတစ်ယောက် ဖြစ်လာဖို့ ပြင်ဆင်တာ” ဆိုတာမျိုး ပြောပြထားပါ၊ အဲဒီအရွယ်ရောက်နေတဲ့ အစ်ကိုအစ်မတစ်ယောက်ယောက်ကို ဥပမာပေး ပြောလို့ရပါတယ်။

(ခ) ပေါင်းသင်းဆက်ဆံရေး (Relationship)

-မိသားစုအကြောင်း ပြောပြပါ (အဘိုးအဘွားတွေ၊ တခြားဆွေမျိုးတွေအကြောင်းရောပေါ့) ကလေးကို ဂရုစိုက်ပါ၊ ချစ်ပါ၊ မိသားစုကို ခင်တွယ်စေပါ။

-သူငယ်ချင်းက ယောကျာ်းလေးဖြစ်နိုင်တယ်၊ မိန်းကလေးလည်းဖြစ်နိုင်တယ်၊ ဆန့်ကျင်ဘက်လိင်နဲ့ သူငယ်ချင်းဖြစ်ရတာကို မရှက်ဖို့ပြောပါ။ မရှက်စေအောင်လည်း စနောက်ပြောဆိုတာမျိုး မလုပ်ပါနဲ့။

(ဂ) ကိုယ်ရည်ကိုယ်သွေး (Personal skill)

-ကလေးကို ဆုံးဖြတ်ခွင့်ပေးပါ။ မှားသွားခဲ့ရင် ကလေးကို ပြန်သုံးသပ်ခိုင်းပါ။

-ကလေးက သူ့ခံစားချက် သူ့အမြင်ကို ဖော်ထုတ်ရဲအောင် အားပေးပါ။

-လူချစ်အောင်၊ မရိုင်းဘဲ ပြောတတ်အောင် သင်ပေးပါ (ငယ်ငယ်က လူကြီးတွေကို ခပ်ရိုင်းရိုင်းပြောမိတိုင်း ကျွန်တော့်အမေသင်နေကျ “ချစ်စေလိုလည်း ဒီပါးစပ်၊ မုန်းစေလိုလည်း ဒီပါးစပ်” ဆိုတဲ့စကားလေးဆို ဒီနေ့ထိ မမေ့ပါဘူး)

-လောကမှာ ကိုယ်ချည်းပဲ ယူနေလို့မရကြောင်း သိပါစေ။ စေ့စပ်ညှိနှိုင်းဖူးအောင်၊ အပေးအယူလုပ်ဖူးအောင် လေ့ကျင့်ပေးပါ။ ဥပမာ၊ ဂိမ်းဆယ်မိနစ်ကစားပြီးရင် စာကျက်ရမယ်ဆိုတာမျိုး။

-မိဘရဲ့အလုပ်၊ မိသားစုဝင်တစ်ယောက်ယောက်ရဲ့အလုပ်မှာ ကလေးကိုလည်း ပါဝင်ကူညီစေပါ။ သူတစ်ပါးကို ကူညီလိုက်လို့ ရလာတဲ့ခံစားချက် ကလေးနဲ့ ရင်းနှီးနေပါစေ။

(ဃ) လိင်ပိုင်းဆိုင်ရာ အပြုအမူ (Sexual behavior)

-အကြောင်းတိုက်ဆိုင်မှပါ။ ဒီလိုကိစ္စတွေဟာ သဘာဝဖြစ်စဉ်များသာဖြစ်တယ် ဆိုတာလောက် ပေးသိရင် ရပါပြီ။

(င) လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး (Sexual Health)

-တစ်ကိုယ်ရည်သန့်ရှင်းရေး အရေးကြီးကြောင်း ကလေးကို ပေးသိပါ။ ကိုယ့်ကိုကိုယ်တာဝန်ယူ သန့်သန့်ရှင်းရှင်း နေတတ်အောင်လည်း လေ့ကျင့်ပေးပါ။ ယောကျာ်းလေးဆို လိင်တံအရေပြားလှီးဖြတ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

-“သားသား မီးမီး ခုလိုကျန်းမာနေအောင် ကိုယ်ဝန်ဆောင်တုန်းက မေမေက ဘယ်လိုဂရုတစိုက် နေခဲ့ရတာ” ဆိုပြီး ပြောပြပေးပါ။ မွေးတဲ့ကလေး ကျန်းမာဖို့ မိခင်ဘယ်လောက်အရေးကြီးသလဲ သိစေချင်လို့ပါ။

-ကိုယ်ဝန်ဖျက်ချတာတွေများ ကလေးက ကြားလာခဲ့ရင် အဲဒါဟာ မလိုချင်ဘဲ ကိုယ်ဝန်ရသွားလို့ လုပ်တာဖြစ်ကြောင်း၊ အရမ်းအန္တရာယ်များကြောင်း ရှင်းပြပေးပါ။

-HIV ပိုးဆိုတာ ရှိတယ်၊ အပြီးသတ်ကုသလို့ မပျောက်ကင်းနိုင်ပေမယ့် ဆေးနဲ့ထိန်းထားလို့ရပြီး လူသက်တမ်းစေ့ နေနိုင်ပြီ ဆိုတာလေး ရှင်းပြနိုင်ပါတယ်။

-အရေးကြီးဆုံးကတော့ “မီးမီးရဲ့ ဒီနေရာတွေကို လူစိမ်းတစ်ယောက်ယောက်၊ ဒါမှမဟုတ်လည်း လူရင်းထဲက၊ နောက်ဆုံး မိသားစုဝင်တစ်ယောက်ယောက်က ထိတွေ့ကိုင်တွယ်တာမျိုးရှိရင် မလုပ်နဲ့ပြောဖို့၊ လူကြီးကိုလာတိုင်ဖို့” အသိပေးထားပါ။ အမှန်ဆို မီးမီးတင်မဟုတ်ဘူး၊ သားသားတွေပါ သတိထားရမယ့် ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။

(စ) ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု (Society & Culture)

-သားနဲ့သမီးကို တန်းတူဆက်ဆံပေးပါ။ ယောကျာ်းလေးကို ပေးကစားပြီး မိန်းကလေးကျ ကန့်သတ်တာမျိုး မလုပ်ပါနဲ့။

-လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တခြားမပြောနဲ့၊ ကိုယ့်လက်ချောင်းတွေတောင် အတိုအရှည် မတူဘူးဆိုတာမျိုး ဥပမာတွေနဲ့ မြင်အောင်ပြောပေးပါ။ ကြီးလာရင် ကြုံလာမယ့် ဘာသာ၊ လူမျိုး၊ အသားအရောင်၊ ကျားမ စတဲ့ကွဲပြားမှုတွေအတွက် အသင့်ဖြစ်နေအောင်ပါ။

-မီဒီယာတခုခုကို သုံးတဲ့အခါ၊ ကြည့်တဲ့အခါ ကလေးနဲ့ မသင့်တော်တာတွေများ ပါရင် ကလေးကို ပိတ်ပင်ဖို့ ၀န်မလေးပါနဲ့၊ ကလေးကိုတော့ ဘာကြောင့် ဒီလိုလုပ်ရကြောင်း သေသေချာချာ အသိပေးရှင်းပြပါ။

ဘယ်လောက်ငယ်တယ်ပြောပြော၊ ကလေးတွေက အမြဲသင်ယူနေကြတာပါ။ သူတို့သိချင်တာတွေ လူကြီးတွေကို လိုက်မေးမယ်။ ဒီအခါ မသိဘူး၊ မပြောဘူး၊ ဘူးခံငြင်းတာထက် ရေရေရာရာ ပြန်ဖြေပေးနိုင်ရင် ကောင်းပါမယ်။            ။

လူပျိုဖော်၊ အပျိုဖော်ဝင်တယ်ဆိုတာဟာ နောင်တစ်ချိန်မှာ လိင်မှုဆိုင်ရာအရ လူကြီးတစ်ယောက်ရယ်လို့ ဖြစ်လာအောင် ပြင်ဆင်တဲ့အချိန်ဆိုရင်

ခုလိုအရွယ်လေးတွေကတော့ လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့အခါ ကြုံလာရမယ့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်တဲ့ကာလ ဖြစ်ပါတယ်။

ဘယ်အရာမဆိုပေါ့လေ Foundation ခိုင်အောင် အရင်လုပ်တာ အကောင်းဆုံးပါပဲ။ ဒီအရွယ်မှာ အခြေခံကောင်းလိုက်ရင် နောက်တစ်ဆင့် အသိပညာပေးတဲ့အခါ၊ သူတို့ကို စကားပြောတဲ့အခါမှာ အများကြီးအဆင်ချောလာပါလိမ့်မယ်။

 ၃။ အပျိုဖော်၊ လူပျိုဖော်အရွယ် ကလေးတွေကို ဘာတွေပြောပြဖို့ လိုမလဲ

(က) ကိုယ်ခန္ဓာဖွံ့ဖြိုးမှု (Human Development)

-ဒီအချိန်မှာ ဖြစ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်း ပြောပြပါ။ လူတိုင်းကြုံရတဲ့ သဘာဝဖြစ်စဉ်မို့ ဒီအတွက် ရှက်စရာမလိုကြောင်းပြောပါ။ မပါမဖြစ်ကတော့ ယောကျာ်းလေးမှာ သုက်ထွက်လာမယ်။ မိန်းကလေးကတော့ ရာသီလာမယ်။ ဒီအကြောင်းကတော့ သေချာရှင်းပြရပါမယ်။

-ယောကျာ်းလေးတစ်ယောက် သုက်ထွက်ပြီဆိုတာ အကယ်၍များ မိန်းကလေးတစ်ယောက်နဲ့ လိင်ဆက်ဆံမှုရှိခဲ့ရင် အဲဒီမိန်းကလေးကို ကိုယ်ဝန်ရသွားစေနိုင်ပြီ ဆိုတဲ့အဓိပ္ပါယ်ပါ။ ဒါကို သိပါစေ။ Wet dream လို့ပြောရမယ့် အိပ်နေတုန်း သုက်ထွက်တာဟာ ဖြစ်လေ့ရှိတဲ့ကိစ္စ ဆိုတာလေးလည်း ပြောပေးပါ။ မဟုတ်ရင် ရောဂါလို့ ထင်တတ်ကြပါတယ်။

-မိန်းကလေးတစ်ယောက် ရာသီပေါ်နေပြီဆိုတာဟာလည်း အကယ်၍များ ယောကျာ်းလေးတစ်ယောက်နဲ့ အတူနေမိရင် ကိုယ်ဝန်ရသွားနိုင်ပြီဆိုတဲ့အဓိပ္ပါယ်ဖြစ်ကြောင်း ပြောပြပါ။

အသေးစိတ်ကို ဒီလိုရှင်းပြလို့ရပါတယ်။ အပျိုဖြစ်လာပြီဆိုရင် သူ့ခန္ဓာကိုယ်ထဲမှာ တစ်လကိုတစ်ကြိမ် မမျိုးဥဆိုတာ ကြွေပါမယ်။ အဲဒါ သွေးဆုံးတဲ့အရွယ်ထိပါ။ အဲဒီမမျိုးဥလေးက ဘာအတွက်ကြွေရလဲဆိုရင် လိင်ဆက်ဆံလိုက်တဲ့အခါ ယောကျာ်းဆီက သုက်ကောင်တွေဝင်လာလို့ရှိရင် အဲဒီသုက်ကောင်နဲ့ပေါင်းစပ်ပြီး မျိုးအောင်ဖို့ ဖြစ်ပါတယ်၊ အဲဒီအခါ ကိုယ်ဝန်ရသွားပါလိ့မ်မယ်။

အဲဒီလိုမဟုတ်ဘဲ အပျိုလေးမို့ ဘာသုက်ကောင်မှ ၀င်မလာဘူးဆိုရင် အဲဒီမမျိုးဥလေးက သေသွားပါတယ်။ အဲ့လိုသေသွားတဲ့မမျိုးဥလေး အောက်ကိုဆင်းလာတာကို ရာသီလာတယ် လို့ခေါ်တာပါ။

ခုနကလို လိင်ဆက်ဆံမှုရှိခဲ့လို့ မမျိုးဥလေးက သုက်ကောင်နဲ့ပေါင်းခွင့်ရလိုက်ရင်တော့ သူက သေစရာ မလိုတော့ဘူး၊ ဒီအခါ အောက်ကိုလည်း ဘာမှဆင်းမလာတော့တဲ့အတွက် မိန်းကလေးဟာ ရာသီထိန်သွားပါမယ်၊ ဒါကြောင့် အားလုံးသိထားကြသလို၊ ရာသီထိန်ရင် ကိုယ်ဝန်ရနိုင်တယ် ဆိုတာ အဲဒီသဘောပါပဲ။

-အပျိုဖော်စောစောဝင်တာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာဆို အဲဒါက တော်တော်ပြဿနာရှိပါတယ်။ သူငယ်ချင်းအားလုံးက မပြောင်းလဲသေးတဲ့အချိန်မှာ သူတစ်ယောက်တည်း ရင်သားတွေ၊ တင်ပါးတွေဖွံ့ဖြိုးလာမယ်၊ လူကောင်ကြီးလာမယ်ဆိုရင် အဲဒါက ကလေးရဲ့စိတ်ကို တော်တော်ထိခိုက်စေပါတယ်။ ဒီကြားထဲ ယောကျာ်းလေးတွေက လှောင်ကြပြောင်ကြဦးမှာကိုး။

နောက်ပြီး တချို့က ရင်သား၊ တင်ပါးတွေ သူများထက် ပိုဖွံ့ဖြိုးတယ်၊ တချို့က သူများထက် သိသိသာသာ ဖွံ့ဖြိုးမှုနည်းတယ်။ အဲဒါတွေကလည်း မိန်းကလေးတွေမှာ ရှက်စိတ်ကို ဖြစ်စေပါတယ်။

လုပ်နိုင်တာကတော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ကြဘူး၊ မော်ဒယ်နဲ့တူမှလှတာမဟုတ်ဘူး၊ ကိုယ်နဲ့သင့်တော်အောင်၊ လိုက်ဖက်အောင် ၀တ်စားဆင်ယင်တတ်တဲ့သူတိုင်း လှတာပဲ ဆိုတာမျိုး ပြောပေးပါ။ ပြီးတော့ လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့ပုံပန်းသွင်ပြင်က ဆုံးဖြတ်တာမဟုတ်ဘဲ အရည်အချင်းကသာ ပိုအရေးကြီးကြောင်းကို မလှပေမယ့် ကမ္ဘာကျော်နေတဲ့ အမျိုးသမီးတွေကို ဥပမာပေးပြီး ပြောပြပါ။

-ယောကျာ်းလေးတွေမှာတော့ သူတို့စိတ်ပူတတ်တာ လိင်တံရဲ့အရွယ်အစားပေါ့။ သူများလောက် ရှိမနေဘူးဆိုရင် သူတို့က စိတ်ပူကြတယ်၊ အဲဒါ ဘာများထိခိုက်မှု ရှိမလဲပေါ့။ ဒီလိုပဲကွာခြားမှုရှိတယ်၊ ဒါဟာ ကလေးရမရ၊ အိမ်ထောင်ရေးအဆင်ပြေမပြေနဲ့ သက်ဆိုင်မှုမရှိဘူးဆိုတာ ပြောပြပေးပါ။

(ခ) ပေါင်းသင်းဆက်ဆံရေး (Relationship)

-ဒီအရွယ်မှာ လိုလာတာက သူတို့တွေ မိဘအပေါ်မှာ ပွင့်လင်းမှုရှိဖို့ပါပဲ။ သူငယ်ချင်းပေါင်း ပေါင်းသင့်ရင်လည်း ပေါင်းရမယ်။ နားလည်ပေးရမယ်။ အရမ်းချုပ်ချယ်လို့ မဖြစ်ပါဘူး။ ကလေးက အမှားတခုခု လုပ်လာရင် အပြစ်တင်တတ်တဲ့အကျင့်ကို လုံးဝမလုပ်မိဖို့ လိုပါတယ်။

-သူငယ်ချင်းအရွေးမမှားဖို့ အရေးကြီးကြောင်း သိပါစေ။ သူတို့သူငယ်ချင်းတွေကိုလည်း သိနေအောင်လုပ်ပါ။ ဘယ်သူငယ်ချင်းက ဘယ်လိုစိတ်ဓါတ်ရှိကြောင်း ကိုယ်တိုင်လည်း အကဲခတ်ပါ။ ကလေးနဲ့လည်း စကားပြောကြည့်ရင်း သူ့အမြင်ကိုလည်း နားထောင်ပါ။

-သတိပြုရမှာကတော့ အချစ်ရေးကိစ္စပါပဲ။ ဒီအရွယ်မှာ Romantic ဖြစ်တာကို သိပ်ရင်ခုန်တတ်လာပြီမဟုတ်လား။ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ်ဆိုပြီး ပြောကြသေးတယ်လေ။ ဒီလိုသဘာဝလေးတွေကို နားလည်ပေးဖို့ လိုပါမယ်။

(ဂ) ကိုယ်ရည်ကိုယ်သွေး (Personal skill)

-ဒီအရွယ်ဟာ အပေါင်းအသင်းစုံစပြုလာတဲ့အရွယ်ပါ။ ဒီအနေအထားမှာ ဆက်သွယ်ပြောဆိုတတ်ဖို့ (Communication skill) အရေးကြီးလာပါတယ်။ သူများပြောသမျှ ခေါင်းငြိမ့်နေဖို့ မလိုသလို၊ တစ်ဖက်သားကို နားလည်မပေးဘဲ ကိုယ်လိုချင်တာတစ်ခုတည်း သိနေလို့လည်း မရသေးပါဘူး။ ငြင်းဆိုတတ်ရမယ်။ ဆုံးဖြတ်ချက်ခိုင်မာရမယ်။ ညှိနှိုင်းတတ်ရမယ်။ ဒါတွေကို လေ့ကျင့်ပျိုးထောင်ပေးပါ။ အမှားလုပ်မိခဲ့ရင်လည်း အပြစ်မတင်ဘဲ သူ့ကိုအဖြေရှာခိုင်းပါ။

-နောက်တစ်ခု အရေးကြီးတာက အကူအညီတောင်းတတ်ဖို့။ အများအားဖြင့် ဒီအရွယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် အထင်သိပ်ကြီးတတ်တယ်၊ ငါလုပ်နိုင်တယ်၊ ငါလူကြီးဖြစ်ပြီ ဒီလိုမာန်လေးတွေ ရှိတတ်တယ်။ သူတစ်ပါးဆီ လိုအပ်လို့ အကူအညီတောင်းတယ်ဆိုတာ ရှက်စရာမဟုတ်မှန်း ပေးသိပါ။ နောက်ပိုင်းဆက်ပြောမယ့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေမှာ အဲဒီလို ထုတ်ဖော်အကူအညီတောင်းတတ်ခြင်းက အရေးပါလာပါလိမ့်မယ်။

(ဃ) လိင်ပိုင်းဆိုင်ရာ အပြုအမူ (Sexual behavior)

ဒီအပိုင်းကတော့ မြန်မာမိဘ၊ မြန်မာဆရာတွေအတွက် အခက်ဆုံးအပိုင်းလို့ ပြောရပါလိမ့်မယ်။

-ဒီအရွယ်မှာ တစ်ကိုယ်တည်းလိင်စိတ်ဖြေတာ၊ လိင်ပိုင်းဆိုင်ရာဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို စိတ်ဝင်စားလာတာ၊ ဒါတွေ လုပ်လာတော့မယ့်အရွယ် ဖြစ်ပါတယ်။ အများအားဖြင့်တော့ မိဘတွေက ဒါတွေကို သိသာသိစေ၊ မမြင်စေနဲ့ သဘောပဲ ထားထားတတ်ကြတယ်။ ဘယ်မိဘကမှ ဒါကို ဖွင့်မပြောကြပါဘူး။

-ယောကျာ်းလေးအများစုကတော့ အဲဒီလိုလုပ်ရင် ကျန်းမာရေးထိခိုက်နိုင်သလား ဆိုတာ သိပ်သိချင်တတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပါပဲ။ ကျန်းမာရေးကိုလည်း ထိခိုက်မှု မရှိနိုင်ပါဘူး။ ဘယ်နှကြိမ်ထက်များရင် မကောင်းဘူးရယ်လို့ တိတိကျကျ မပြောနိုင်ပေမယ့် အဲဒီကိစ္စက ကိုယ့်ရဲ့တခြားအလုပ်တွေ၊ ကျောင်းစာတွေမှာ အာရုံမစိုက်နိုင်တော့လောက်အောင် ဖြစ်နေပြီဆိုရင်တော့ ဆင်ခြင်ရတော့မယ်ဆိုတာကို သိထားဖို့လိုပါတယ်။

-မိန်းကလေးတွေမှာတော့ ရည်းစားထားတာ၊ စိတ်ကူးယဉ်တာတွေ ဖြစ်လာမယ်။ ရည်းစားမထားဖို့ မိဘရော၊ ဆရာပါ ဘယ်လိုတားတား၊ ထားတဲ့လူက ထားကြတာပဲ။ ဒါကြောင့် အတင်းပိတ်ပင်တဲ့နည်းထက် သူတို့ကိုယ်တိုင် နားလည်အောင် ပြောပြပေးတာက ပိုထိရောက်ပါမယ်။

-“စာသင်ရမယ့်အရွယ်မှာ ကောင်လေးတွေကို အာရုံစိုက်နေခဲ့မယ်ဆိုရင် ငါ ခုလို အမေရိကန်ုသမ္မတကတော် ဖြစ်နေမှာ မဟုတ်ဘူး” ဆိုတဲ့ မစ်ရှယ်အိုဘားမားရဲ့ စကားလို မှတ်သားစရာကောင်းတဲ့ အဆိုအမိန့်တွေ ပြောပြပေးပါ။ ထက်မြက်တဲ့ အမျိုးသမီးတွေရဲ့အကြောင်းတွေနဲ့ ရင်းနှီးနေစေခြင်းအားဖြင့် သမီးမိန်းကလေးတွေရဲ့ ဆင်ခြင်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးပါ။

ဒီအရွယ်ဟာ ဘယ်လိုမှ အိမ်ထောင်ကျ၊ ကိုယ်ဝန်ဆောင်ဖို့ မဖြစ်သင့်တဲ့အရွယ်ဖြစ်ကြောင်း၊ အဲဒီလိုသာ ဖြစ်သွားခဲ့ရင် ကိုယ့်ရဲ့ရှေ့ရေးအတွက် တက်လမ်းကို ကိုယ့်ဘာသာကိုယ် ပိတ်လိုက်တာပဲ ဆိုတာမျိုး ပြောပြပေးပါ။

-မဖြစ်မနေ သတိထားရမှာကတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေပါပဲ။ အထူးသဖြင့် မိန်းကလေးတွေပါ။ အ၀တ်အစားလဲနေတုန်း ဓါတ်ပုံ၊ ဗီဒီယိုခိုးအရိုက်ခံရမယ်၊ ပြီးရင် ဒါကိုပြပြီး ခြိမ်းခြောက်အကြပ်ကိုင်မယ်။ သောက်မယ့်အအေးထဲမှာ ဆေးခပ်မယ်။ Date rape လို့ခေါ်တဲ့ ရည်းစားဖြစ်သူက Romantic ဆန်ဆန်လေးတွေ လုပ်ပြပြီး စွဲဆောင်ရင်း၊ ဆေး ဒါမှမဟုတ် အရက်တွေမူးအောင်လုပ်ပြီး ကာမရယူသွားမယ်၊ ဒါတွေကို သိထားပြီး ရှောင်နိုင်ဖို့အတွက် ပြောပြထားရပါလိမ့်မယ်။ လူမှုကွန်ရက်ကို အရမ်းအသုံးပြုလာကြတဲ့ခေတ်ကြီးမှာ ဒီဖေ့စ်ဘွတ်ကြောင့် ဘယ်လိုဒုက္ခဖြစ်နိုင်တယ်ဆိုတာလေးလည်း သိထားစေချင်ပါတယ်။

လက်နဲု့ပုတ်တာ၊ ကိုင်တာ၊ နှုတ်နဲ့စော်ကားတာ၊ မဖွယ်မရာ ဓါတ်ပုံတွေပြတာ၊ စတာတွေဟာ ပြစ်မှုမြောက်ကြောင်း၊ တိုင်လို့ရကြောင်း သိထားဖို့လိုပါတယ်။

(င) လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး (Sexual Health)

-အပျိုဖော်ဝင်စအရွယ်တွေမှာ အဖြူရည်ဆင်းတတ်ပါတယ်။ စိတ်ပူစရာမလိုပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုတော့ ဂရုစိုက်ပေးဖို့ လိုပါလိမ့်မယ်။

-ဒီအရွယ်မိန်းကလေးတွေဆိုရင် ငွေကြေးတတ်နိုင်မယ်ဆို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားလို့ရပါတယ်။ ၉နှစ်ကနေ ၁၄နှစ်အထိဆို (၂)ကြိမ်၊ ၁၅နှစ်အထက်ဆို (၃)ကြိမ် ထိုးရပါမယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာက လိင်ကတဆင့် ကူးစက်တဲ့ HPV ပိုးကြောင့် အဓိကဖြစ်တာပါ။ ခုနောက်ပိုင်း အင်မတန်အဖြစ်များလာတဲ့ ရောဂါတစ်မျိုးပါ။ အဲဒီလို ကာကွယ်ဆေးထိုးတာအပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံတာဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ တွန်းအားပေးတဲ့အချက်တစ်ချက် ဆိုတာ ပေးသိပါ။

-ရုပ်ရှင်တွေထဲမှာ မင်းသားနဲ့မင်းသမီးမှားတဲ့အခန်းကို ဥပမာပေးရင်း ဒီလိုမှားသွားမယ်ဆိုရင် မိန်းကလေးတစ်ယောက်မှာ ကိုယ်ဝန်လည်း ရသွားနိုင်သလို၊ HIV ပိုးလို ရောဂါမျိုးတွေလည်း ကူးစက်ခံရနိုင်ကြောင်း ပြောပြပေးပါ။

(စ) ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု (Society & Culture)

-သူများလုပ်တိုင်း လိုက်လုပ်စရာ မလိုဘူးဆိုတာမျိုး ခံယူတတ်အောင် ပြောပြပေးပါ။ တကယ်တော့ Looking good ဆိုတာ သူများအကြပ်ဝတ်၊ အတိုအပြတ်ဝတ်လို့ ကိုယ်လိုက်ဝတ်တာမျိုးမဟုတ်ဘဲ ကိုယ့်အသားအရည်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှုမျိုးကို ခေါ်တာ ဖြစ်တဲ့အကြောင်း သိပါစေ။

-သားနဲ့သမီးအပေါ် အတူတူမျှော်လင့်ချက်ထားပါ၊ သားကိုတော့ နောင်တစ်ချိန် မိသားစုကို ဦးဆောင်မယ့်သူ၊ သမီးကတော့ ယောကျာ်းယူပြီး ယောင်နောက်ဆံထုံးပါ ဆိုတာမျိုး မပြုမူမိပါစေနဲ့။ သားကိုလည်း မိန်းကလေးများကို လေးစားတန်ဖိုးထားတတ်သူအဖြစ်၊ သမီးကိုလည်း ယောကျာ်းလေးများကို လေးစားတတ်သူအဖြစ် ပြုစုပျိုးထောင်ပေးပါ။

-ကျားမခွဲခြားဆက်ဆံမှုများရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို နားလည်အောင် ရှင်းပြပါ။ သားယောကျာ်းလေးအနေနဲ့ မင်းက ယောကျာ်းဖြစ်ပြီး ရန်မဖြစ်ရဲဘူးလား၊ ဆေးလိပ်မသောက်တတ်ဘူးလား ဆိုတဲ့ ရွယ်တူတွေရဲ့ ဖိအားကို လွန်ဆန်နိုင်ဖို့၊ သမီးမိန်းကလေးကလည်း မိန်းမဆိုတာ နိမ့်ကျပါတယ် ဆိုတဲ့ အမြင်မျိုးတွေကနေ ဖောက်ထွက်နိုင်ဖို့အတွက်ပေါ့။

-မတူတာ အပြတ်ရှင်းရမှာ မဟုတ်ဘဲ ပူးပေါင်းရမှာ ဆိုတာကို နားလည်အောင် ပြောပြပါ။ တီးဝိုင်းတစ်ဝိုင်းမှာ ဂစ်တာသမားတွေချည်း ရှိလို့မရသလို၊ ဘောလုံးအသင်းမှာလည်း တိုက်စစ်မှူးတွေချည်း ဖြစ်နေလို့ မရပါဘူး။ တကယ်တော့ Band တစ်ခု၊ ဘောလုံးအသင်းတစ်သင်းအောင်မြင်တယ်ဆိုတာ မတူညီသူတွေကို အကောင်းဆုံးပေါင်းစပ်ထားနိုင်လို့ပါပဲ။

-သူတို့အသုံးပြုနေတဲ့ မီဒီယာတွေမှာ အသက်နဲ့မသင့်တော်သေးတာ ပါလာရင် မိဘက တားဆီးပေးရပါမယ်။ အရွယ်နဲ့မသင့်တော်သေးလို့ လုပ်ရကြောင်း ရှင်းပြပေါ့။

မိန်းကလေးတွေကိုတော့ ရုပ်ရှင်တွေထဲက ရိုမန်းတစ်တွေကို အားကျပြီး အချစ်ကို မကိုးကွယ်မိဖို့ ပြောပြပေးရမယ်။ ယောကျာ်းလေးတွေကို Porn movies တွေ မကြည့်ဖို့ကတော့ ဘယ်လိုမှ တားဆီးလို့ မရနိုင်လောက်ဘူး။ ဒီတော့ အဲဒါတွေကြောင့် ကိုယ့်ရဲ့ပညာရေးနဲ့ နေ့စဉ်ဘ၀မှာ ထိခိုက်မှုရှိမလာအောင်ပဲ အသိပေးရမယ် ထင်ပါတယ်။

၎။ အသက်(၁၆)နှစ်နောက်ပိုင်း လူငယ်တွေကို ဘာတွေပြောပြဖို့ လိုမလဲ

ဒီအရွယ်ကတော့ လိင်ပိုင်းဆိုင်ရာအရ လူကြီးတစ်ယောက်ဖြစ်ပြီလို့ ပြောလို့ရပါပြီ။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေနဲ့လည်း အသားကျသွားပြီ၊ ထိုက်သင့်တဲ့ ဗဟုသုတလည်း ရှိနေပြီပေါ့။ နောက်ပြီး သူတို့သိချင်တာ မေးတတ်၊ အဖြေရှာတတ်တဲ့အရွယ်လည်း ရောက်ပါပြီ။ ဒါကြောင့် လိုအပ်တာက သင့်တော်တဲ့ ထိန်းကျောင်းပေးမှုပါပဲ။

(က) ကိုယ်ခန္ဓာဖွံ့ဖြိုးမှု (Human Development)

-မမျိုးဥကြွေလို့ သုက်ပိုးနဲ့မတွေ့လိုက်ရရင် အဲဒီမမျိုးဥလေးကသေသွားပြီး သွေးအဖြစ်နဲ့ဆင်းလာတာကို ရာသီလာတယ်ခေါ်မှန်း သူတို့သိသွားပါပြီ။ ခုထပ်ပြောပြလို့ရတာက မမျိုးဥက ဘယ်ရက်တွေမှာ ကြွေတတ်လဲ ဆိုတာပါ။ ပြောရတာ နည်းနည်းရှုပ်ထွေးပါတယ်။ အကြမ်းမှတ်လို့ရတာကတော့ (၂၈)ရက်တစ်ခါ ရာသီလာတဲ့ မိန်းကလေးတွေမှာ ရာသီစလာပြီး(၇)ရက်၊ ရာသီမလာခင်(၇)ရက်၊ အဲဒီရက်တွေမှာ မမျိုးဥမကြွေတတ်ဘူး၊ ကြား(၁၄)ရက်မှာ ကြွေတတ်ပါတယ်။ အဲဒီရက်တွေမှာ အမျိုးသမီးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုရှိလာခဲ့ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒီလောက် ရှင်းပြပေးရင် အဆင်ပြေပါတယ်။

-ရာသီလာတဲ့ရက်တွေမှာ တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်မှုချင်းမတူကြဘူး။ တချို့ဆို အိပ်ရာထဲလှဲနေရလောက်တဲ့အထိ ကိုက်ခဲနာကျင်တတ်ကြတယ်။ ဒါဟာ ရောဂါဖြစ်တာမဟုတ်ဘူး ဆိုတာလေး သိဖို့ရယ်၊ အဲ့လိုရက်တွေမှာ အရေးကြီးကိစ္စတွေကို ရှောင်ပြီး အလုပ်လုပ်တတ်ဖို့ရယ်၊ ဒါတွေပြောပြထားဖို့တော့ လိုမယ်။

-အိမ်ထောင်ရေးပြဿနာတချို့အကြောင်း ရှင်းပြလို့ရပါတယ်။ လိင်ဆက်ဆံချင်စိတ် ကုန်ခန်းတာ၊ ပန်းသေပန်းညှိုးဖြစ်တာ၊ သုက်ကောင်ရေမပြည့်လို့ ကလေးမရနိုင်တာ၊ မိန်းကလေးဘက်မှာ သားအိမ်ပြဿနာတခုခု ရှိလို့ ကိုယ်ဝန်မဆောင်နိုင်တာ၊ ဒါမျိုးတွေ ဗဟုသုတပြောပြလို့ရပါတယ်။

(ခ) ပေါင်းသင်းဆက်ဆံရေး (Relationship)

-မိသားစုအပေါ် ပွင့်လင်းမှုရှိပါစေ။ တက်မယ့်တက္ကသိုလ်၊ ရွေးချယ်မယ့် အသက်မွေးဝမ်းကျောင်းအလုပ်၊ ဒါတွေမှာ သူ့ဆန္ဒကို လေးစားပေးပါ။ အများအားဖြင့် ဒီအရွယ်ဟာ မိဘနဲ့အဆင်မပြေတတ်တဲ့ အရွယ်ပေါ့။ ဘာလို့ဆိုတော့ လူငယ်ဖြစ်ပြီဆိုပြီး မြောက်ကြွမြောက်ကြွဖြစ်လာပြီ၊ ချုပ်ချယ်တာ မခံချင်တော့ဘူး၊ ကလေးလို စိတ်ပူနေတာ၊ အကုန်လိုက်လုပ်ပေးနေတာမျိုးတွေ မလိုချင်တော့ဘူး။ နောက်ပြီး ဆရာလုပ်တာ၊ အမိန့်ပေးသလိုပြောတာမျိုးဆို မှန်နေရင်တောင် နားမထောင်ချင်ကြဘူး၊ တမင်အရွဲ့တိုက်ပစ်တာ။ ဒါကြောင့် သူတို့အပေါ် ရင်းရင်းနှီးနှီး ဆက်ဆံပြီး နားလည်ပေးဖို့ လိုတယ်။

-အချစ်ဦးဟာ အရူးအမူးဖြစ်တတ်ကြောင်း၊ ကိုယ်ချစ်တိုင်းလည်း အမြဲတမ်းပြန်ချစ်ခံရဖို့ မျှော်လင့်လို့မရကြောင်း ပြောထားပါ။ အချစ်ဆိုတာ ဘ၀ရဲ့အစိတ်အပိုင်းလေးတစ်ခုသာ ဆိုတာတော့ သိပါစေ။

အရေးကြီးဆုံးကတော့ အချစ်ကိုမကိုးကွယ်မိဖို့ပါ။ Love နဲ့ sex ဟာ မတူပါဘူး။ ဆိုလိုတာက အချစ်ကိုသက်သေပြဖို့အတွက် အတူနေဖို့ ခွင့်ပြုစရာ မလိုပါဘူး။ တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရ ဆိုတဲ့ ရုပ်ရှင်တွေထဲက အချစ်မျိုးဟာ အပြင်မှာရှိဖို့ ခဲယဉ်းပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆယ်ကျော်သက်ဘ၀မှာ ပြင်ဆင်မှုမရှိဘဲ အိမ်ထောင်ကျသွားတဲ့သူတွေဟာ ဘ၀တိုးတက်ရေးအတွက် ကြိုးစားဖို့ခက်သွားသလို၊ အိမ်ထောင်ပျက်ဖို့လည်း အင်မတန်လွယ်တယ်ဆိုတာ နားလည်အောင် ရှင်းပြပါ။

(ဂ) ကိုယ်ရည်ကိုယ်သွေး (Personal skill)

-လိင်ဆက်ဆံမှုရှိမှ လူကြီးဖြစ်တာမဟုတ်ဘူးဆိုတာ ကောင်းကောင်းသဘောပေါက်ထားပါစေ။ ဒါမှ အပေါင်းအသင်းရဲ့ဖိအားကို လွန်ဆန်နိုင်မှာပါ။

-ဒီအရွယ်ဟာ နောင်တစ်ချိန်ဖြစ်လာမယ့် ဘ၀အောင်မြင်မှုတွေအတွက် အုတ်မြစ်ချတဲ့အချိန်ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းတတ်အောင်၊ စည်းကမ်းရှိအောင်၊ ငွေကြေးထိန်းသိမ်းတတ်အောင်၊ အကောင်းမြင်တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုပါမယ်။

(ဃ) လိင်ပိုင်းဆိုင်ရာ အပြုအမူ (Sexual behavior)

-HIV ပိုးဟာ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတဆင့် အဓိကကူးစက်ပါတယ်။ ကူးစက်ခံရပြီး နှစ်အတော်ကြာမှ ခုခံအားကျဆင်းလာတဲ့ AIDS ရောဂါအဆင့်ကို ရောက်တာဖြစ်လို့ ဒီအတိုင်းကြည့်ရုံနဲ့ ရောဂါပိုးရှိမရှိ ဆိုတာ မသိနိုင်ပါဘူး။ နောက်ပြီး တစ်ကြိမ်ဆက်ဆံမိလိုက်ရုံနဲ့လည်း ကူးသွားနိုင်ပါတယ်။

ဒီလိုမဖြစ်ဖို့အတွက် ကွန်ဒုံးအသုံးပြုလို့ ရပါတယ်။ ကွန်ဒုံးဆိုတာက လိင်ဆက်ဆံတဲ့အခါ အမျိုးသားလိင်တံမှာ စွပ်တဲ့ အစွပ်ကို ခေါ်တာ၊ အဲဒါကို လိင်ဆက်ဆံတဲ့အခါ အသုံးပြုလိုက်ရင် လိင်အင်္ဂါချင်း ထိတွေ့မှုမရှိတော့ဘဲ ရောဂါကူးစက်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း ပေးသိပါ။

(င) လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး (Sexual Health)

-အရေးပေါ်ကိုယ်ဝန်တားဆေးအကြောင်း ပြောပြလို့ရှိရင် သူတို့ရည်းစားနဲ့ ကဲချင်တိုင်း ကဲခွင့်ပေးလိုက်တာလို့ မြင်ကြတယ်။ အမှန်တော့ ဒီဆေးက ရည်းစားနဲ့ လွန်လွန်ကျူးကျူး ဖြစ်သွားမှ သောက်ရတဲ့ ဆေးမဟုတ်ပါဘူး။ အလိုမတူဘဲ အဓမ္မပြုကျင့်ခံလိုက်ရတဲ့အခါမျိုးတွေမှာလည်း ကိုယ်ဝန်မရအောင် တားပေးနိုင်ပါတယ်။ ကိုယ်မဖြစ်ရင်တောင် ကိုယ့်လိုဗဟုသုတမရှိတဲ့ သူငယ်ချင်း၊ အပေါင်းအသင်းတစ်ယောက်ကို ပြန်အကြံဥာဏ်ပေးနိုင်ပါတယ်။

-တခြားကာလတိုကိုယ်ဝန်တားနည်းတွေလည်း သိထားရင်ကောင်းပါတယ်။ နောက်ဆုံး ဒီအရွယ်နဲ့ အိမ်ထောင်ကျသွားရင်၊ ယောကျာ်းနောက်လိုက်ပြေးသွားရင်တောင် ကိုယ်ဝန်မရသေးဘူးဆိုရင် အများကြီးတော်ပါသေးတယ်။

မတော်တဆ ကိုယ်ဝန်ရသွားတာမျိုး ရှိခဲ့ရင်တော့ ကိုယ်ဝန်သေချာအပ်ဖို့၊ ကျွမ်းကျင်သူနဲ့ မီးဖွါးဖို့၊ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားဖို့၊ ဒါတွေ လိုပါလိမ့်မယ်။ အကြောင်းကတော့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင် (Teenage Pregnancy) ဟာ အန္တရာယ်ပိုများလို့ပါပဲ။

(စ) ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု (Society & Culture)

ဒီအရွယ်မှာ အခက်ဆုံးအပိုင်းက ဒါလို့ထင်ပါတယ်။ ခုလို Globalization ခေတ်မှာ ပိုဆိုးတယ်။ ခေတ်ကအရမ်းမြန်လာတော့ မိဘတွေအနေနဲ့ ခေတ်မီအောင်၊ လူငယ်တွေကို နားလည်ပေးနိုင်အောင် တော်တော်ကို ကြိုးစားရတော့မယ့်သဘော ရှိတယ်။

လူငယ်ဆိုတာ လွတ်လပ်ချင်တယ်၊ အတွေးအခေါ်၊ အယူအဆ၊ ဖက်ရှင်အသစ်အဆန်းကို သဘောကျတယ်၊ စမ်းသပ်ချင်တယ်၊ တက်ကြွတယ်၊ မဖြစ်ဖူးသေးတော့ အကြောက်အလန့် မရှိဘူး၊ ပတ်ဝန်းကျင်မှာ အာရုံစိုက်ခံချင်တယ်၊ သူများထက် ထူးခြားချင်တယ်၊ ထင်ပေါ်ချင်လာတယ်။

တစ်ဖက်မှာ စောင့်ကြိုနေတာက ပတ်ဝန်းကျင်ရဲ့ ရှေးရိုးစွဲအမြင်နဲ့ ဝေဖန်ကဲ့ရဲ့မှုတွေ။ မိဘဆရာ လူကြီးတွေနဲ့ အမြင်မတူတော့ဘူး။

အဲဒီလို မတူညီမှုတွေကြားမှာ လွန်ဆွဲရင်း မကောင်းတဲ့ပတ်ဝန်းကျင်ရဲ့ စွဲဆောင်မှုနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားမိတတ်တယ်။

အပေါင်းအသင်းမှားမယ်။ မဆင်မခြင်နေထိုင်ရင်း ရောဂါတွေကူးမယ်။ မလိုချင်ဘဲ ကိုယ်ဝန်ရမယ်။ အရက်နဲ့ မူးယစ်ဆေးဝါးစွဲမယ်။

အဲဒီအတွက် မိဘတွေအနေနဲ့ လူငယ်တွေရဲ့စိတ်နဲ့ သဘာဝကို နားလည်ပေးဖို့လိုပါမယ်။ ကိုယ့်အလိုကျပုံသွင်းတာထက် သူတို့အလိုကျတဲ့အတိုင်း ပုံပေါ်လာအောင်သာ ၀ိုင်းကူညီပေးလိုက်ပါ။    ။

ဒီဆောင်းပါးရှည်ကြီးရဲ့ နောက်ဆုံးမက်ဆေ့ခ်ျ ပေးလိုပါတယ်။

Youth is an opportunity to do something to become somebody in life.

လူငယ်ဆိုတာ ဘ၀မှာ တစ်စုံတစ်ယောက်ဖြစ်လာဖို့အတွက် တခုခုလုပ်နေရမယ့်အချိန်ကောင်းပါပဲ။ အပျံသင်စ ယိုင်နဲ့နဲ့ငှက်ကလေးလို ခုမှလောကကြီးထဲကို ထဲထဲဝင်ဝင်ရောက်လာတဲ့ လူငယ်တွေမှာလည်း စိန်ခေါ်မှုတွေက အများကြီးပါ။ ကြက်မကြီးက ကြက်ပေါက်စလေးတွေကို ကာကွယ်ပေးသလိုလည်း တစ်ချိန်လုံး လုပ်ပေးနေလို့ မရပါဘူး။

ဒါဆို ကျွန်တော်တို့လုပ်နိုင်တာ ဘာရှိလဲ

ဒီစိန်ခေါ်မှုတွေကြားကနေ အောင်မြင်ပျော်ရွှင်တဲ့သူတွေ ဖြစ်လာနိုင်ဖို့အတွက် လူငယ်တွေမှာ ထိုက်သင့်တဲ့ အသိဥာဏ်နဲ့ အရည်အသွေးတွေ ရှိနေအောင်ပဲ ပြုစုပျိုးထောင်ပေးလို့ရပါတယ်။

ဆရာလကာင်္ရည်ကျော် မကြာခဏ ပြောလေ့ရှိပါတယ်

လူငယ်တွေကို ချစ်တတ်မှ လူကြီးပါတဲ့။

လူကြီးဖြစ်နေတဲ့ လူကြီးမင်းများအားလုံး လူကြီးပီသကြပါစေလို့ ဆုတောင်းပေးရင်း

လေးစားစွာဖြင့်

ဒေါက်တာဖြိုးသီဟ

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ
၁။ သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ

သားအိမ်ခေါင်းဆိုတာ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ဆက်ပေးထားတဲ့ အစိတ်အပိုင်းလေးကို ခေါ်တာဖြစ်ပါတယ်။ သားအိမ်ရဲ့ထိပ်ဝမှာ ရှိတာမို့ သားအိမ်ထိပ်ဝ၊ သားအိမ်လည်တံလို့လည်း ခေါ်ကြပါတယ်။ အဲဒီနေရာမှာဖြစ်တဲ့ ကင်ဆာကို သားအိမ်ခေါင်းကင်ဆာလို့ ခေါ်တာပါ။

၂။ ဖြစ်နှုန်းဘယ်လောက်ရှိလဲ၊ ဘယ်အရွယ်တွေ အဖြစ်များလဲ

WHO ရဲ့ ထုတ်ပြန်ချက်အရတော့ ဒီကင်ဆာရောဂါကြောင့် ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ နှစ်မိနစ်ကို တစ်ယောက်နှုန်းလောက် သေဆုံးနေကြရပါတယ်။ အဲဒီထဲကမှ (၈၅)% ကျော်ဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကြတာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ရင်သားကင်ဆာပြီးရင် ဒုတိယမြောက် အဖြစ်အများဆုံးကင်ဆာရောဂါ ဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် ဘယ်အရွယ်မဆို ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အများအားဖြင့် အသက်(၄၀)နောက်ပိုင်း အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိပြီး (၂၅)နှစ်အောက်အရွယ်တွေမှာတော့ အင်မတန်မှ အဖြစ်နည်းပါတယ်။

၃။ ထူးခြားချက်နှစ်ချက်

အများအားဖြင့် ကင်ဆာတွေဟာ ဘာကြောင့်ဖြစ်တယ်လို့ တိတိကျကျ ပြောရခက်ပါတယ်။ ဒါကြောင့် ဘယ်လိုကာကွယ်ရင် ရမလဲဆိုတာလည်း ပြောလို့မရနိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆာမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဖြစ်စေတဲ့အကြောင်းရင်းကို သိပါတယ်၊ နောက်ပြီး ကင်ဆာမဖြစ်ခင် အကြိုအဆင့် (Precancerous stage) ဆိုတာလည်း ရှိပါသေးတယ်၊ ဒီအဆင့်မှာ ရောက်နေ မရောက်နေ စမ်းသပ်ကြည့်လို့လည်း ရနေပါပြီ။ ဒါကြောင့်၊ ဖြစ်နှုန်းများတဲ့ကင်ဆာရောဂါဆိုပေမယ့် လုံလောက်တဲ့ အသိပညာသာ ရှိထားရင် ကာကွယ်လို့ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

၃.၁။ ပထမအဆင့် ကာကွယ်နည်း – ဖြစ်စေတဲ့အကြောင်းရင်းကို ရှောင်ရှားခြင်း

သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ရတာပါ။ သားအိမ်ခေါင်းကင်ဆာအားလုံးရဲ့ (၉၉)% ဟာ ဒီပိုးနဲ့ ဆက်စပ်နေပါတယ်။ HPV ပိုးဆိုတာကတော့ အဓိကအားဖြင့် လိင်ကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါစာရင်းမှာ ထည့်လာကြပါပြီ။ သူ့မှာ မျိုးကွဲပေါင်း (၁၀၀)ကျော် ရှိပါတယ်။ လိင်အင်္ဂါ၊ အရေပြားတွေမှာ ကြွက်နို့ဖြစ်စေတာ၊ စအိုကင်ဆာ၊ လိင်တံကင်ဆာ ဖြစ်စေတာလည်း ဒီဗိုင်းရပ်စ်ပိုးကြောင့်ပဲ ဖြစ်ပါတယ်။

အများအားဖြင့် သားအိမ်ခေါင်းမှာ အဲဒီပိုးကူးစက်ခံရပြီးရင် သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ အမျိုးသမီးတချို့မှာတော့ ၁၅နှစ်ကနေ နှစ်၂၀အတွင်းမှာ သားအိမ်ခေါင်းကင်ဆာအဆင့်ကို ကူးပြောင်းသွားပါတယ်။

အခြားအကြောင်းအရာတွေကလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေကို ပိုပြီးတော့ တွန်းအားပေးနိုင်ပါတယ်။ အဲဒါတွေကတော့ —

အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှု စတင်ခြင်း
လိင်ဆက်ဆံဖက်များခြင်း
အိမ်ထောင်ဖက်မှ လိင်ဆက်ဆံဖက်များခြင်း
ကလေးသုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်ပိုမွေးထားခြင်း
ဆေးလိပ်သောက်ခြင်း
HIV ပိုးရှိခြင်း ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းခြင်း တို့ဖြစ်ပါတယ်။
ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် လိင်ဆက်ဆံမှုမစခင်မှာ ကာကွယ်ဆေးထိုးထားဖို့၊ အခုပြောခဲ့တဲ့အချက်တွေ ရှိမနေအောင် ရှောင်ရှားကြဖို့ လိုပါတယ်။ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးသုံးမယ်ဆိုရင်လည်း HPV ပိုးကူးစက်ခြင်းကနေ “အတိုင်းအတာတစ်ခုအထိ” ကာကွယ်ပေးပါတယ်။ (ကာကွယ်ဆေးအကြောင်း အသေးစိတ်ကို ဆက်ရေးပြထားပါတယ်)

၃.၂။ ဒုတိယအဆင့် ကာကွယ်နည်း – အကြိုအဆင့် စစ်ဆေးခြင်း

အကယ်၍များ ဒီအချက်တွေထဲကတစ်ခုခု ကိုယ့်မှာရှိနေခဲ့တယ်ဆိုရင်လည်း စိတ်ပျက်သွားစရာ မလိုပါဘူး။ ဒီကင်ဆာမှာ ကောင်းတဲ့တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ ကင်ဆာအဆင့်ကို မကူးပြောင်းခင်မှာ အကြိုအဆင့် ရှိနေတာပါပဲ။ အကြိုအဆင့်ဆိုတာကတော့ ကင်ဆာ မဟုတ်သေးဘူး၊ ကင်ဆာဖြစ်တော့မယ်လို့ သတိပေးနေတဲ့အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်မှာသာ ကိုယ်ကသိလိုက်ရင် အချိန်မီကုသလိုက်လို့ ရပါတယ်။ ဒါဆို ကင်ဆာလည်း မဖြစ်တော့ဘူးပေါ့။

အဲဒီအဆင့်ကို သိနိုင်ဖို့အတွက် စမ်းသပ်မှုလေးတွေ လုပ်ဖို့တော့ လိုပါတယ်။ နည်းတွေအများကြီးရှိတဲ့အထဲက သားအိမ်ခေါင်းချွဲကို ယူပြီး စမ်းသပ်တဲ့နည်း (Pap smear) နဲ့ သားအိမ်ခေါင်းကို ဆေးရည်တို့ပြီး ကြည့်တဲ့နည်း (VIA- Visual Inspection with Acetic acid) တို့ကတော့ အသုံးအများဆုံးပါပဲ။

Pap smear စမ်းသပ်မှုကို အသက်(၂၅)နဲ့(၄၉)နှစ်ကြားအရွယ်တွေဆို (၃)နှစ်တစ်ကြိမ်၊ (၅၀)နဲ့(၆၄)နှစ်ကြားဆို (၅)နှစ်တစ်ကြိမ် ပြုလုပ်ဖို့လိုပါတယ်။ VIA နည်းကို ဘယ်အရွယ်မဆို (၅)နှစ်တစ်ကြိမ် စစ်ဆေးကြရပါမယ်။ အဲဒီလို အကြိုအဆင့်ရှိမရှိ စစ်ဆေးမှုကို မှန်မှန်လုပ်သွားခြင်းအားဖြင့်လည်း ဒီကင်ဆာမဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ပြောရရင် ဒီစစ်ဆေးမှုကို မှန်မှန်ပြုလုပ်ခြင်းဟာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်တဲ့နေရာမှာ အဓိကအကျဆုံးလို့ ပြောလို့ရပါတယ်။

၃.၃။ ကာကွယ်ဆေး

ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ဖြစ်ရတာမို့လို့ ဒီပိုးအတွက် ကာကွယ်ဆေးလည်း ပေါ်နေပြီဖြစ်ပါတယ်။ ဒီဆေးကို လိင်ဆက်ဆံမှုမစခင်အချိန်မှာ ထိုးထားရင် အထိရောက်ဆုံးပါပဲ။ လိင်ဆက်ဆံမှုရှိပြီးသွားရင်လည်း ထိုးလို့ရတယ်ဆိုပေမယ့် ထိရောက်မှုကတော့ ပိုနည်းပါတယ်။ အသက်(၂၆)နှစ် နောက်ပိုင်းဆိုရင်တော့ ထိုးဖို့အတွက် မတိုက်တွန်းလိုတော့ပါဘူး။ အကြိမ်အရေအတွက်အနေနဲ့တော့ အသက် (၉)နှစ်နဲ့ (၁၄)နှစ်ကြားမှာထိုးရင် (၂)ကြိမ်၊ (၁၅)နှစ်ပြည့်ပြီးမှထိုးရင် (၃)ကြိမ် ထိုးဖို့လိုပါတယ်။

တစ်ခုသတိထားစေချင်တာကတော့ ဒီကာကွယ်ဆေးတွေဟာ သားအိမ်ခေါင်းကင်ဆာကို ရာနှုန်းပြည့်တော့ ကာကွယ်မပေးနိုင်ဘူး ဆိုတာပါပဲ။ HPV ပိုးမှာ မျိုးကွဲပေါင်းရာနဲ့ချီပြီး ရှိပါတယ်။ အဲဒီမျိုးကွဲတွေထဲကမှ နံပါတ် (၁၆)နဲ့ (၁၈) ကိုပဲ ကာကွယ်ပေးပါတယ်။ (နောက်ထပ်ကာကွယ်ဆေးအမျိုးအစားတစ်ခုကတော့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ နံပါတ် (၆) နဲ့ (၁၁) ကိုပါ ကာကွယ်ပေးပါတယ်။) ဒီမျိုးကွဲနံပါတ် (၁၆) နဲ့ (၁၈) နှစ်ခုက သားအိမ်ခေါင်းကင်ဆာအားလုံးရဲ့ (၇၀)%မှာ တွေ့ရတတ်တာမို့ ကာကွယ်ဆေးထိုးလိုက်မယ်ဆိုရင် အဲဒီလောက်ရာခိုင်နှုန်း ကာကွယ်ပြီးသား ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးသွားပေမယ့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်းကို ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။

၎။ ရောဂါလက္ခဏာများ

ကာကွယ်ဆေးလည်း ထိုးဖို့မမီတော့ဘူး။ အကြိုအဆင့်စမ်းသပ်မှုမျိုးတွေလည်း မလုပ်ချင်ပါဘူးဆိုတဲ့ အမျိုးသမီးတွေ (အထူးသဖြင့် ကိုယ့်အမေတွေ အဖွါးတွေ) အနေနဲ့တော့ ဒီလိုလက္ခဏာတွေ ရှိလာခဲ့ရင်တော့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။

အဲဒီလက္ခဏာတွေကတော့

သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊
အမျိုးသားနဲ့အတူနေပြီးတိုင်း သွေးဆင်းခြင်း၊
ပုံမမှန်သွေးဆင်းခြင်း၊
အဖြူအပုပ်ဆင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒါတွေဖြစ်တိုင်း ကင်ဆာပါလို့ ပြောမရပေမယ့် ဖြစ်တတ်ပါတယ်ဆိုပြီး ပေါ့လို့မရပါဘူး။ ကင်ဆာလို့ သိအပြီး ၅နှစ်အတွင်းမှာ အသက်ရှင်နှုန်း (5 Year Survival Rate) က ကင်ဆာအဆင့်(၁)မှာသာ သိလိုက်ရင် ၈၀ ကနေ ၉၉% အထိရှိပြီးတော့ အဆင့်(၄)မှသာ သိရင် ၂၀%အထိ နည်းသွားပါတယ်။ ဒါကြောင့် နောက်ဆုံး မကာကွယ်နိုင်လိုက်လို့ ဖြစ်ခဲ့ရရင်တောင် စောစောသိရင် ကုသမှုကို မြန်မြန်ခံယူလိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အနှစ်ပြန်ချုပ်ရရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့အတွက်

(မီသေးရင်) လိင်ဆက်ဆံမှုမစခင်မှာ ကာကွယ်ဆေးထိုးပါ
ဖြစ်နိုင်ချေပိုများစေတဲ့ အမူအကျင့်တွေကို ရှောင်ပါ
အကြိုအဆင့် စမ်းသပ်စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ
ရောဂါလက္ခဏာပေါ်လာခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။
ဒေါက်တာ ဖြိုးသီဟ

၂၁.၁.၂၀၁၇

HIV AIDS ဆိုတာ

HIV AIDS ဆိုတာ
HIV/AIDS အကြောင်း ပြောပါမယ်ဆိုရင် လူတော်တော်များများက သိပ်မထူးဆန်းတော့သလို ခံစားရတတ်ပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတော့ ဒီရောဂါဟာ တအားဟော့ခဲ့တယ်။ ခုချိန်မှာ သားအိမ်ခေါင်းကင်ဆာအကြောင်း သိချင်နေကြသလိုပေါ့။ ခုနောက်ပိုင်းမှာတော့ HIV ဆိုတာ လိင်ကတစ်ဆင့် ကူးစက်တယ်၊ ခုခံအားကို ကျစေတယ်၊ AIDS ဆိုတာကတော့ HIV ပိုးဝင်ပြီး ခုခံအားကျလာတဲ့ အခြေအနေကို ခေါ်တယ် ဆိုတာလောက်တော့ တော်တော်များများ သိလာကြပါပြီ။

ဒါပေမယ့် အဲဒီလိုသိတော့ ကူးစက်ခံရမှုတွေ မရှိတော့ဘူးလား၊ ကမ္ဘာမှာ ရောဂါပိုးကူးစက်ခံရသူ အသစ်တွေ ထပ်မပေါ်လာတော့ဘူးလား။

မဟုတ်ပါဘူး။ ကူးစက်ခံနေရဆဲ၊ ရှိနေဆဲဖြစ်ပါတယ်။ UNAIDS ရဲ့ အချက်အလက်များအရ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ လူနှစ်သန်းလောက်ဟာ HIV ပိုး အသစ်ကူးစက်ခံရနေရတယ်လို့ သိရပါတယ်။

ဘာကြောင့်ပါလဲ။ လူငယ်တွေကို မျိုးဆက်ပွါးကျန်းမာရေးအသိပညာတွေ ပေးမထားခြင်း၊ ပြည့်တန်ဆာတွေရဲ့ အနေအထား စတဲ့အကြောင်းရင်းခံတွေ အများကြီးပဲ ရှိပါတယ်။ ဒီပို့စ်မှာတော့ လူငယ်တွေ၊ အိမ်ထောင်သည်တွေ သိသင့်တဲ့အချက်တချို့ကို ဦးစားပေးဆွေးနွေးပါမယ်။

လေ့လာချက်တွေအရ HIV ပိုး အသစ်ကူးစက်ခံရသူ အိမ်ထောင်သည်အမျိုးသမီးတွေထဲမှာ တော်တော်များများက ကိုယ့်ယောကျာ်းဆီကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ အဲဒီယောကျာ်းတွေကရော ဘယ်ကနေ ရပါသလဲ။ အပျော်အပါး လိုက်စားခြင်းကနေ အများဆုံးရပါတယ်။ ပြည့်တန်ဆာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတယ်၊ နောက်ပြီး ခုနောက်ပိုင်းမှာဆို အမျိုးသားအချင်းချင်း လိင်ဆက်ဆံတာတွေပါ ရှိလာတယ်။

အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူနဲ့ Gay (မိန်းမလျာ)နဲ့ကို မရောထွေးစေလိုပါဘူး။ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတိုင်းကို Man who have sex with man (MSM) လို့ ခေါ်ပါတယ်။ အဲဒါက မိန်းမလျာလည်း ဖြစ်နိုင်တယ်၊ သူနဲ့ဆက်ဆံဖက်ဟာလည်း MSM ပါပဲ။ မြင်သာအောင် ဥပမာပေးရရင် ရုပ်ရှင်မင်းသားနဲ့ မိတ်ကပ်ဖန်တီးရှင်နဲ့ ဇာတ်လမ်းဖြစ်ကြတယ်ဆိုပါစို့။ နှစ်ယောက်လုံးသည် MSM ဖြစ်တယ်။ ဆိုလိုတာက မိန်းမလိုဝတ်စားထားမှ မဟုတ်ဘူး။ ယောကျာ်းရင့်မာကြီးလည်း ဖြစ်နိုင်တယ်၊ မှုန်နေအောင်ချောတဲ့ မင်းသားကလည်း MSM ဖြစ်နိုင်တယ်။ ဒါကြောင့် ငါ့ယောကျာ်းက ကျားကျားလျားလျားကြီး၊ ဒါမျိုးမဟုတ်ဘူးလို့ သတ်မှတ်လို့မရဘူး။ ဒါသည် အပြင်ပန်းသဏ္ဍန်နဲ့ မဆိုင်ဘူး။ သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှု (Sexual orientation) နဲ့ပဲ ဆိုင်တယ်။ အဲဒါကို သဘောပေါက်မထားဘဲ အမှုမဲ့အမှတ်မဲ့နေလိုက်လို့ မရဘူး။

ဟိုတစ်လောက မိန်းမလျာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ ခု သူက AIDS ဖြစ်နေပြီ။ သူ့ဇာတ်လမ်းက ရင်နင့်စရာလည်း ကောင်းသလို၊ သူပြောတာ ဖတ်ရင်း ပိုရင်နင့်သွားရတာလည်း ရှိတယ်။ ဘာလဲဆိုတော့ နောက်ဆုံးပေါင်းသင်းခဲ့တဲ့ ယောကျာ်းက သူရောဂါဖြစ်မှန်းလည်းသိရော၊ သူ့ကိုစွန့်ပစ်သွားပါသတဲ့၊ ခုတော့ ရပ်ကွက်တစ်ခုမှာ အမျိုးသမီးတစ်ယောက်နဲ့ ပေါင်းသင်းနေတယ်လို့ သတင်းကြားတယ်တဲ့။ သူတောင် ဒီရောဂါဖြစ်နေမှတော့ အဲဒီယောကျာ်းမှာလည်း ကူးစက်ခံနေရမှာ အသေအချာပါပဲ။ ရောဂါလက္ခဏာမပြသေးတာပဲ ရှိမယ်။ အဲဒါကို နောက်မိန်းမယူလိုက်တော့ ဒီမိန်းမဆီလည်း ကူးလောက်ပြီ။ ထပ်ပြီး အဲဒီမိန်းမမှာများ ကိုယ်ဝန်ရလာခဲ့ရင်၊ ကျွန်တော် ဆက်မတွေးနိုင်တော့ဘူး။ ဒီလိုနဲ့ မြာပွေတဲ့သူတွေမှ ဖြစ်တယ်လို့ သိခဲ့ကြတဲ့ ဒီရောဂါဟာ ဘုမသိဘမသိ အမျိုးသမီးတွေ၊ ခုမှလူ့လောကထဲ ရောက်လာတဲ့ ကလေးငယ်တွေမှာပါ တွေ့လာရတော့တာပဲ။

တစ်ခါကလည်း တက္ကသိုလ်ကျောင်းသားတစ်ယောက် ဆေးခန်းလာပြပါတယ်။ လိင်အင်္ဂါမှာ အနာဖြစ်လို့ပါ။ ကာလသားရောဂါပေါ့။ မေးကြည့်တော့ နေရာတစ်ခုကို သွားထားတယ် တဲ့။ ရည်းစားရောရှိလား ဆိုတော့ ရှိတယ်၊ သူနဲ့ရော ဆိုတော့ သူနဲ့လည်း နေဖြစ်တယ် တဲ့။ အဲဒါနဲ့ပဲ အဲဒီကောင်မလေးကိုပါ ဆေးကုဖို့လိုမယ့်အကြောင်း ဆွေးနွေးပေးခဲ့ရတယ်။ အဲဒီကောင်လေးနဲ့ ကောင်မလေးဆို အိမ်ထောင်တောင်မကျသေးဘူး။ ရောဂါပိုးနဲ့က လက်တစ်ကမ်းဖြစ်နေပြီ။

ဒါကို ကျွန်တော်တို့ ဘယ်လိုတားဆီးမလဲ။ (၃)ချက် ဆွေးနွေးလိုပါတယ်။

၁။ တစ်ခါတည်း ပေမယ့်လည်း …

တစ်ခါတည်းပါ ဆိုတဲ့ စိတ်ကို ပြင်ရမယ်။ ဒီပိုးဟာ ကိုယ်ခန္ဓာထဲဝင်ပြီး နှစ်ကာလအတော်ကြာမှ လက္ခဏာစပြတာမို့လို့ မျက်စိနဲ့ကြည့်ရုံနဲ့ ပိုးမရှိဘူးလို့ ပြောမရနိုင်ဘူး။ သွေးစစ်ကြည့်မှပဲ သိနိုင်တာ။ အသားဖြူဖြူ၊ ချောချောလှလှလေးတွေမှာလည်း ရှိနေနိုင်တာပဲ။ နောက်ပြီး တစ်ကြိမ်တစ်ခါလောက် ဆက်ဆံမိရုံနဲ့လည်း ကူးသွားနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတည်းပါဆိုပြီး ပေါ့လို့မရပါဘူး။

လူငယ်တွေကလည်း တစ်ကြိမ်တစ်ခါ လက်တည့်စမ်းနိုင်တာပဲ၊ အိမ်ထောင်သည်တွေကိုလည်း အမြဲသစ္စာရှိနေမယ် တွက်ထားလို့ မရပါဘူး။ ဒါကြောင့် သတိထားစေလိုတာက ဘယ်သူနဲ့ပဲဆက်ဆံဆက်ဆံ၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကွန်ဒုံးအမြဲသုံးဖို့ လိုမယ်ဆိုတာပါပဲ။ မိန်းကလေးတွေအနေနဲ့လည်း ကွန်ဒုံးပါမလာဘူးဆို လက်မခံပါနဲ့။ အကယ်၍ ကိုယ့်မှာ အဆင်သင့်ပါမလာဘူးဆိုရင်တော့ စိတ်တွေအရမ်းပြင်းထန်နေချိန်မှာ ထိုးသွင်းဆက်ဆံခြင်းမဟုတ်တဲ့ နည်းတွေသုံးလို့ရပါတယ်။ ဥပမာ တစ်ယောက်ကိုတစ်ယောက် လက်နဲ့အာသာဖြေပေးတာမျိုးပေါ့။ ကွန်ဒုံးသုံးရင် ခံစားမှုကို လျော့စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မသုံးဘဲနေလိုက်ရင် ကိုယ့်တစ်ဘ၀လုံးကို ဒုက္ခဖြစ်သွားနိုင်ပါတယ်။

၂။ လက်မထပ်ခင် သွေးစစ်ပါ

တစ်ကြိမ်တစ်ခါနဲ့ ကူးစက်နိုင်တဲ့ ရောဂါမို့ မမျှော်လင့်ဘဲ ကိုယ့်ချစ်သူဆီမှာ ဒီပိုးက ရှိနေနိုင်ပါတယ်။ ဒီအတွက် လက်မထပ်ခင် သွေးစစ်ဆေးကြည့်ပါ။ ဒါဟာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်လို့မဟုတ်ဘဲ ကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခု အဖြစ် မြင်ပေးပါ။ သစ္စာရှိပါတယ်ဆိုပေမယ့်လည်း တစ်ကြိမ်တစ်ခါလောက် မှားသွားတယ်ဆိုတာမျိုးက ရှိနိုင်တာမို့ ဒါဟာ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းနဲ့ မသက်ဆိုင်ဘဲ ကိုယ့်မိသားစုနောင်ရေး၊ ကိုယ့်ဆီရောက်လာမယ့် သားသမီးတွေနောင်ရေးအတွက် အရေးကြီးတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။

၃။ အိမ်ထောင်သည်အချင်းချင်း ပွင့်လင်းပါ။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုမှာ အချစ်အပြင် လိင်ကိစ္စဆိုတာကလည်း ပါဝင်လာပါတယ်။ လိင်စိတ်ဆိုတာက တော်တော်ကို ဆန်းကြယ်တဲ့အရာပါ။ လိင်တူလိင်ကွဲရှိမယ်၊ ပုံမှန်ရှိတဲ့သူ၊ ပြင်းထန်တဲ့သူရှိမယ်၊ ဘယ်လိုပုံစံနဲ့ဆက်ဆံရတာကို သဘောကျတယ်ဆိုတာမျိုးတွေ ကွဲမယ်။ အများအားဖြင့် ကျွန်တော်တို့ဆီက စုံတွဲအများစုဟာ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း တိုင်ပင်လေ့မရှိကြပါဘူး။ အမျိုးသမီးတွေကလည်း အစဉ်အလာထိန်းကွပ်မှုတွေအောက်မှာ အနေကြာခဲ့တော့ ဒါက ရှက်စရာလို့မြင်တယ်၊ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောရင် မကောင်းတဲ့မိန်းမလို့ ထင်သွားမလား စိုးရိမ်ကြတယ်။ ယောကျာ်းကပဲ ဒီကိစ္စတွေမှာ ဦးဆောင်သလို ဖြစ်နေတယ်။ ဒီအခါမှာ အိမ်ထောင်ရေးအဆင်မပြေမှုတွေ၊ ဆန္ဒမပြည့်ဝမှုတွေ ဖြစ်လာရတယ်။ ဒီအခါ တစ်လင်တစ်မယားစနစ် ကျင့်သုံးဖို့ရာ မလွယ်တော့ဘူး။

၎။ တာဝန်ယူတတ်ပါစေ

ကိုယ်က မတော်တဆ မှားယွင်းခဲ့တယ်ဆိုလည်း ဒါဟာ အန္တရာယ်ရှိတဲ့၊ ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အပြုအမူမျိုးဆိုတာ သိရမယ်။ သွေးစစ်ဖို့ဆိုတာကလည်း ပိုးဝင်ပြီးအနည်းဆုံး(၃)လနေမှ စစ်လို့ပေါ်တာ။ ဒီမတိုင်ခင်က စစ်လည်း Negative ပဲ။ ဒါကြောင့် သွေးစစ်လို့မရသေးမချင်း ကိုယ့်ဆီမှာများ ကူးစက်နေခဲ့ရင် ဆိုတဲ့ အသိနဲ့ ကိုယ့်ဆီကနေ တခြားလူဆီ မရောက်ဖို့ တာဝန်ယူရလိမ့်မယ်။ ဆိုလိုတာက ခုနက ကောင်လေးလို ကိုယ်တစ်နေရာသွားထားမိတာ သိသိကြီးနဲ့ ချစ်သူကောင်မလေးနဲ့လည်း အတူနေနေတာမျိုး မလုပ်သင့်ဘူး။ ကိုယ့်အရင်ယောကျာ်းက HIV ပိုးကူးစက်ခံခဲ့ရတယ်။ ကိုယ့်ဆီမှာလည်း ရှိနေနိုင်တယ်။ အဲဒါကိုကြောက်လို့ သွေးမစစ်ဘူး၊ နောက်ယောကျာ်း ထပ်ယူတယ်။ နောက်တော့မှ သိသွားတော့ လင်မယားလည်းကွဲ၊ ပြဿနာတွေလည်းတက်၊ နောက်ယောကျာ်းမှာလည်း နေရင်းထိုင်ရင်း ရောဂါကူးစက်ခံခဲ့ရတယ်။ ဒါကြောင့် ကိုယ့်မှာကူးစက်ခံရနိုင်ချေ ရှိတယ်ဆိုရင် လိင်ဆက်ဆံခြင်းကို ရှောင်တာမျိုး၊ သွေးမလှူတာမျိုး လုပ်ပေးဖို့ လိုပါတယ်။

HIV ပိုးကာကွယ်ဖို့ဆိုရင် ဆွေးနွေးစရာတွေ အများကြီးရှိပါတယ်။ ဒီ(၄)ချက်ကတော့ အိမ်ထောင်သည်တွေ၊ လူငယ်တွေအတွက် သိထားသင့်တဲ့အချက်တွေမို့ ရေးလိုက်ရတာပါ။

အဓိကကတော့

လိင်တူလိင်ကွဲ၊ ကိုယ့်ချစ်သူနဲ့ပဲဖြစ်ပါစေ၊ ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးအမြဲသုံးပါ။

လက်မထပ်ခင် သွေးစစ်ပါ။ အိမ်ထောင်ရေးမှာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။

မတော်တဆ ဖြစ်လာခဲ့ရင်လည်း တာဝန်ယူတတ်တဲ့အသိလေး ထားပေးပါ။

ဒေါက်တာ ဖြိုးသီဟ
၂၅.၁.၂၀၁၇

ပုခက်လွှဲသောလက်တွေ ကမ္ဘာကိုကိုင်လှုပ်နိုင်စေဖို့

ပုခက်လွှဲသောလက်တွေ ကမ္ဘာကိုကိုင်လှုပ်နိုင်စေဖို့
ဒီနေ့ စက်တင်ဘာလ (၂၆)ရက်နေ့ကို ကမ္ဘာ့သားဆက်ခြားနေ့ (World Contraception Day) အဖြစ် သတ်မှတ်ကြပါတယ်။ မျိုးဆက်ပွါးကျန်းမာရေး၊ သန္ဓေတားနည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပိုမိုအသိပညာရလာစေဖို့အတွက် ၂၀၀၇ခုနှစ်ကစပြီး အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပလာခဲ့ကြတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ မွေးဖွားလာတဲ့ ကလေးတွေမှန်သမျှဟာ လိုလိုချင်ချင်နဲ့ ရလာတဲ့ ကလေးတွေချည်း ဖြစ်နေစေဖို့ပါပဲ။

ကမ္ဘာတစ်ဝှမ်းမှာ အဲဒီလို အထိမ်းအမှတ်အနေနဲ့ သတ်မှတ်ထားကြတဲ့ နေ့တွေ အများကြီးပဲ ရှိတယ်။ အားလုံးဟာ ကမ္ဘာပေါ်က လူသားတွေအတွက် အရေးကြီးတဲ့ အကြောင်းအရာတွေချည်းပါပဲ။ ဒါတွေကို လူတွေပိုသတိထားမိလာပြီး အားလုံးပူးပေါင်းဆောင်ရွက်လာကြအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေ လုပ်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ မျိုးဆက်ပွါးကျန်းမာရေးလုပ်ငန်းတွေ (၃)နှစ်ကျော် လုပ်လာခဲ့တဲ့ အတွေ့အကြုံအရတော့ အများစုက ဒီသားဆက်ခြားတဲ့ကိစ္စကို အရေးကြီးတယ်လို့ကို မြင်မနေကြဘူး။ အဆင်ပြေလည်း တားလိုက်မယ်၊ မပြေလည်း ယူလိုက်တာပေါ့လို့ အမျိုးသမီးတွေကိုယ်တိုင်က ခပ်လွယ်လွယ် သဘောထားနေကြတယ်။ ဒီလို လွဲမှားတဲ့အမြင်တွေ ရှိလာတဲ့အခါမှာ သားဆက်ခြားနည်းတွေအကြောင်းပဲ ပြောနေလို့ မရတော့ဘူး။ ဘာကြောင့် ဒီလုပ်ငန်းဟာ အရေးကြီးသလဲဆိုတာကိုပါ အများသိအောင်ပြောဖို့ လိုအပ်လာပါတယ်။

၁) ယောကျာ်းဖောင်စီး၊ မိန်းမမီးနေ

ဒီစကားပုံကိုတော့ အားလုံးကြားဖူးပြီးသားပါ။ ဖောင်စီးရတဲ့ ယောကျာ်း အသက်အန္တရာယ်နဲ့ သိပ်နီးသလို၊ မီးဖွါးရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့လည်း သချိင်္ုင်းကိုတစ်နေ့၃ကြိမ်မျက်စောင်းထိုးရတယ် ဆိုရလောက်အောင် အန္တရာယ်များလှတာကို ခိုင်းနှိုင်းတင်စားထားတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်လို တိုးတက်လာတဲ့အခြေအနေမှာတော့ ယောကျာ်းတွေ ဖောင်စီးရတာ မရှိတော့သလောက်ပါပဲ။ ဒါပေမဲ့ မိန်းမတွေကတော့ ဒီနေ့ထက်ထိ မီးနေနေရတုန်းပဲ။ ဘယ်အမျိုးသမီးမှလည်း ခြွင်းချက်ရယ်လို့ မရဘူး။ လူသားမျိုးနွယ် တည်တံ့ဖို့အတွက် သဘာဝကပေးအပ်ထားတဲ့ တာဝန်တစ်ရပ်ဖြစ်လို့ အိမ်ထောင်သည်အမျိုးသမီးမှန်ရင် ဒီတာဝန်ကို ထမ်းဆောင်ကြရတယ်။ အဘက်ဘက်က ပြည့်စုံနေတဲ့ အခြေအနေတစ်ရပ်မှာ ကလေးမွေးရတာတောင် အန္တရာယ်များသေးတယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးက မကောင်း၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်းတွေကလည်း နိမ့်ကျနေတဲ့ အခြေအနေမျိုးမှာဆို ပိုလို့တောင် အန္တရာယ်ကြီးလှပါတယ်။

၂) ကမ္ဘာပေါ်က မိခင်သေဆုံးမှုအများစုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကြပါတယ်။

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာတော့ မိခင်သေနှုန်း လျှော့ချဖို့ဆိုတဲ့ ကိစ္စဟာ ကျန်းမာရေးဝန်ထမ်းတွေအားလုံးအတွက် အရေးကြီးတာဝန်တစ်ရပ် ဖြစ်ပါတယ်။ မိခင်သေဆုံးမှုဆိုတာ ကိုယ်ဝန်ဆောင်နေစဉ်၊ ကလေးမွေးနေစဉ်၊ ကလေးမွေးပြီး (၆)ပတ်အတွင်းမှာ ကိုယ်ဝန်နဲ့ဆက်စပ်ပြီး သေဆုံးသွားတာကို မိခင်သေဆုံးတယ်လို့ သတ်မှတ်ပါတယ်။

လုံခြုံစိတ်ချ မိခင်ဘ၀ (Safe motherhood) မှာ ဒေါက်တိုင်(၄)ခုရှိပါတယ်။ ၁) ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ၂) ကျွမ်းကျင်သူနဲ့ မွေးဖွါးဖို့ ၃) အရေးပေါ်စောင့်ရှောက်မှု ၄) သားဆက်ခြားခြင်း တို့ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် အသက်မဆုံးရှုံးရအောင် ကာကွယ်ဖို့ဆိုတဲ့နေရာမှာ မီးဖွါးခြင်းဆိုင်ရာ အရေးပေါ်စောင့်ရှောက်မှုက တော်တော်လေး အဓိကကျပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဆီက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ဘယ်လိုဖြစ်ရင် ဆေးရုံကို အရေးပေါ်သွားသင့်တယ်ဆိုတဲ့ အန္တရာယ်ရှိ လက္ခဏာတွေ သိမနေဘူး၊ ရှေးရိုးစွဲအယူအဆတွေ ရှိနေတုန်းပဲ၊ ဒီတော့ ဆေးရုံသွားသင့်ပြီဆိုတဲ့ ဆုံးဖြတ်ချက်ချရာမှာ နှောင့်နှေးတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာလည်း တစုံတရာ အားနည်းချက်တွေ ရှိနေသေးတယ်။ ဒါတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိခင်သေနှုန်းဟာ များပြားနေရခြင်း ဖြစ်ပါတယ်။

ဘာကြောင့် သားဆက်ခြားခြင်းကို လုံခြုံစိတ်ချ မိခင်ဘ၀အတွက် ထည့်ပြောနေရသလဲဆိုရင်တော့ ကလေးတစ်ယောက်မွေးပြီး လပိုင်းအတွင်း နောက်တစ်ခါသာ ကိုယ်ဝန်ဆောင်ခဲ့ရမယ်ဆိုရင် အဲဒီကိုယ်ဝန်ဟာ အရမ်းအန္တရာယ်အရမ်းများသွားလို့ပါပဲ။ တကယ်တော့ ပထမကလေးတစ်ယောက်မွေးပြီးရင် အနည်းဆုံး၂နှစ်နေပြီးမှ နောက်ကိုယ်ဝန်ကို ယူသင့်ပါတယ်။ ဒါဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာရေးရှုထောင့်က ကြည့်ပြီး မဖြစ်မနေ လုပ်ရမဲ့ ကိစ္စတစ်ခုပါ။

၃) မိခင်နဲ့ကလေးဟာ ခွဲခြားလို့မရအောင် ဆက်စပ်နေတယ်။

ငါးနှစ်အောက်ကလေးသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ အာဟာရမပြည့်ဝမှုကြောင့် ဖြစ်ပါတယ်။ ကလေးများလွန်းခြင်း၊ တစ်ယောက်နဲ့တစ်ယောက် နီးလွန်းခြင်းနဲ့ ဆင်းရဲခြင်းတွေကနေ အဲဒီပြဿနာ ဖြစ်လာပါတယ်။

ကလေးဆိုတာ မွေးလိုက်ရုံနဲ့ မပြီးပါဘူး။ ကျွေးမွေးရတယ်၊ ပြုစုပျိုးထောင်ပေးရတယ်။ ကလေးအများကြီးမွေးထားတော့ အလုပ်ကိုကောင်းကောင်းမလုပ်ရတော့ဘူး။ စီးပွါးရေးတွေ ကြပ်တည်းကုန်တယ်။ ကလေးတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရ၊ အလုပ်လုပ်ရ၊ ပိုက်ဆံရှာရ၊ တချို့ကျတော့လည်း လမ်းပေါ်မှာ ဖိနပ်တောင်မပါဘဲ တောင်းရမ်းစားသောက်နေကြရတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား နီးလွန်းတော့လည်း ကောင်းကောင်းမစောင့်ရှောက်နိုင်တော့ဘူး။ အကြီးက အငယ်ကို ပြန်ထိန်းရ၊ ၀မ်းတွေလျှောကြ၊ အာဟာရတွေပြတ်ကြ၊ ရောဂါတွေဖြစ်ကြရတယ်။ ဒီလိုနဲ့ ကလေးသေနှုန်းတွေ များလာတယ်။

ကလေးဆိုတာ တိုင်းပြည်ရဲ့အနာဂတ်ပါပဲ။ ဒီလိုကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျနေတဲ့ ကလေးတွေနဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လိုတည်ဆောက်ကြမလဲ။ တကယ်တော့ မိခင်ရယ်လို့ ဖြစ်လာရင် သူ့ရဲ့လုပ်ရပ်တွေ၊ တွေးခေါ်စဉ်းစားမှုတွေဟာ သူတစ်ယောက်တည်းနဲ့ မဆိုင်တော့ဘူး၊ နှစ်ယောက်စာ အကျိုးသက်ရောက်မှု ရှိနေပြီဆိုတာကို သဘောပေါက်ထားပေးဖို့ လိုပါတယ်။

ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယန်က မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးကို မေးဖူးပါတယ်၊ “ပြင်သစ်လူငယ်တွေ တိုးတက်လာဖို့ အလိုအပ်ဆုံးဟာ ဘာများဖြစ်မယ် ထင်ပါသလဲ”ဆိုတော့ ဟိုအမျိုးသမီးကြီးက ပြန်ဖြေတယ်၊ “မိခင်လောင်းတွေပါပဲရှင်” တဲ့။ “စကားလုံးတစ်လုံးတည်းနဲ့ကို စနစ်ကြီးတစ်ခုလုံး ပြီးသွားတာပဲလား” လို့တောင် နပိုလီယန်က ရေရွတ်မိသွားတယ်။ ဟုတ်ပါတယ်။ အမျိုးသမီးတွေ အသိပညာမြင့်မှ မျိုးဆက်သစ်လူငယ်ပညာတတ်တွေ မွေးထုတ်ပေးနိုင်မှာပါ။

၎) ကမ္ဘာမခြား မနဲ့ကျား

ယောကျာ်းမိန်းမ ခွဲခြားဆက်ဆံမှုတွေ ပပျောက်သွားဖို့၊ တန်းတူညီမျှရှိလာဖို့အတွက် ဒီနေ့ကမ္ဘာမှာ အတော်လေး ပြောလာကြတယ်။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်၊ ယောကျာ်းနဲ့မိန်းမကြားက အကြီးမားဆုံး ကွာခြားချက်ဟာ ဘာလဲဆိုရင် အဲဒါဟာ “သားအိမ်”ပါပဲ။

ချစ်သူစုံတွဲတစ်တွဲရှိတယ်၊ ကောင်လေးကလည်း သူကြိုက်တဲ့သူကို ချစ်ရေးဆိုတယ်၊ ကောင်မလေးကလည်း သူကြိုက်တဲ့သူကို အဖြေပြန်ပေးတယ်၊ လက်ထပ်တော့လည်း အတူတူပဲ၊ ကိုယ်သဘောကျတဲ့သူ ကိုယ်ယူကြတာပဲ။ လက်ထပ်ပြီး အိမ်ထောင်ရေးသုခ ခံစားတော့လည်း အတူတူပဲ။ မတူတော့တာက ကိုယ်ဝန်ဆောင်၊ ကလေးမွေးတဲ့ နေရာမှာပဲ။ မိန်းမမှာက သားအိမ်ပါနေတဲ့အတွက် သူကပဲ ကိုယ်ဝန်ဆောင်ရတယ်၊ ကလေးမွေးရတယ်၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းနဲ့ပတ်သက်တဲ့ ဒုက္ခတွေ၊ သားအိမ်နဲ့ပတ်သက်တဲ့ ဒုက္ခတွေ၊ ရောဂါတွေ သူကပဲ ခံစားရတယ်။ ကလေးမွေးရလို့ အလုပ်အကိုင်ပျက်ရမယ်ဆိုလည်း မိန်းမတွေပဲ။

ဒါကြောင့် ဒီသားအိမ်ပြဿနာကို ဖြေရှင်းပေးလိုက်ခြင်းဟာ ကျားနဲ့မ တန်းတူဖြစ်လာဖို့အတွက် အခြေအနေကောင်းတစ်ခု ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေအားလုံး ကလေးမမွေးကြနဲ့လို့တော့ ဆိုလိုတာမဟုတ်ပေမဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ကို မလိုချင်သေးတဲ့အချိန်မှာ တားထားနိုင်ရမယ်၊ ကိုယ်နဲ့သင့်တော်တဲ့နည်းလမ်းကိုလည်း ကိုယ်တိုင်ရွေးချယ်ခွင့် ရှိရမယ်။ အဲဒါ အမျိုးသမီးတိုင်းမှာ ရှိနေတဲ့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို သားအိမ်မပါလို့ ဒီဒုက္ခတွေကို မသိတဲ့ ယောကျာ်းများကလည်း လေးစားတန်ဖိုးထားပေးဖို့ လိုပါတယ်။

တကယ်တော့ အမျိုးသမီးဆိုတာ အမျိုးသားတွေအတွက် အဖျော်ဖြေခံ ပစ္စည်းတစ်ခု မဟုတ်သလို၊ ကလေးမွေးပေးတဲ့စက်လည်း မဟုတ်ပါဘူး။ သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး အပြန်အလှန် လေးစားပြီး တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီလို့ ဘ၀ခရီးကို အတူလျှောက်လှမ်းကြရမဲ့ လက်တွဲဖော်တွေပဲ ဖြစ်ပါတယ်။            ။

အမျိုးသမီးတွေကို ဒီလိုသားဆက်ခြားနည်းလမ်းတွေ ထိထိရောက်ရောက် အသုံးပြုလာစေချင်တယ်ဆိုရင် အသိပညာချည်း ပေးနေလို့တော့ မရပါဘူး။ ဒီလိုတွေ အသုံးပြုနိုင်ဖို့အတွက် ဖြစ်နိုင်လောက်သော ပတ်ဝန်းကျင် (Enabling Environment) တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။ သားဆက်ခြားနည်းအသုံးပြုချင်တဲ့ အမျိုးသမီးတစ်ယောက်မှာ အတားအဆီးတွေ အများကြီးပဲ ရှိပါတယ်။ ငွေကြေးမတတ်နိုင်တာ၊ အသိပညာအားနည်းတာ၊ ယောကျာ်းက သဘောမတူတာ၊ ရှက်ကြောက်တာ၊ ယဉ်ကျေးမှုအရ ဘာသာရေးအရ အခက်ကြုံနေရတာ၊ သွားရေးလာရေးခက်ခဲတာ၊ လွဲမှားပြီး ယူဆနေကြတာ၊ တစ်ခါသုံးပြီး ဘေးထွက်ဆိုးကျိုး(Side Effect)တစ်ခု ကြုံဖူးလိုက်လို့ နောက်ထပ်မသုံးရဲတော့တာ စတာတွေပေါ့။ ဒါတွေကိုလည်း အားလုံးဝိုင်းဝန်းဖြေရှင်းပေးကြဖို့ လိုပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းရဲ့ အရေးကြီးပုံကို အမျိုးသမီးတွေချည်း သိနေလို့ မဖြစ်ပါဘူး။ အမျိုးသားတွေအပါအ၀င် ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးကပါ သိထားဖို့ လိုပါတယ်။

စာရေးဆရာ ရော့ဖ်ဒိုဘယ်လီက ပြောဖူးတယ်၊ လူ့အဖွဲ့အစည်းတစ်ရပ် တိုးတက်တယ် မတိုးတက်ဘူးဆိုတာကို အဲဒီလူ့အဖွဲ့အစည်းထဲက လူတွေဆီမှာ ရွေးချယ်စရာ အခွင့်အလမ်း ဘယ်လောက်ထိ ရှိသလဲဆိုတဲ့ ပေတံနဲ့ တိုင်းတာရတယ် တဲ့။

သားဆက်ခြားမယ်ဆိုရင် နယ်က အမျိုးသမီးတစ်ယောက်မှာ ရှိနေတဲ့ ရွေးချယ်ခွင့်နဲ့ ရန်ကုန်က အမျိုးသမီးတစ်ယောက်မှာ ရှိနေတဲ့ ရွေးချယ်စရာတွေက မတူပါဘူး။ ရန်ကုန်က အမျိုးသမီးတွေမှာ ရွေးချယ်စရာနည်းလမ်းတွေလည်း အများကြီးရှိသလို၊ ဆေးခန်း၊ ဆရာဝန် ဆရာမ၊ ရွေးချယ်စရာ အများကြီးပဲ ရှိပါတယ်။ ရွာက အမျိုးသမီးတစ်ယောက်မှာကျ ဒီလိုမဟုတ်ပါဘူး။ နည်းလမ်းရော ၀န်ဆောင်မှုပေးမဲ့ ဆရာဝန် ဆရာမပါ ရွေးချယ်စရာ နည်းပါးလှပါတယ်။ ဒါကိုကြည့်လိုက်ရင် မျိုးဆက်ပွါးကျန်းမာရေးအဆင့်အတန်း ဘယ်သူက ပိုမြင့်နေသလဲဆိုတာ အလွယ်လေးသိနိုင်ပါတယ်။ တကယ်တော့ မြို့ကလူပဲဖြစ်ဖြစ် ရွာကလူပဲဖြစ်ဖြစ်ပါ၊ “လူတိုင်းလူတိုင်း အရည်အသွေးပြည့် မျိုးဆက်ပွါးကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီမီ ရရှိပိုင်ခွင့်” ဆိုတာဟာ လူသားတိုင်းမှာ ရှိနေတဲ့ အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။

အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝေးလံခေါင်ဖျား ဒေသတွေအထိ အရောက်သွားပြီး ဒီသားဆက်ခြားဝန်ဆောင်မှုတွေ ပေးနေတာဟာ “ရွာကအမျိုးသမီးတစ်ယောက်အနေနဲ့လည်း မြို့ကအမျိုးသမီးနဲ့တန်းတူ ရွေးချယ်စရာတွေရလာစေဖို့” ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ပါ။ ဒါကြောင့် ကလေးနည်းနေသေးတယ် ယူဦး၊ ကလေးထပ်မယူနဲ့တော့ တားထားတော့ ဆိုတာမျိုး မဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားပြီး သူ့မှာ “ရွေးချယ်စရာ”တွေ ခပ်များများ ရှိနေအောင်သာ ရည်ရွယ်ချက်ထား၊ အသိပညာနဲ့ ၀န်ဆောင်မှုတွေ ပေးကြဖို့ လိုပါတယ်။

ဒီနေ့ခေတ် မြန်မာမှာရော ကမ္ဘာမှာပါ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။ သူတို့တွေဟာ ပုခက်လွှဲသောလက်တွေ ကမ္ဘာကိုကိုင်လှုပ်နေပြီဆိုတဲ့စကားအတွက် အကောင်းဆုံးသက်သေတွေပါပဲ။ ခုပြောခဲ့ပြီးတဲ့ သားဆက်ခြားလုပ်ငန်းရဲ့ အကျိုးကျေးဇူးတွေကို သိမြင်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ မိခင်သေနှုန်း၊ ကလေးသေနှုန်းတွေ၊ ဆင်းရဲမွဲတေမှုတွေ လျော့ကျသွားဖို့၊ အမျိုးသမီးတွေရဲ့ဘ၀ တိုးတက်လာဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားနိုင်ကြမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၆.၉.၂၀၁၄

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ
ရုတ်တရက်ကြည့်လိုက်ရင် သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ချင်စရာပါ။ တကယ်လည်း လက်ရှိအနေအထားမှာ အသုံးပြုလို့ရနိုင်ပြီး စိတ်ချရတဲ့ သားဆက်ခြားနည်းအများစုက အမျိုးသမီးတွေပဲ အသုံးပြုနေရတာဖြစ်သလို၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေးရတာကလည်း အမျိုးသမီးတွေပါပဲ။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း ဒီကိစ္စမှာ ပါဝင်ပေးဖို့ သိပ်ကိုလိုအပ်တဲ့အကြောင်း ပြောပြလိုပါတယ်။

၁။ အမျိုးသား ပါဝင်ပေးရမယ့် သားဆက်ခြားနည်းတွေ

အမျိုးသားဘက်က လုပ်ဆောင်ပေးရမယ့် သားဆက်ခြားနည်းတချို့ရှိပါတယ်။ ကွန်ဒုံးဆိုရင် အမျိုးသားသုံး၊ အမျိုးသမီးသုံးရယ်လို့ ရှိပေမယ့် လွယ်လွယ်ကူကူ ၀ယ်လို့ရနေတာက အမျိုးသားသုံးကွန်ဒုံးတွေပါ။ ဒီနည်းလမ်းက ကိုယ်ဝန်မရအောင် တားဆီးပေးသလို၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ကူးစက်မခံရအောင်လည်း ကာကွယ်ပေးပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် အသုံးပြုသင့်တဲ့ ခေတ်ပေါ်သားဆက်ခြားနည်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ သုက်ရည်အပြင်စွန့်ထုတ်တဲ့နည်းလမ်းလို၊ ရက်ရှောင်နည်းလိုမျိုးတွေမှာလည်း အမျိုးသားတွေက အရေးပါတဲ့နေရာကနေ ပါဝင်ပါတယ်။

၂။ အမျိုးသမီးအပေါ် လေးစားမှုပေးဖို့

အမျိုးသမီးတွေပဲ အသုံးပြုဖို့လိုတဲ့ နည်းလမ်းတွေနဲ့ပတ်သက်လာရင်လည်း အမျိုးသားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတာပါပဲ။ အမျိုးသားကို အမျိုးသမီးထက်စာရင် တန်ဖိုးပိုထားတတ်တဲ့ မြန်မာ့အသိုင်းအ၀ိုင်းမှာ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘယ်တော့ကလေးယူမယ်၊ ဘယ်လိုသားဆက်ခြားနည်းကို ရွေးချယ်မယ် ဆိုတဲ့ အမျိုးသမီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အမျိုးသားဘက်က လေးစားပေးဖို့ လိုပါမယ်။ တစ်နည်းအားဖြင့် ပြောရရင် ဒါဟာ ကိုယ့်အမျိုးသမီးကို ပါရမီဖြည့်ပေးခြင်းတစ်မျိုးပါပဲ။

၃။ အမျိုးသမီးကို အားပေးနှစ်သိမ့်ဖို့

သားဆက်ခြားနည်းတွေ သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုး ခံစားရတာမျိုးတွေ အနည်းအပါး ရှိတတ်ပါတယ်။ ဒီအခါမှာ အမျိုးသားရဲ့ အားပေးစကားတွေ၊ နှစ်သိမ့်မှုတွေဟာ ဆရာဝန်၊ ဆရာမတွေရဲ့ ဆွေးနွေးမှုနဲ့ထပ်တူပဲ ခံစားနေရသူ အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိစေပါတယ်။ ဒီအတွက် (ဆေးခန်းသွားရင် အမျိုးသမီးနဲ့အတူ လိုက်သွားပြီး) သားဆက်ခြားနည်းလမ်းတစ်ခုချင်းစီရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို လေ့လာထားတာ၊ မေးမြန်းထားတာ၊ ကိုယ့်အမျိုးသမီးနဲ့ဆို ဘယ်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မယ်လို့ ၀ိုင်းဝန်းအကြံပေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

၎။ မိသားစုစီမံကိန်းအတွက် ကူညီပါဝင်ပေးဖို့

အမျိုးသမီး ရွေးချယ်ထားတဲ့ သားဆက်ခြားနည်းလမ်းကို မှန်မှန်ကန်ကန်နဲ့ အသုံးပြုနိုင်အောင်လို့လည်း အမျိုးသားတစ်ယောက်အနေနဲ့ ကူညီပေးလို့ရပါတယ်။ နေ့စဉ်သောက်ဆေးကဒ် သောက်နေတယ်ဆို ဆေးသောက်ဖို့ မမေ့အောင် သတိပေးတာမျိုး၊ (ညအိပ်ခါနီးတိုင်း ဖန်ခွက်လေးနဲ့ ရေထည့်လာမယ်၊ ဆေးကဒ်လေးလည်း ယူလာမယ်၊ ပြီးရင် ကိုယ်တိုင်ကိုယ်ကျ အမျိုးသမီးကို ဆေးတိုက်မယ်၊ ဒါမျိုး ရိုမန်တစ်ဆန်ဆန်လေးတွေလည်း လုပ်နိုင်ပါတယ်)၊ (၃)လတစ်ကြိမ် ဆေးထိုးနေတယ်ဆိုလည်း (၃)လပြည့်တဲ့နေ့မှာ ဆေးခန်းသွားဖို့ သတိပေးတာ၊ ကလေးကျောင်းကြိုကျောင်းပို့ ကိစ္စတွေနဲ့ တိုက်နေရင်လည်း ၀ိုင်းကူပေးတာမျိုး၊ နောက်ပြီး သားအိမ်ထဲပစ္စည်းထည့်တယ်ဆိုရင် ပုံမှန်ဆို ဒီပစ္စည်းက အတူနေတဲ့အခါမှာ အနှောင့်အယှက် မဖြစ်စေပါဘူး။ ဒါပေမယ့် ထည့်ပြီးနောက်ပိုင်း ကာလတစ်ခုကြာလာတဲ့အခါ ဒီပစ္စည်းကို အတူနေတိုင်း ခံစားမိနေတယ်ဆိုရင် နေရာမကျတော့လို့လား၊ ထွက်ကျလာတာလား စသဖြင့် ပြောပြပြီး ဆေးခန်းပြဖို့ အကြံပေးတာမျိုးတွေ လုပ်လို့ရနိုင်ပါတယ်။

တကယ်တော့ မိသားစုတစ်စုရဲ့ ယောကျာ်းနဲ့ မိန်းမဆိုတာ တောင်ပံတစ်စုံနဲ့ တူပါတယ်။ တစ်ဖက်က ဘယ်လောက်ပဲ သန်စွမ်းနေပါစေ၊ တစ်ဖက်က ကျိုးနေတယ်ဆိုရင် ဘယ်လိုခရီးကိုမှ နှင်နိုင်မယ် မဟုတ်ပါဘူး။ ဒါကြောင့် တောင်ပံနှစ်ဖက် တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်လေးစားရင်း ပါရမီဖြည့်ပေးရင်းနဲ့ ဘ၀ခရီးကို အတူဖြတ်သန်းနိုင်ကြဖို့ လိုပါတယ်။

အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက် ရှိနေတတ်သလို၊ အောင်မြင်တဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာလည်း သိပ်တော်တဲ့ ယောကျာ်းတစ်ယောက် ရှိနေတတ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၁.၂၀၁၇

နေ့စဉ်သောက်ဆေးကဒ် အကြောင်း (Combined oral contraceptive)

နေ့စဉ်သောက်ဆေးကဒ် အကြောင်း (Combined oral contraceptive)
၁။ အဲဒါ ဘာလဲ

နေ့စဉ်သောက်ရတဲ့ ဟော်မုန်းနှစ်မျိုးပါ သောက်ဆေးကဒ်ဖြစ်ပါတယ်။ (ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါဝင်တဲ့ ဆေးကဒ်လည်း ရှိပါသေးတယ်၊ ဆေးကဒ်ချင်းတူပေမယ့် သဘောသဘာဝချင်း မတူပါဘူး၊ ခုပြောမယ့် ဟော်မုန်းနှစ်မျိုးပါ ဆေးကဒ်ကတော့ ပိုပြီး အသုံးများပါတယ်)

ဆေးကဒ်အများစုမှာ (၂၈)လုံး ပါဝင်ပါတယ်။ ပထမ(၃)တန်း (၂၁လုံး)က ဟော်မုန်းပါဝင်ပါတယ်။ နောက်ဆုံးတန်း (၇)လုံးကတော့ သံဓါတ်အားဆေး၊ ဒါမှမဟုတ် ဘာအာနိသင်မှ မရှိတဲ့ဆေးတွေ ဖြစ်ပါတယ်။ ၂၁လုံး ဆေးကဒ်ဆိုရင် (၇)ရက်ကို ပြက္ခဒိန်မှာ သပ်သပ်မှတ်နေရပါမယ်။ ခုလို ဆေးလုံး(၇)လုံး ထည့်ထားလိုက်တော့ ပုံမှန်အတိုင်း သောက်သွားရုံပဲ၊ ပိုပြီးအဆင်ပြေစေပါတယ်။

၂။ အလုပ်လုပ်ပုံ

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီပစ္စည်းလေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် တားဆီးပေးပါတယ်။ ဒီတော့ သုက်ပိုးတွေဝင်လာလည်း ကိုယ်ဝန်မရနိုင်တော့ဘူးပေါ့။

၃။ ဘယ်လိုအသုံးပြုရတာလဲ

တစ်နေ့တစ်လုံး သောက်ရပါတယ်၊ အချိန်ကလည်း အမြဲကွက်တိ မဟုတ်တောင် မှန်ဖို့ လိုပါတယ်။ ဒါကြောင့် ပုံမှန်လုပ်နေကျ အလုပ်တခုခုနဲ့တွဲပြီး မှတ်ထားစေချင်ပါတယ်။ ဥပမာ ညအိပ်တာနဲ့ တွဲမှတ်ထားမယ်ဆိုရင် အိပ်တော့မယ်ဆိုတာနဲ့ ဆေးသောက်ရဦးမှာပါလားလို့ သတိရသွားမယ်၊ ည(၇)နာရီတိုင်း သောက်မယ်ဆိုတာက မေ့သွားနိုင်တာပေါ့။

အသုံးမပြုခင် ကျွမ်းကျင်တဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကိုယ်နဲ့သင့်တော်တယ်ဆိုမှ အသုံးပြုပါ။ နောက်ပိုင်းအသုံးပြုမှုတွေအတွက်တော့ ဆေးခန်းကို ပုံမှန်သွားနေစရာ မလိုပါဘူး။

၎။ ထိရောက်မှု

ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်(၁၀၀)မှာ (၁)ယောက်တောင် မရှိဘဲ၊ ပုံမှန်သာအသုံးပြုမယ်ဆိုရင်တော့ အယောက်(၁၀၀)မှာ (၈)ယောက်အထိ ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းကို ရွေးတော့မယ်ဆိုရင် ကိုယ်နေ့တိုင်းမှန်မှန် ဆေးသောက်နိုင်ရဲ့လားဆိုတာ သေချာဖို့ပါပဲ။

၅။ အားသာချက်တွေက ဘာတွေလဲ

– အသုံးမပြုခင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပေမယ့် ပုံမှန်အသုံးပြုနေသူအတွက်တော့ ဆေးခန်းအမြဲသွားနေစရာ မလိုပါဘူး။ အိမ်ထောင်မကျသေးပေမယ့် ပုံမှန်လိင်ဆက်ဆံမှုရှိနေတဲ့ မိန်းကလေးတွေ၊ အိမ်ထောင်သည်ဆိုပေမယ့် လူမသိစေချင်သူတွေ သုံးရင်အဆင်ပြေပါတယ်။ ရက်ရှည်ခရီးသွားမယ်ဆိုလည်း ဆေးကဒ်တွေ ၀ယ်သွားလိုက်ရုံပဲ၊ ဟိုရောက်လို့ ဆေးထိုးပေးမယ့်နေရာ လိုက်ရှာနေရတာမျိုးတွေ မရှိဘူး။

– တစ်လတစ်ခါ ဆေးကဒ်နောက်ဆုံးတန်းရောက်တဲ့အခါ သွေးပေါ်မယ်။

– ရာသီသွေးဆင်းတဲ့ ပမာဏကို နည်းစေတယ်၊ ရက်တိုစေတယ်၊ ဒီတော့ သွေးအားနည်းတာကိုလည်း အထိုက်အလျောက် ကာကွယ်ပေးတယ်။ သံဓါတ်အားဆေး ထည့်ထားပေးတဲ့ ဆေးကဒ်တွေဆို ပိုလို့တောင် အဆင်ပြေပါသေးတယ်။

– ဆေးသောက်ရပ်လိုက်ရင်လည်း ကိုယ်ဝန်ရဖို့ စောင့်စရာ မလိုဘူး။

၆။ အားနည်းချက်တွေက ဘာတွေလဲ

– အကြီးမားဆုံး အားနည်းချက်ကတော့ နေ့စဉ်နေ့တိုင်း သောက်ရတာပဲ။ ဒါက အပြောလွယ်ပေမယ့် လက်တွေ့ကျ ထင်သလောက် မလွယ်ဘူး။ နေ့စဉ်နေ့တိုင်း သောက်ဖို့ မဖြစ်နိုင်လောက်ဘူး ထင်တယ်ဆိုရင် ဒီနည်းလမ်းအစား တခြားတခုခု ရွေးချယ်ဖို့ စဉ်းစားစေချင်ပါတယ်။

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

ဆေးသောက်စမှာ ရာသီသွေး ပုံမမှန်ဆင်းတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

၈။ မသုံးစွဲသင့်သော အခြေအနေများ

သွေးတိုး (Hypertension) ရှိရင် ၊ ဆီးချို (Diabetes) ရောဂါကို နှစ်(၂၀)နဲ့အထက် ခံစားနေရရင်၊ သည်းခြေအိတ်ရောဂါ (Gall bladder disease) ၊ ရင်သားကင်ဆာ (Breast cancer) ၊ ခြေထောက်တို့ အဆုတ်တို့မှာ သွေးကြောပိတ်တာ (Deep vein thrombosis) ၊ အသည်းရောဂါ (Liver diseases) ၊ ပုံမမှန်သွေးဆင်းနေခြင်း (Irregular bleeding) နဲ့ အသက်(၃၅)နှစ်နဲ့ အထက် ဆေးလိပ်သောက်တတ်သူ အမျိုးသမီးတွေမှာ အသုံးပြုလို့ မသင့်တော်ပါဘူး။

တီဘီဆေး၊ အတက်ကျဆေးတွေကတော့ ဟော်မုန်းတွေရဲ့ အာနိသင်ကို လျော့ကျစေတာမို့ ဒီဆေးတွေ သောက်နေရတဲ့အချိန်ဆို ဟော်မုန်းမပါတဲ့ နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို ထပ်အသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး)။ ရောဂါကိုပိုဆိုးစေလို့ မဟုတ်ပါဘူး၊ သောက်ဆေးရဲ့ အာနိသင်ကို ကျစေတဲ့အတွက် ကိုယ်ဝန်ရသွားနိုင်လို့ ဖြစ်ပါတယ်။

၉။ လွဲမှားတဲ့ အယူအဆများ

– တချို့အမျိုးသမီးတွေ သုံးနေတဲ့ တစ်လုံးတည်းသောက်ရုံနဲ့ တစ်လလုံးလုံး ကိုယ်ဝန်တားပေးတယ် ဆိုတဲ့ ဆေးမျိုးတွေ၊ တရားမ၀င် ၀င်လာတဲ့ ဆေးတွေကို အသုံးမပြုကြဖို့ လိုပါတယ်။

– အမျိုးသားနဲ့ အတူမနေတဲ့ရက်တွေမှာလည်း ဆေးသောက်ဖို့ လိုပါတယ်။ အာနိသင်ထိရောက်ဖို့ တစ်နေ့တစ်လုံး ပုံမှန်သောက်သွားရပါမယ်။ လနဲ့ချီ ခရီးသွားမှာမို့ ဆေးသောက်ရပ်လိုက်တာမျိုးက ရပါတယ်။ အဲဒီလို အဝေးသွားတာမဟုတ်ဘဲ တစ်ရက်နှစ်ရက်လောက် အတူမနေတာမျိုးကိုတော့ မသောက်ဘဲ နေလို့ မရပါဘူး။

– ဆေးလုံးမေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အများစုမသိကြပါဘူး။

ပထမ(၃)တန်းမှာ ဆေးလုံးတစ်လုံး (သို့မဟုတ်) နှစ်လုံး မေ့ခဲ့ရင် သတိရရချင်း တစ်လုံးသောက်၊ ကျန်တာ ပုံမှန်အတိုင်း ဆက်သောက်ပါ (သတိ + ပုံမှန်)
ပထမ(၂)တန်းမှာ သုံးလုံးနဲ့အထက် မေ့ခဲ့ရင် သတိရရချင်း တစ်လုံးသောက်၊ ကျန်တာ ပုံမှန်အတိုင်း ဆက်သောက်၊ နောက်ပြီး အမျိုးသားနဲ့ တစ်ပတ်ရှောင်၊ မရှောင်နိုင်ရင် ကွန်ဒုံးသုံးပါ၊ ဒီတစ်ခု ပိုလာပါတယ် (သတိ + ပုံမှန် + ရှောင်)
တတိယတန်းမှာ သုံးလုံးနဲ့အထက် မေ့ခဲ့ရင်တော့ သတိရရချင်း တစ်လုံးသောက်၊ ကျန်တာ ပုံမှန်အတိုင်း ဆက်သောက်၊ အမျိုးသားနဲ့ တစ်ပတ်ရှောင်၊ မရှောင်နိုင်ရင် ကွန်ဒုံးသုံး၊ အဲဒီတတိယတန်းကုန်သွားတဲ့အခါ အောက်ဆုံးတန်းက အားဆေးလုံးတွေကို ဆက်မသောက်ဘဲ လွှင့်ပစ်ပြီး ချက်ချင်းကဒ်အသစ်ပြန်စဖို့ လိုအပ်ပါမယ်။ ဒီတစ်ခု ထပ်တိုးလာပါတယ်။ (သတိ + ပုံမှန် + ရှောင် + လွှင့်ပစ်)
အောက်ဆုံးတန်းက ဆေးလုံးလေးတွေ မေ့ခဲ့ရင်တော့ မေ့ခဲ့တဲ့အလုံးကို လွှင့်ပစ်ပြီး ပုံမှန်အတိုင်း ဆက်သောက်ရုံပါပဲ။
၁၀။ Your life, your choice

ဒီသောက်ဆေးကတော့ အမျိုးသမီးတွေ အသုံးအများဆုံး သားဆက်ခြားနည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းအားလုံးမှာတော့ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂.၂.၂၀၁၇

သုံးလခံထိုးဆေးအကြောင်း (Progestin-only injectable)

သုံးလခံထိုးဆေးအကြောင်း (Progestin-only injectable)
၁။ အဲဒါ ဘာလဲ

သုံးလ (၁၃ ပတ်) တစ်ကြိမ် ထိုးရတဲ့ ဆေးဖြစ်ပါတယ်။ ဒက်ပို (Depot) လို့လည်း လူသိများပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါဝင်ပါတယ်။ (ထိုးဆေးအနေနနဲ့ ဟော်မုန်းတစ်မျိုးပါ နှစ်လခံထိုးဆေး၊ ဟော်မုန်းနှစ်မျိုးပါ တစ်လခံထိုးဆေးတွေ ရှိပါသေးတယ်၊ အခုပြောတဲ့ သုံးလခံဆေးကတော့ အသုံးပြုမှု အများဆုံးပါပဲ)

၂။ အလုပ်လုပ်ပုံ

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီပစ္စည်းလေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် တားဆီးပေးပါတယ်။ ဒီတော့ သုက်ပိုးတွေဝင်လာလည်း ကိုယ်ဝန်မရနိုင်တော့ဘူးပေါ့။

အဲဒီအပြင် သားအိမ်ခေါင်းချွဲကို ပျစ်စေခြင်းအားဖြင့်လည်း သားအိမ်ခေါင်းကို ဖြတ်ပြီးမှ မမျိုးဥနဲ့သွားပေါင်းရမယ့် သုက်ပိုးတွေကို မ၀င်နိုင်အောင် တားဆီးပေးပါတယ်။

၃။ ဘယ်လိုအသုံးပြုရတာလဲ

ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမဆီမှာ မှန်မှန်ဆေးထိုးဖို့ လိုပါတယ်။ နေမကောင်းရင် ဆေးထိုးသလိုပါပဲ။ သတ်မှတ်ရက်ထက် (၂)ပတ်စောထိုးလို့ရပြီး (၄)ပတ်နောက်ကျလို့ရပါတယ်။ ဒါပေမယ့် (၁၃)ပတ်တစ်ခါ ရက်ချိန်းအတိုင်း မှန်မှန်ထိုးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၎။ ထိရောက်မှု

ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်(၁,၀၀၀)မှာ (၃)ယောက် ရှိပြီး၊ သာမန်လောက်သာ အသုံးပြုမယ်ဆိုရင်တော့ အယောက်(၁၀၀)မှာ (၃)ယောက် ကိုယ်ဝန်ရနိုင်ပါတယ်။

၅။ အားသာချက်တွေက ဘာတွေလဲ

– သုံးလမှတစ်ခါ ထိုးရတဲ့အတွက် နေ့စဉ်ဆေးသောက်နေရတာထက်စာရင်တော့ အလုပ်ရှုပ်သက်သာပါတယ်။

– သွေးမပေါ်တတ်တာမို့ သွေးပေါ်ရင် အလုပ်ရှုပ်တယ်လို့ ခံယူတတ်တဲ့ အမျိုးသမီးတွေအတွက်ဆိုလည်း အဆင်ပြေပါတယ်။

၆။ အားနည်းချက်တွေက ဘာတွေလဲ

– ဆေးထိုးပေးမယ့် ဆရာဝန်၊ ဆရာမ၊ သို့မဟုတ် ကျွမ်းကျင်သူရဲ့ အကူအညီလိုတယ်။

– ရာသီသွေး မပေါ်တတ်ဘူး။

သူ့အာနိသင်တစ်ခုက သားအိမ်နံရံ ထူထဲမှုကို တားဆီးပေးတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်လတစ်ခါ သားအိမ်နံရံက ထူထဲလာတယ်၊ ဘာလို့ဆိုတော့ မမျိုးဥနဲ့ သုက်ပိုးနဲ့ပေါင်းပြီး သန္ဓေများအောင်သွားခဲ့ရင် သားအိမ်မှာ သန္ဓေတည်နိုင်အောင်လို့။ အဲဒီလို သန္ဓေအောင်မသွားတဲ့အခါ ခုနက ထူထဲထားတဲ့ သားအိမ်နံရံက ကွာကျတယ်။ အဲဒါကို ရာသီလာတယ်လို့ ခေါ်တယ်။

အခု သူက အဲဒီသားအိမ်နံရံကို ထူမလာအောင် လုပ်ပေးလိုက်တော့ အောက်ကို ဘာမှကွာကျလာစရာ မရှိတော့ဘူး။ ဒီတော့ ရာသီသွေးလည်း မဆင်းတော့ဘူးပေါ့။ ဆိုလိုတာက သွေးမပေါ်တာဟာ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာမရှိလို့သာ ဖြစ်တယ် ဆိုတာလေး သိစေချင်ပါတယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဒါပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုရင်တော့ ဒီနည်းလမ်းကို ရွေးချယ်ဖို့ စဉ်းစားစေချင်ပါတယ်။

– မဖြစ်မနေ သိစေချင်တာကတော့ ဒီဆေးဟာ ဆေးထိုးရပ်လိုက်ပေမယ့် ကိုယ်ဝန်ပြန်ရဖို့ လအနည်းငယ်စောင့်ရတတ်တယ် ဆိုတာပါပဲ။ ပျမ်းမျှ(၆)လကနေ (၁၀)လအထိ ကြာတတ်ပါတယ်။ လုံးဝကိုယ်ဝန်မရနိုင်တော့တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတွေ၊ ကလေးလိုချင်ပြီဆိုရင် ချက်ချင်းရမှဖြစ်မယ် ဆိုတဲ့ အမျိုးသမီးတွေဆိုရင်တော့ မသုံးခင်မှာ သေချာစဉ်းစားကြစေချင်ပါတယ်။

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

ဆေးထိုးစမှာ သွေးကမောက်ကမ ဖြစ်တာမျိုး ရှိတတ်တယ်။ တအားများတယ်၊ ရက်ရှည်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး လိုအပ်တဲ့ဆေးတွေ သောက်ဖို့ လိုပါမယ်။



၈။ မသုံးစွဲသင့်သော အခြေအနေများ

ရင်သားကင်ဆာ (Breast cancer) ၊ ခြေထောက်တို့ အဆုတ်တို့မှာ သွေးကြောပိတ်တာ (Deep vein thrombosis) ၊ အသည်းရောဂါ (Liver diseases) နဲ့ ပုံမမှန်သွေးဆင်းနေခြင်း (Irregular bleeding) တွေမှာ အသုံးပြုလို့ မသင့်တော်ပါဘူး။ သွေးပေါင်ချိန် (၁၆၀)နဲ့ အထက် ရှိနေရင်၊ ဆီးချိုရောဂါကို နှစ်(၂၀)နဲ့အထက် ခံစားနေရရင်၊ ပြင်းထန်တဲ့ဆီးချိုရောဂါရှိနေရင်လည်း အသုံးမပြုသင့်ပါဘူး။

တီဘီဆေး၊ အတက်ကျဆေးတွေကတော့ ဟော်မုန်းတွေရဲ့ အာနိသင်ကို လျော့ကျစေတာမို့ ဒီဆေးတွေ သောက်နေရတဲ့အချိန်ဆို ထိုးဆေးအပြင် ဟော်မုန်းမပါတဲ့ နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို ထပ်အသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး)။ ရောဂါကိုပိုဆိုးစေလို့ မဟုတ်ပါဘူး၊ ထိုးဆေးရဲ့ အာနိသင်ကို ကျစေတဲ့အတွက် ကိုယ်ဝန်ရသွားနိုင်လို့ ဖြစ်ပါတယ်။

၉။ လွဲမှားတဲ့ အယူအဆများ

– သုံးလပြည့်တိုင်း ထိုးရန်

ဒီဆေးက ရပ်လိုက်ပေမယ့် ချက်ချင်း ကိုယ်ဝန်ပြန်မရတတ်ဘူး၊ အရှိန်ကျန်တတ်တယ် ဆိုပေမယ့် ဒါဟာ တရားသေတွက်လို့ မရပါဘူး။ အမျိုးသမီးတွေက ဒီလိုအရှိန်ကျန်တတ်တယ် ဆိုတာကို သိသွားကြတဲ့အခါ (၃)လတစ်ကြိမ် မထိုးကြတော့ဘဲနဲ့ (၆)လနေမှ၊ (၉)လနေမှ ထိုးကြတာမျိုးတွေ လုပ်လာကြပါတယ်။ အဲဒီလိုသာ စိတ်ချရမယ်ဆိုရင် (၆)လခံဆေး တို့ (၉)လခံဆေး တို့ပဲ ခေါ်တော့မှာပေါ့။ တကယ်တော့ တစ်ခါထိုးရင် (၃)လအထိပဲ စိတ်ချရပါတယ်။ (၃)လပြည့်တိုင်း ပြန်ထိုးရပါမယ်။ အရှိန်ကျန်တတ်တယ်ဆိုတာကို ဆေးထိုးရပ်ပြီး ကိုယ်ဝန်ချက်ချင်းပြန်မရတဲ့အခါ စိတ်ပူနေမှာစိုးတဲ့အတွက် ပြောတာပါ၊ ကိုယ့်ဘက်ကတော့ ကိုယ်ဝန်မလိုချင်ဘူးဆိုရင် ၃လတစ်ခါ ဆေးထပ်ထိုးဖို့ လိုပါလိမ့်မယ်။

– ဆေးထိုးစမှာ သွေးဆင်းတတ်ပါတယ်။

ဒါဟာ ကြောက်စရာ မလိုပါဘူး။ ထိုးစမှာ ဖြစ်တတ်ပါတယ်။ အချိန်တန်တဲ့အခါ အသားကျသွားပါလိမ့်မယ်။

– သွေးမပေါ်တာ ကြောက်စရာ မလိုပါဘူး။

သူ့ရဲ့အာနိသင်ကြောင့် ဖြစ်တာပါ။ အထဲမှာ အပုပ်တွေအောင်းပြီး ကင်ဆာဖြစ်တာ၊ အလုံးတွေတည်မှာ စိတ်ပူစရာ မလိုပါဘူး။

၁၀။ Your life, your choice

ဒီထိုးဆေးကတော့ အမျိုးသမီးတွေ အသုံးအများဆုံး သားဆက်ခြားနည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းအားလုံးမှာတော့ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃၁.၁.၂၀၁၇

လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း (Implant)

လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း (Implant)
၁။ အဲဒါ ဘာလဲ

လက်မောင်းအရေပြားအောက်မှာ ထည့်ထားရတဲ့ သားဆက်ခြားပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ပရိုဂျက်စတင်ဟော်မုန်း တစ်မျိုးတည်း ပါဝင်ပြီး မီးခြစ်ဆံအရွယ်အစားလောက် ရှိတဲ့ ပလစ်စတစ်အပျော့ချောင်းလေး ဖြစ်ပါတယ်။ ၃နှစ်ခံ၊ ၄နှစ်ခံ၊ ၅နှစ်ခံရယ်လို့ ရှိပြီး ၃နှစ်ခံက တစ်ချောင်းတည်း ထည့်ရပါတယ်၊ ၄နှစ်ခံနဲ့ ၅နှစ်ခံကတော့ နှစ်ချောင်း ဖြစ်ပါတယ်။

၂။ အလုပ်လုပ်ပုံ

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီပစ္စည်းလေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် တားဆီပေးပါတယ်။ ဒီတော့ အမျိုးသားဆီက သုက်ပိုးတွေ ၀င်လာပေမယ့် ကိုယ်ဝန်မရတော့ဘူးပေါ့။ အဲဒီအပြင် သားအိမ်ခေါင်းချွဲကို ပျစ်စေခြင်းအားဖြင့်လည်း သားအိမ်ခေါင်းကို ဖြတ်ပြီးမှ မမျိုးဥနဲ့သွားပေါင်းရမယ့် သုက်ပိုးတွေကို မ၀င်နိုင်အောင် တားဆီးပေးပါတယ်။

၃။ ဘယ်လိုထည့်ပေးတာလဲ

အသေးစားခွဲစိတ်မှုလေးတော့ လုပ်ရပါတယ်။ ခွဲခန်းတွေဘာတွေတော့ ၀င်စရာမလိုပါဘူး။ မထည့်ခင်မှာ လက်မောင်းကို နေရာမှတ်ပါတယ်။ အဲဒီနေရာအတိုင်းလေး ထုံဆေးထိုးမယ်။ ထုံသွားပြီ၊ ဘာမှမသိတော့ဘူးဆိုတော့မှ ထည့်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြောက်စရာ မလိုပါဘူး။ ဓါးကလည်း လက်သည်းခွံတစ်ဝက်လောက် အရွယ်ပဲရှိပါတယ်။ ပြီးသွားရင်လည်း ချုပ်ရိုးတွေနဲ့ ပြန်ချုပ်တာ မဟုတ်ပါဘူး။ ဒီအတိုင်း အနာကပ်ခွါလေးနဲ့ပဲ ကပ်ပေးလိုက်တာပါ။

ထည့်ပြီးသွားရင်တော့ (၅)ရက်တိတိ အဲဒီနေရာကို ရေမစိုအောင် ထားရပါမယ်။ အညှော်ရှောင်ရတာ၊ အနားယူရတာတွေ လုပ်စရာ မလိုပါဘူး။ ထည့်ပြီးစ ရက်ပိုင်းလောက် ပြင်းပြင်းထန်ထန် မလှုပ်ရှားရင် ရပါပြီ။

၎။ ထိရောက်မှု

ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းတစ်ခု ဖြစ်ပါတယ်။ အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်တစ်သောင်းမှာ (၅)ယောက်သာ ရှိပါတယ်။

၅။ အားသာချက်တွေက ဘာတွေလဲ

-လက်မောင်းတွင်းထည့်ထားရတာ ဖြစ်တဲ့အတွက် ပျောက်သွားမလား၊ ထွက်ကျသွားမလား စိတ်ပူနေစရာ မလိုဘူး။ စမ်းကြည့်လို့လည်းရတယ်၊ မြင်လည်းမြင်နေရတယ်။

ပြောရရင် ဒီပစ္စည်းက (၃)လခံထိုးဆေးနဲ့ ပါဝင်တဲ့ဟော်မုန်းချင်း အတူတူပါပဲ။ ဒါပေမယ့် (၃)လခံဆေးထက်စာရင် ဒီပစ္စည်းမှာ အားသာချက်(၄)ချက် ရှိပါတယ်။

-ထိရောက်မှု ပိုကောင်းတယ်။

-နှစ်ရှည်ခံတယ်။ ဒီတော့ အလုပ်ရှုပ်သက်သာတယ်။ (၃)လတစ်ခါ ဆေးထိုးနေစရာ မလိုတော့ဘူး။

-(၃)လခံထိုးဆေးက သွေးပေါင်ချိန်(၁၆၀)အထက် ထိုးဖို့မသင့်တော်ပေမယ့် ဒီပစ္စည်းကတော့ ထည့်လို့ရတယ်။ သူ့ထက်စာရင် သားအိမ်တွင်းထည့်ပစ္စည်းကတော့ ပိုသင့်တော်တာပေါ့။

-(၃)လခံဆေးက ဆေးထိုးရပ်လိုက်ပေမယ့် အရှိန်ကျန်တတ်တယ်။ လုံးဝကို မရနိုင်တော့တာ မဟုတ်ပေမယ့် ကိုယ်ဝန်ပြန်ရဖို့ လအနည်းငယ်စောင့်ရတတ်တယ်။ ဒီပစ္စည်းကတော့ စောင့်စရာမလိုဘူး။ ဒါကြောင့် ခုမှအိမ်ထောင်ကျစ၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့သူတွေ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။

၆။ အားနည်းချက်တွေက ဘာတွေလဲ

-ထည့်ပေးမယ့် ဆရာဝန်၊ ဆရာမ၊ သို့မဟုတ် ကျွမ်းကျင်သူရဲ့ အကူအညီလိုတယ်။

-ရာသီသွေး မပေါ်တတ်ဘူး။

သူ့အာနိသင်တစ်ခုက သားအိမ်နံရံ ထူထဲမှုကို တားဆီးပေးတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်လတစ်ခါ သားအိမ်နံရံက ထူထဲလာတယ်၊ ဘာလို့ဆိုတော့ မမျိုးဥနဲ့ သုက်ပိုးနဲ့ပေါင်းပြီး သန္ဓေများအောင်သွားခဲ့ရင် သားအိမ်မှာ သန္ဓေတည်နိုင်အောင်လို့။ အဲဒီလို သန္ဓေအောင်မသွားတဲ့အခါ ခုနက ထူထဲထားတဲ့ သားအိမ်နံရံက ကွာကျတယ်။ အဲဒါကို ရာသီလာတယ်လို့ ခေါ်တယ်။

အခု သူက အဲဒီသားအိမ်နံရံကို ထူမလာအောင် လုပ်ပေးလိုက်တော့ အောက်ကို ဘာမှကွာကျလာစရာ မရှိတော့ဘူး။ ဒီတော့ ရာသီသွေးလည်း မဆင်းတော့ဘူးပေါ့။ ဆိုလိုတာက သွေးမပေါ်တာဟာ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာမရှိလို့သာ ဖြစ်တယ် ဆိုတာလေး သိစေချင်ပါတယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဒါပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုရင်တော့ ဒီနည်းလမ်းကို ရွေးချယ်ဖို့ စဉ်းစားစေချင်ပါတယ်။

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

၈။ မသုံးစွဲသင့်သော အခြေအနေများ

ရင်သားကင်ဆာ (Breast cancer) ၊ ခြေထောက်တို့ အဆုတ်တို့မှာ သွေးကြောပိတ်တာ (Deep vein thrombosis) ၊ အသည်းရောဂါ (Liver diseases) နဲ့ ပုံမမှန်သွေးဆင်းနေတဲ့သူ (Irregular bleeding) ဆို အသုံးပြုလို့ မသင့်တော်ပါဘူး။

ဝနေတဲ့သူတွေလည်း အသုံးပြုလို့ရပါတယ်။ တစ်ခုပါပဲ၊ ကိုယ်အလေးချိန် (၁၇၆)ပေါင်အထက် ဖြစ်နေခဲ့မယ်ဆိုရင်တော့ သက်တမ်းတစ်နှစ်လျော့ပါမယ်။ (၅)နှစ်ခံထည့်ပေမယ့် (၄)နှစ်ပဲ ခံမယ်။ (၄)နှစ်ခံထည့်ပေမယ့် (၃)နှစ်ပဲ ခံမယ်။ ခြွင်းချက်အနေနဲ့ (၃)နှစ်ခံပစ္စည်းကတော့ တစ်နှစ်မလျော့ပါဘူး။ ဘယ်လောက်ဝတဲ့သူ ထည့်ပါစေ၊ (၃)နှစ်အပြည့် ခံပါတယ်။

တီဘီဆေး၊ အတက်ကျဆေးတွေကတော့ ဟော်မုန်းတွေရဲ့ အာနိသင်ကို လျော့ကျစေတာမို့ ဒီဆေးတွေ သောက်နေရတဲ့အချိန်ဆို မထည့်ထားသင့်သေးပါဘူး။ ထည့်ပြီးမှ ရောဂါဖြစ်လို့ ဒီဆေးတွေ သောက်ရတော့မယ်ဆိုရင်တော့ ဒီပစ္စည်းအပြင် ဟော်မုန်းမပါတဲ့ နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို ထပ်အသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး၊ သားအိမ်တွင်းထည့်ပစ္စည်း)။ ရောဂါကိုပိုဆိုးစေတာ မဟုတ်ပါဘူး၊ ပစ္စည်းရဲ့ အာနိသင်ကို ကျစေတဲ့အတွက် ကိုယ်ဝန်ရသွားနိုင်လို့ ဖြစ်ပါတယ်။

၉။ လွဲမှားတဲ့ အယူအဆများ

-ဒီပစ္စည်းကို အပ်၊ ပိုက် စသဖြင့် ထင်တတ်ကြတယ်။ အပ်တို့ ပိုက်တို့သာဆိုရင် လက်မောင်းထဲထည့်ထားတဲ့အခါ စူးနေ၊ ထောက်နေကြမှာပေါ့။ ခုဟာက ပျော့ပျောင်းတဲ့ ပလပ်စတစ်ချောင်းလေးသာ ဖြစ်ပါတယ်။ ကွေ့လို့ကောက်လို့လည်း ရပါတယ်။ ဒါကြောင့် လက်မောင်းထဲထည့်ထားပြီးလည်း စူးမှာစိတ်ပူနေစရာ မလိုပါဘူး။

-ခွဲစိတ်မှုလုပ်ရမယ် ထင်တတ်ကြတယ်။ ဒါလည်း မဟုတ်ပါဘူး။ အပေါ်မှာရှင်းပြခဲ့ပြီးသလို အသေးစားခွဲစိတ်မှုတစ်ခုသာ ဖြစ်ပါတယ်။ ထည့်ပေးသူရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး မိနစ်အနည်းငယ်သာ ကြာမြင့်ပါတယ်။

၁၀။ Your life, your choice

ဒီပစ္စည်းလေးကတော့ အိမ်ထောင်သည်အမျိုးသမီးတော်တော်များများ သိချင်နေကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းလမ်းတွေအားလုံးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၂၇.၁.၂၀၁၇

သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း (Intra-Uterine Device)

သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း (Intra-Uterine Device)
၁။ အဲဒါ ဘာလဲ

သားအိမ်ထဲမှာ ထည့်ထားရတဲ့ သားဆက်ခြားပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းပါဝင်တဲ့ ပစ္စည်းအမျိုးအစားလည်း ရှိပေမယ့် အသုံးနည်းပါတယ်။ အများအားဖြင့်ကတော့ ဟော်မုန်းအစား ကြေးနီပါဝင်တဲ့ပစ္စည်းကိုပဲ အသုံးပြုကြပါတယ်။ (ဒါကြောင့် အက္ခရာ T ပုံစံ ပစ္စည်းလေးကိုတော့ Cupper T လို့ ခေါ်တတ်ကြသလို၊ Y ပုံစံပစ္စည်းလေးကိုတော့ Cupper Y လို့ ခေါ်ကြပါတယ်) နှစ်ကာလအားဖြင့်တော့ (၅)နှစ်ခံ၊ (၁၀)နှစ်ခံရယ်လို့ ရှိပါတယ်။

၂။ အလုပ်လုပ်ပုံ

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီပစ္စည်းလေးကတော့ အမျိုးသမီးခန္ဓာကိုယ်ထဲ ၀င်လာတဲ့ သုက်ပိုးတွေကို ဖျက်ဆီးပစ်ပါတယ်။ ဒီတော့ အမျိုးသမီးဆီမှာ မမျိုးဥကြွေပေမယ့်လည်း ကိုယ်ဝန်မရတော့ဘူးပေါ့။

၃။ ဘယ်လိုထည့်ပေးတာလဲ

ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမက ထည့်ပေးဖို့ လိုပါတယ်။ မထည့်ခင်မှာ သားအိမ်ကို စစ်ဆေးပါတယ်။ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါလက္ခဏာတွေ ရှိမရှိ၊ သားအိမ်အရွယ်အစား၊ စတာတွေ စစ်ဆေးပြီး စိတ်ချရမှ ထည့်ပေးပါတယ်။ ထည့်စမှာ အနည်းငယ် နေရထိုင်ရခက်တာမျိုး ရှိတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ သက်သာသွားပါတယ်။ ထည့်လိုက်ကတည်းက အာနိသင်ပြတာမို့ အမျိုးသားနဲ့လည်း ရှောင်စရာမလိုပါဘူး။ အညှော်ရှောင်ရတာ၊ အနားယူရတာတွေလည်း လုပ်စရာမလိုဘဲ ထည့်ပြီးစ ရက်ပိုင်းလောက် ပြင်းပြင်းထန်ထန် မလှုပ်ရှားရင် ရပါပြီ။

၎။ ထိရောက်မှု

ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်တစ်ထောင်မှာ (၆)ယောက်ကနေ (၈)ယောက်သာ ရှိပါတယ်။

၅။ အားသာချက်တွေက ဘာတွေလဲ

-လက်မောင်းတွင်းထည့် ပစ္စည်းထက်စာရင် ဈေးသက်သာတယ်။

-(၁၀)နှစ်အထိ နှစ်ရှည်ခံတယ်။ အလုပ်ရှုပ်သက်သာတယ်။

-ထိရောက်မှု ကောင်းတယ်။

– သားအိမ်ထဲမှာ ထည့်တယ်၊ သားအိမ်ထဲမှာပဲ အလုပ်လုပ်တယ်။ သူ့အာနိသင်ကလည်း တခြားဘယ်နေရာကိုမှ မရောက်သလို တခြားနေရာမှာ ရောဂါတခုခုရှိလို့၊ ဆေးတခုခုသောက်နေရလို့ ဒီပစ္စည်းကို အာနိသင်ကျစေတယ်ဆိုတာမျိုးလည်း မရှိဘူး။

-သွေးတိုး၊ ဆီးချို၊ အသည်းရောဂါ၊ ရင်သားကင်ဆာ၊ ဒီရောဂါတွေရှိနေရင်လည်း စိတ်ချလက်ချ အသုံးပြုလို့ရတယ်။ အသင့်တော်ဆုံးနည်းလမ်းတစ်ခု ဖြစ်တယ်။

-ကလေးလိုချင်ပြီဆိုလည်း ချက်ချင်းပြန်ရတယ်။ စောင့်စရာ မလိုဘူး။

-သူ့ရဲ့ အထူးခြားဆုံးအချက်နှစ်ချက်ကတော့ အရေးပေါ်ကိုယ်ဝန်တားတဲ့အနေနဲ့လည်း ဒီပစ္စည်းကို ထည့်လိုက်လို့ရတာရယ်၊ သူ့ကိုမထည့်ခင်မှာ သားအိမ်ကို သေချာစစ်ဆေးတာဖြစ်တဲ့အတွက် ကိုယ့်မှာရောဂါတခုခု ရှိနေခဲ့ရင်လည်း စောစောစီးစီး သိနိုင်တယ်။

-တစ်လတစ်ခါ ရာသီပုံမှန်ပေါ်တယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘူး။

၆။ အားနည်းချက်တွေက ဘာတွေလဲ

-ထည့်ပေးမယ့် ဆရာဝန်၊ ဆရာမ၊ သို့မဟုတ် ကျွမ်းကျင်သူရဲ့ အကူအညီလိုတယ်။

-လစဉ်ရာသီပေါ်ပြီးတိုင်း ကြိုးစစမ်းကြည့်ဖို့ လိုတယ်။

ပစ္စည်းထည့်ပြီးသွားလို့ရှိရင် ပြန်ထုတ်တဲ့အခါ အဆင်ပြေအောင် ကြိုးစလေးကို သားအိမ်ခေါင်းရဲ့ အပြင်မှာ ထုတ်ထားခဲ့တယ်။ အဲဒီကြိုးစလေးကို ရာသီပေါ်ပြီးတိုင်း တစ်လတစ်ခါ စမ်းကြည့်ပေးရတယ်။ ကြိုးစစမ်းမမိတော့ဘူးဆိုရင် အထဲဝင်သွားတာလား၊ ပစ္စည်းပြုတ်ထွက်သွားတာလား သေချာအောင် လုပ်ရတယ်။ ပစ္စည်းကရှိသေးတယ်၊ ကြိုးစကသာ အထဲဝင်သွားတာ ဆိုရင် ပြဿနာမရှိဘူး၊ အဆင့်မြင့်ကိရိယာတစ်ခုနဲ့ ပြန်ထုတ်လိုက်လို့ရတယ်။ ပစ္စည်းကပြုတ်ထွက်သွားတာ၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူးဆိုရင်တော့ သားဆက်ခြားနည်းတခုခု ပြန်သုံးဖို့ လိုပါမယ် (ဒါပဲ ပြန်ထည့်မလား၊ နောက်တစ်ခုသုံးမလားပေါ့)။ ပြုတ်ထွက်သွားတာမသိဘဲနဲ့ ငါပစ္စည်းထည့်ထားတာပဲ ဆိုပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်ရင် မလိုချင်ဘဲ ကိုယ်ဝန်ရသွားနိုင်တယ်။ အလွန့်အလွန်ရှားပါးတယ်ဆိုပေမယ့်လည်း ဖြစ်နိုင်တာမို့ အမြဲမစမ်းနိုင်ရင်တောင် ထည့်စလအနည်းငယ်မှာတော့ စမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ထည့်စ လအနည်းငယ်အတွင်းမှာ ရာသီသွေး ကမောက်ကမ ဖြစ်တာ၊ နောက်ပိုင်း ပုံမှန်ဖြစ်သွားရင်လည်း အရင်ထက်စာရင် ဆီးစပ်ကိုက်တာ၊ ရာသီသွေး ပမာဏပိုများလာတာ၊ ရက်ပိုရှည်လာတာမျိုးတွေ ဖြစ်တတ်တယ်။

၈။ မသုံးစွဲသင့်သော အခြေအနေများ

အဖြူဆင်းနေရင်၊ သားအိမ်မှာ အလုံးအကြိတ်တစ်ခုခု ရှိနေရင်၊ သားအိမ်အရွယ်အစား ကြီးလွန်းသေးလွန်းရင်၊ ပုံမမှန်သွေးဆင်းနေရင် ထည့်ဖို့ မသင့်တော်ပါဘူး။

နောက်တစ်ခုက လိင်ဆက်ဆံဖက်များခြင်း၊ အမျိုးသား (သို့မဟုတ်) ကိုယ့်အဖော်မှာ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါလက္ခဏာတွေ ရှိနေခြင်း၊ စတဲ့ အခြေအနေမျိုးတွေမှာဆိုရင်လည်း ဒီပစ္စည်းကို ထည့်မပေးပါဘူး။

၉။ လွဲမှားတဲ့ အယူအဆများ

-ကင်ဆာဖြစ်တတ်တယ်၊ အနာဖြစ်တတ်တယ် ဆိုတာ မဟုတ်ပါဘူး။ စဉ်းစားမိတာကတော့ ကင်ဆာဖြစ်သူမှာမှ ဒီပစ္စည်းအသုံးပြုထားတာကို အထင်အမြင်လွဲမှားကြရာက စတယ် ပြောရပါမယ်။

-ထည့်ရင်းနဲ့ သားအိမ်ပေါက်ထွက်တယ် ဆိုတာမျိုးကလည်း ဖြစ်နိုင်ချေရှိပေမယ့် ကျွမ်းကျင်သူနဲ့သာ ထည့်မယ်ဆိုရင် စိတ်ပူစရာ မလိုပါဘူး။

-သားအိမ်ထဲထည့်ထားတဲ့ ပစ္စည်းက ဦးနှောက်ထဲရောက်သွားတယ်၊ နှလုံးဆီ ရောက်သွားတယ်ဆိုတာမျိုးတွေကတော့ မရှင်းပြတော့ပါဘူး။ ရောက်ချင်ရင်တောင် မရောက်ဘူးလို့ပဲ ပြောချင်ပါတယ်။

-လိင်ဆက်ဆံရာမှာ အနှောင့်အယှက်မဖြစ်ပါဘူး။ သားအိမ်ခေါင်းအပြင်မှာ ထုတ်ထားခဲ့တဲ့ ကြိုးစလေးက ခန္ဓာကိုယ်အပူချိန်နဲ့ ပျော့သွားပါတယ်။ ဒါကြောင့် လက်နဲ့စမ်းရင်တောင် သေချာလေး စမ်းရတာပါ။ လိင်ဆက်ဆံတဲ့အခါမှာ မသိသာပါဘူး။ အကယ်၍ ကြိုးစက လိုအပ်တာထက် ပိုရှည်နေတဲ့အခါ၊ အထဲက ပစ္စည်းက ပြုတ်ထွက်ပြီး ကြိုးစရှည်ထွက်လာတဲ့အခါတွေမှာတော့ ခံစားမိနေနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြကြည့်ဖို့ လိုအပ်ပါတယ်။

၁၀။ Your life, your choice

ဒီပစ္စည်းလေးကတော့ အသုံးပြုဖူးတဲ့ အမျိုးသမီးတော်တော်များများ သဘောကျကြသလို၊ တစ်ဖက်မှာလည်း အသုံးမပြုဖူးသေးတဲ့သူတွေ တအားကြောက်ကြတဲ့ သားဆက်ခြားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းအားလုံးမှာတော့ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၉.၁.၂၀၁၇

အမျိုးသမီးသားကြောဖြတ်ခြင်း အကြောင်း (Female sterilization)

အမျိုးသမီးသားကြောဖြတ်ခြင်း အကြောင်း (Female sterilization)
၁။ အဲဒါ ဘာလဲ

အမျိုးသမီးရဲ့ သားဥပြွန်ကို ဖြတ်ခြင်း၊ ဒါမှမဟုတ် ကလစ်နဲ့ညှပ်ပြီး ပိတ်ဆို့ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ရာသက်ပန် ကိုယ်ဝန်တားနည်း (Permanent method) တစ်ခု ဖြစ်ပြီး အသေးစားခွဲစိတ်မှု လုပ်ရပါတယ်။ အမျိုးသားတွေလည်း သားကြောဖြတ်လို့ ရပေမယ့် ဒီနိုင်ငံမှာတော့ ခွင့်မပြုထားပါဘူး။

၂။ အလုပ်လုပ်ပုံ

အပျိုဖြစ်လာတဲ့အချိန်ကစပြီး သွေးဆုံးချိန်အထိ သားဥအိမ်ကနေ မမျိုးဥ တစ်လတစ်ခါကို ကြွေပါတယ်။ အဲဒီ ကြွေလာတဲ့ မမျိုးဥလေးက သားဥပြွန်ကတစ်ဆင့် သုက်ပိုးနဲ့သွားပေါင်းပြီး သန္ဓေအောင်တယ်၊ ကိုယ်ဝန်ရပါတယ်။ ခုလို သားဥပြွန်ကို ဖြတ်တောက်လိုက်တဲ့အခါမှာတော့ မမျိုးဥလေးဟာ သုက်ပိုးနဲ့သွားမပေါင်းနိုင်တော့ဘူး။ ဒီအခါမှာ ကိုယ်ဝန်လည်း မရနိုင်တော့ပါဘူး။

၃။ ဘယ်လိုအသုံးပြုရတာလဲ

အသေးစား ဗိုက်ခွဲမှုပြုလုပ်ပြီးလည်း သားကြောဖြတ်နိုင်သလို၊ ခုနောက်ပိုင်းမှာ မှန်ပြောင်း (Laproscope) ကတစ်ဆင့် ဖြတ်တာမျိုးတွေလည်း လုပ်လာကြပါပြီ။

၎။ ထိရောက်မှု

အထိရောက်ဆုံး ကိုယ်ဝန်တားနည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သားကြောဖြတ်ပြီးရင် လုံးဝစိတ်ချရပြီလားဆိုတော့ မဟုတ်ပါဘူး၊ ဖြတ်ပြီးတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနိုင်ချေက အယောက် (၁,၀၀၀) မှာ ၅ယောက် ရှိပါတယ်။ ကိုယ်ဝန်ရှိနေတာကို မသိဘဲ သားကြောဖြတ်လိုက်ပြီးမှ သိတာ၊ ဖြတ်ပေးသူရဲ့မှားယွင်းမှုကြောင့်ဖြစ်တာ၊ တချို့မှာတော့ သားဥပြွန်မှာ အပေါက်ပြန်ပေါ်လာတာမျိုးကြောင့် ကိုယ်ဝန်ရတတ်တာပါ။

ရာသက်ပန်နည်းလမ်းဖြစ်တဲ့အတွက် သားကြောဖြတ်ပြီးရင် ပြန်ပြင်ဖို့တော့ မလွယ်ပါဘူး။ လုပ်ရတဲ့ခွဲစိတ်မှုက သိပ်ခက်သလို၊ ကုန်ကျစရိတ်လည်း များတယ်။ လုပ်ပေးနိုင်သူလည်း ရှားတယ်။ နောက်ပြီး လုပ်လို့ရခဲ့ရင်လည်း ကိုယ်ဝန်ပြန်ရဖို့ ခက်တယ်။

၅။ အားသာချက်တွေက ဘာတွေလဲ

– ကလေးမလိုချင်တော့ဘူးဆိုရင် စိတ်ချလက်ချ အသုံးပြုလို့ရတယ်။ အလုပ်ရှုပ်သက်သာတယ်။

– ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံရဘူး။

၆။ အားနည်းချက်တွေက ဘာတွေလဲ

– အသေးစားခွဲစိတ်မှု လုပ်ရမယ်။ ဖြစ်ခဲပါတယ်ဆိုပေမယ့် ဒါရဲ့နောက်ဆက်တွဲ ပြဿနာတွေ ရှိတတ်တယ်။

– လက်ရှိအနေအထားအရ ဆရာဝန်နဲ့ ကိုယ်နဲ့တင် မပြီးဘူး၊ ဘုတ်အဖွဲ့ဆီ ခွင့်ပြုချက်တင်ရတယ်

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဘေးထွက်ဆိုးကျိုးရယ်လို့ မရှိဘဲ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာများသာ ကြုံရတာမျိုး ရှိတတ်ပါတယ်။

၈။ သားကြောဖြတ်ဖို့အတွက် လိုအပ်ချက်များ

ဒီအချက် (၁၀)ချက်ထဲက တစ်ချက်ချက်နဲ့ ပြည့်စုံရင် သားကြောဖြတ်ဖို့ ခွင့်ပြုချက်ရနိုင်ပါတယ်။

ယခင်က နှစ်ခါခွဲမွေးထားဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး
ဒေါင်လိုက်ခွဲစိတ်မှု တစ်ခါပြုလုပ်ဖူးသူ
ကလေး(၅)ယောက်နဲ့အထက် မွေးဖူးသူ (အသက်ဘယ်လောက်ဖြစ်ဖြစ်)
အသက်(၃၅)နှစ် အမျိုးသမီး၊ ကလေးများများ မွေးဖူးထားပြီး လက်ရှိမှာ သက်ရှိထင်ရှား ကလေး (၃)ယောက် ရှိနေရင်
အသက် (၃၈)နှစ် အမျိုးသမီး၊ ကလေးများများ မွေးဖူးထားပြီး လက်ရှိမှာ သက်ရှိထင်ရှား ကလေး (၂)ယောက် ရှိနေရင်
အသက် (၄၀)နှစ် အမျိုးသမီး၊ လက်ရှိမှာ သက်ရှိထင်ရှား ကလေး (၁)ယောက် ရှိနေရင်
ထပ်ထပ်ပြီး ဖြစ်နိုင်ချေများတဲ့ မျိုးဗီဇနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခု အရင်ကလေးမှာ ဖြစ်ဖူးတယ်ဆိုရင်
ကိုယ်ဝန်ထပ်မဆောင်သင့်တဲ့ ရောဂါတစ်ခုခု ရှိနေရင်
မိခင်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ မီးယပ်ရောဂါတစ်ခုခု ရှိနေရင်
ကိုယ်ဝန်ထပ်မဆောင်သင့်တဲ့ မီးဖွါးခြင်းဆိုင်ရာ အရေးပေါ်အခြေအနေမျိုး ရှိဖူးရင်
သားကြောဖြတ်မယ်ဆိုရင်တော့ အမျိုးသမီးရော သူ့အမျိုးသားပါ ဖောင်ဖြည့်ရတယ်။ နောက် ဆရာဝန်တစ်ယောက်ရဲ့ ထောက်ခံချက် လိုတယ်။ ပြီးသွားရင်တော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို ဘုတ်အဖွဲ့ဆီ တင်ရပါတယ်။ ပြီးသွားရင်တော့ ဘုတ်အဖွဲ့က သင့်တော်တယ်လို့ ဆုံးဖြတ်ပေးလိုက်ပြီဆိုရင် သားကြောဖြတ်လို့ ရပါပြီ။

Ref ; စာအမှတ် ကုသ-၂/က-၂၄/၂၀၁၃/၁၄၄၅ ; အောက်တိုဘာ ၃၁၊ ၂၀၁၃ ရက်စွဲ၊ ကျန်းမာရေးဦးစားဌာန၊ ကျန်းမာရေးဝန်ကြီးဌာန (အစည်းအဝေးမှတ်တမ်း ၃၄/၂၀၁၃)

၉။ လွဲမှားတဲ့ အယူအဆများ

-၀တတ်တယ် ဆိုတာ မဟုတ်ပါဘူး။ အမျိုးသမီးရဲ့ ပုံပန်းသွင်ပြင်၊ ကိုယ်အလေးချိန်၊ လိင်ဆက်ဆံလိုစိတ်တွေအပေါ်မှာ ဘာမှပြဿနာ မပေးပါဘူး။

-နေရာမှားသန္ဓေတည်တာကိုလည်း လျော့ကျစေပါတယ်။ နေရာမှားသန္ဓေတည်တယ် ဆိုတာက သန္ဓေအရင်အောင်တယ်၊ ပြီးမှ သားအိမ်မှာ သန္ဓေမတည်ဘဲ သားဥပြွန်လို တခြားနေရာမှာ သွားတည်တာကို ခေါ်တာပါ။ အခုက သန္ဓေမအောင်ဖို့ကို ကာကွယ်ပေးတာမို့ ဒါ ဖြစ်စရာ အကြောင်းမရှိပါဘူး။ အမေရိကန်မှာ လုပ်ထားတဲ့ လေ့လာချက်အရ ဘာသားဆက်ခြားနည်းမှ သုံးမထားတဲ့ အမျိုးသမီးတွေမှာ အယောက် တစ်သောင်းမှာ ၆၅ ယောက် ဖြစ်နိုင်ချေရှိပြီး သားကြောဖြတ်ပြီးရင်တော့ အယောက် တစ်သောင်းမှာ ၆ယောက်သာ ဒါမျိုး ဖြစ်နိုင်ချေရှိပါတယ်။

၁၀။ Your life, your choice

ဒီနည်းလမ်းကတော့ ကလေးလုံးဝမယူတော့တဲ့ အမျိုးသမီးတွေအတွက် သင့်တော်တဲ့နည်း ဖြစ်ပါတယ်။ သူ့မှာလည်း အားနည်းချက်၊ အားသာချက်တွေ ရှိတာပါပဲ။ အဓိကက ကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်နိုင်ကြဖို့ လိုပါတယ်။ ကိုယ်က နှစ်အကြာကြီး ကိုယ်ဝန်တားထားချင်တယ်၊ သားကြောဖြတ်ဖို့ကလည်း ခွင့်ပြုချက်မရနိုင်ဘူး ဆိုရင်တော့ တခြားနှစ်ရှည်ခံနည်းလမ်းတစ်ခုကို အသုံးပြုဖို့ လိုပါမယ်။

ဒေါက်တာ ဖြိုးသီဟ
၆.၂.၂၀၁၇

အရေးပေါ်သန္ဓေတား ဆေးကဒ် အကြောင်း (Emergency contraceptive pill)

အရေးပေါ်သန္ဓေတား ဆေးကဒ် အကြောင်း (Emergency contraceptive pill)
၁။ အဲဒါ ဘာလဲ

မတော်တဆ အကာအကွယ်မဲ့ အတူနေမိပြီးသွားတဲ့အချိန်မှာ သောက်ရတဲ့ ဆေးကဒ်ဖြစ်ပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါဝင်ပါတယ်။ (နှစ်မျိုးပါတဲ့ ဆေးကဒ်လည်း ရှိပါသေးတယ်၊ ဒါပေမယ့် အသုံးများတာက တစ်မျိုးပါဆေးကဒ်တွေ ဖြစ်ပါတယ်) တချို့ဆေးကဒ်တွေက ဆေးလုံးနှစ်လုံးပါဝင်ပြီး ခုနောက်ပိုင်းမှာတော့ ဆေးလုံးတစ်လုံးတည်း ပါဝင်တဲ့ဆေးတွေလည်း ရှိနေပါပြီ။

၂။ အလုပ်လုပ်ပုံ

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီဆေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် လုပ်ပေးနိုင်သလို၊ ကြွေတာကိုလည်း နှေးကွေးစေပါတယ်။ ဒီနည်းလမ်းနဲ့ ကိုယ်ဝန်မရအောင် တားပေးပါတယ်။

၃။ ဘယ်လိုအသုံးပြုရတာလဲ

ဒီဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နာရီ ၁၂၀ (၅ရက်) အတွင်း သောက်ဖို့ လိုပါတယ်။ နာရီ ၁၂၀ ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။

အရင်ကတော့ ဆေးလုံးနှစ်လုံးပါတဲ့ ဆေးကဒ်တွေဆို ပထမတစ်လုံးသောက်၊ ၁၂ နာရီခြားပြီးမှ နောက်တစ်လုံးထပ်သောက်ခိုင်းပါတယ်။ ခုနောက်ပိုင်းမှာတော့ နှစ်လုံးစလုံးကို တစ်ပြိုင်တည်း သောက်ခိုင်းပါတယ်။ ဒီတော့ ဒုတိယတစ်လုံးသောက်ဖို့ မေ့သွားတယ်ဆိုတာမျိုး မရှိတော့ဘူးပေါ့။

ဟော်မုန်းပမာဏများတာမို့ အန်တတ်ပါတယ်။ ဆေးသောက်ပြီး ၂နာရီအတွင်း အန်ထွက်တယ်ဆိုရင်တော့ ထပ်သောက်ရပါမယ်။ အဲဒါကိုမှ ထပ်အန်နေတယ်ဆိုရင် အအန်ပျောက်ဆေးနဲ့တွဲပြီး သောက်လို့ရပါတယ်။

၎။ ထိရောက်မှု

ပုံမှန်အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း မဟုတ်တာကြောင့် အသုံးပြုပြီး တစ်နှစ်အတွင်း အမျိုးသမီးဘယ်နှယောက် ကိုယ်ဝန်ရနိုင်တယ် ဆိုတာမျိုး ပြောလို့မရပါဘူး။ ပြောလို့ရနိုင်တာကတော့ ကိုယ်ဝန်ရနိုင်တဲ့ရက်တွေမှာ ဆက်ဆံမိတဲ့ အမျိုးသမီးအယောက်(၁၀၀)မှာ ဒီဆေးကို မသောက်ဘူးဆိုရင် (၈)ယောက် ကိုယ်ဝန်ရနိုင်ပြီးတော့ သောက်လိုက်မယ်ဆိုရင်တော့ (၁)ယောက်ပဲ ကိုယ်ဝန်ရနိုင်ပါတယ်။

(၁၀၀)မှာ (၁)ယောက်ဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင် ထိရောက်မှုကောင်းတယ် ထင်ရပေမယ့် တခြားသော သောက်ဆေး၊ ထိုးဆေး၊ ပစ္စည်းထည့်တာတို့လို သားဆက်ခြားနည်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ထိရောက်မှုနည်းတာကို တွေ့ရ့ပါတယ်။ ဒါကြောင့်လည်း ဒီနည်းလမ်းကို ပုံမှန်သားဆက်ခြားနည်းတစ်ခုအနေနဲ့ အသုံးမပြုသင့်တာပဲ ဖြစ်ပါတယ်။

၅။ အားသာချက်တွေက ဘာတွေလဲ

– အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေမှာ သုံးလို့ရတယ်။ ဥပမာ အဓမ္မပြုကျင့်ခံရတဲ့အခါ၊ အိမ်ထောင်သည်တွေ ဘာသားဆက်ခြားနည်းမှ မသုံးရသေးချိန်မှာ အတူနေမိတာ၊ ကွန်ဒုံးသုံးရက်နဲ့ ပေါက်ပြဲသွားတာ၊ သုက်ရည်ကို အပြင်မှာ စွန့်ထုတ်ဖို့ နောက်ကျသွားတာ၊ နောက်ပြီး ချစ်သူရည်းစားတွေ မတော်တဆ ချစ်နယ်ကျွံမိတာမျိုးတွေမှာ သုံးလို့ရပါတယ်။

– မတည့်တဲ့ အမျိုးသမီးရယ်လို့ မရှိဘဲ ဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။

၆။ အားနည်းချက်တွေက ဘာတွေလဲ

– အတူမနေခင် ကြိုတင်အသုံးပြုပြီး ကာကွယ်ထားလို့ မရပါဘူး။ အတူနေပြီးသွားမှသာ သောက်လို့ရတယ်။

– တခြားသားဆက်ခြားနည်းတွေနဲ့ ယှဉ်ရင် ထိရောက်မှုနည်းတယ်။ ဒါကြောင့် ပုံမှန်သားဆက်ခြားနည်းအနေနဲ့ စွဲသုံးလို့မရဘူး။

– အဓမ္မအကျင့်ခံလိုက်ရတယ်ဆိုရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရနိုင်ချေ ရှိပါတယ်။ ဒီဆေးက အဲဒီရောဂါတွေကိုတော့ ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဆေးသောက်ပြီးစ (၂)ရက်လောက်မှာ သွေးနည်းနည်းဆင်းတာ၊ ပုံမှန်ရာသီပေါ်ရမယ့်ရက်ထက် စောပြီးပေါ်တာ၊ ဒါမှမဟုတ် နောက်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

နောက်ပြီး ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

၈။ မသုံးစွဲသင့်သော အခြေအနေများ

ဒီဆေး မသောက်သင့်တဲ့ အမျိုးသမီးရယ်လို့ မရှိပါဘူး။ ဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။

၉။ လွဲမှားတဲ့ အယူအဆများ

– (၅)ရက်အတွင်း သောက်လို့ရတယ်ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။ ဒါကြောင့် ဆေးသောက်ဖို့ကို အချိန်ဆွဲမနေသင့်ပါဘူး။

– တချို့ကလည်း မေးတတ်ကြတယ်၊ ဒီဆေးကို တစ်လ ဘယ်နှကြိမ်အများဆုံး သုံးလို့ရသလဲ တဲ့။ ဒီဆေးဟာ အရေးပေါ်အခြေအနေအတွက်ပဲ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လ ဘယ်နှကြိမ်အများဆုံးသုံးလို့ရတယ် ဆိုပြီး တိတိကျကျ ပြောထားတာ မရှိပါဘူး။ တကယ်လို့ ကိုယ်က ဒီလိုခဏခဏအရေးပေါ်နေမယ်၊ ဆိုလိုတာက အိမ်ထောင်သည်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အိမ်ထောင်တော့မရှိသေးပေမယ့် အိမ်ထောင်သည်လိုပဲ ပုံမှန်ဆက်ဆံမှုရှိနေရင်ဖြစ်ဖြစ် ဒီနည်းလမ်းကို အသုံးမပြုသင့်ဘဲ ဒီထက်ပိုစိတ်ချရတဲ့ သားဆက်ခြားနည်းတခုခုကို ပုံမှန်အသုံးပြုဖို့ လိုပါတယ်။

၁၀။ Your life, your choice

ဒီဆေးကတော့ ပုံမှန်အသုံးပြုသင့်တဲ့ နည်းလမ်းမဟုတ်ဘဲ အရေးပေါ်အခြေအနေအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆေးဖြစ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ အကာအကွယ်မဲ့ အတူနေမိလိုက်တဲ့အခါမျိုးမှာ ကိုယ်ဝန်ရမသွားအောင် ဒီဆေးကို အသုံးပြုလို့ရပြီး၊ ပုံမှန်ဆက်ဆံမှုရှိနေတဲ့ အမျိုးသမီးတွေကတော့ ဒီထက်ပိုစိတ်ချရတဲ့ တခြားသားဆက်ခြားနည်းတခုခုကို အသုံးပြုဖို့ လိုအပ်ပါမယ်။

ဒေါက်တာ ဖြိုးသီဟ
၎.၂.၂၀၁၇

အဆောင်သူလေးရဲ့ ချစ်ပုံပြင်

ဒီတစ်ခါ သမီးတို့ကို အစ်ကိုက မြန်မာပြည်အလယ်ပိုင်းက ရွာလေးတစ်ရွာမှာ ဖြစ်ခဲ့ဖူးတဲ့ ကျောင်းသူလေးနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ အဲဒီရွာလေးရဲ့ တစ်ဖက်တစ်ချက်မှာ လမ်းတစ်ခုစီရှိတယ်။ အဲဒီလမ်းအတိုင်းသွားလိုက်မယ်ဆိုရင်တော့ လမ်းရဲ့အဆုံးမှာ အဆောင်တစ်ဆောင်စီ ရှိကြပါတယ်။ အဲဒီအဆောင်ထဲမှာတော့ မိန်းကလေးတွေအများကြီးကို စောင့်ရှောက်ထားပါတယ်။ အဲဒီမှာ ကျောင်းသူလေးကို အုပ်ချုပ်ဖို့အတွက် အဆောင်မှူးအန်တီကြီးတွေလည်း ရှိကြတာပေါ့။ သူတို့က ကျောင်းသူလေးတွေကို အဆောင်မှာပဲ နေစေတယ်။ အပြင်ကို လုံးဝပေးမထွက်ဘူး။ ထွက်သွားတဲ့ ကျောင်းသူလေးတွေကိုလည်း ဘယ်တော့မှ အဆောင်မှာ ပြန်လက်မခံဘူးလို့ အမိန့်ထုတ်ထားသတဲ့။ တအားကို စည်းကမ်းတင်းကျပ်တဲ့ အဆောင်လေးပေါ့။
ဒါပေမယ့် ကျောင်းသူလေးတွေဟာ အဆောင်ထဲမှာပဲ အမြဲတမ်းမနေနိုင်ကြဘူး။ နှစ်ဆောင်ပေါင်းက ကျောင်းသူလေးတွေ သူတို့အချင်းချင်းတိုင်ပင်ပြီး တစ်လကို တစ်ယောက်တော့ အပြင်ထွက်လို့ရအောင် ကြိုးစားကြတယ်။
ပထမဦးဆုံး အဲဒီလို ထွက်ခွင့်ရတဲ့ ကျောင်းသူလေးဟာ အဆောင်ရှေ့က လမ်းထဲမှာ သူ့ချစ်သူ လာအခေါ်ကို စောင့်ဆိုင်းနေတယ်။ အဲဒီလိုစောင့်ဆိုင်းနေချိန်မှာ သူတို့ ချစ်သူနှစ်ယောက်များ ပေါင်းစည်းခွင့်ရခဲ့ရင် အဆင်သင့်နေနိုင်အောင်လို့ ရွာလူထုကလည်း နေစရာအဆင်သင့် ပြင်ထားပေးကြတယ်။ သူတို့အချစ်ကို ပါရမီဖြည့်ပေးတာပေါ့။ ဒါပေမယ့်လည်း ကံဆိုးချင်တော့ သူ့ချစ်သူက အချိန်မီ သူ့ဆီ ရောက်မလာနိုင်ခဲ့ဘူးတဲ့။ အဲဒါနဲ့ပဲ ကောင်မလေးလည်း အဲဒီနေရာမှာတင် ရင်ကွဲနာကျပြီး သေပွဲဝင်ရပါတော့တယ်။ ဒီလိုမျိုး ကျောင်းသူလေးရဲ့ ရင်နာစရာအဖြစ်ကို မြင်တွေ့ကြရတဲ့ ရွာသူရွာသားတွေမှာတော့ ဖြေမဆည်နိုင် ဖြစ်ပြီး မျက်ရည်တွေ ဖြိုင်ဖြိုင်ကျမိတာပေါ့။
နောက်ကျောင်းသူလေးတစ်ယောက်ကတော့ သူအဆောင်ကနေ ထွက်ပြေးလာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် သူ့ချစ်သူကောင်လေးနဲ့ဆုံပြီး ပေါင်းဖက်သွားကြသတဲ့။ အဲဒီနောက်မှာတော့ ရွာလူထုက အသင့်ပြင်ပေးထားတဲ့ နေရာလေးမှာ သေတစ်ပန်သက်တစ်ဆုံး ပေါင်းသင်းနေထိုင်သွားကြပါတယ်။
ကဲ ဟုတ်ပြီ၊ အဲဒီဇာတ်လမ်းလေးကို မှတ်မိပြီဆိုရင် ဒီဇာတ်လမ်းလေးနဲ့ ဆင်တူတဲ့ သမီးတို့မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ဖြစ်စဉ်အကြောင်းလေး ပြောပြမယ်နော်။
မိန်းကလေးတစ်ယောက်မှာ သားအိမ်ပါတယ်။ သားအိမ်ရဲ့ ဟိုဘက်ဒီဘက်မှာ သားဥအိမ်တစ်ခုစီ ပါတယ်။ သားအိမ်နဲ့ သားဥအိမ်တို့ကိုတော့ သားဥပြွန်လေးတွေနဲ့ ဆက်ထားပါတယ်။ အဲဒီသားဥအိမ်ထဲမှာ မမျိုးဥလေးတွေ သန်းပေါင်းများစွာ ရှိပါတယ်။ အပျိုဖော်မ၀င်မချင်း အဲဒီမမျိုးဥလေးတွေဟာ သားဥအိမ်ထဲမှာပဲ ရှိနေကြပါတယ်။
သမီးတို့အရွယ်ရောက်လို့ အပျိုစဖြစ်ပြီဆိုတာနဲ့ အဲဒီသန်းပေါင်းများစွာသော မျိုးဥတွေထဲက တစ်လကို တစ်လုံး သားဥအိမ်ထဲကနေ ထွက်လာပါတယ်။ အဲဒါကို မမျိုးဥကြွေတယ် လို့ခေါ်တယ်။
အဲဒီလိုကြွေလာတဲ့ မမျိုးဥလေးဟာ ခုနကပြောခဲ့တဲ့ဇာတ်လမ်းထဲက အဆောင်သူလေးတွေလိုပဲ နှစ်မျိုးဖြစ်နိုင်တယ်။ သုက်ပိုးနဲ့ မပေါင်းမိဘဲ သေသွားတာရယ်၊ သုက်ပိုးနဲ့ပေါင်းမိတာရယ်။
သာမန်ဖြစ်စဉ်အရတော့ မမျိုးဥကြွေပြီးသွားရင် သားဥပြွန်ထဲကို ရောက်သွားတယ်၊ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းမိသွားရင်တော့ သန္ဓေအောင်သွားလိမ့်မယ်။ အဲဒီလို သန္ဓေအောင်သွားခဲ့ရင် အဆင်သင့်သန္ဓေတည်နိုင်အောင်ဆိုပြီး သားအိမ်နံရံတွေက ထူထားပေးရပါတယ်။
တကယ်လို့များ မမျိုးဥကြွေချိန်မှာ သုက်ပိုးက ၀င်မလာဘူး၊ ဘာလို့ဆိုတော့ အိမ်ထောင်မှမရှိတာကိုး၊ ဒါမှမဟုတ် အိမ်ထောင်သည်တွေမှာဆို မမျိုးဥကြွေချိန်နဲ့ သုက်ပိုးဝင်လာတဲ့အချိန်နဲ့ မတိုက်ဆိုင်ဘူးဆိုရင်တော့ အဲဒီမမျိုးဥလေးက သေသွားပါတယ်။ အဲဒီလို သန္ဓေမအောင်နိုင်တော့တဲ့အတွက် အောင်ခဲ့ရင် အဆင်သင့်ဖြစ်နေအောင် ဆိုပြီး ထူပေးထားတဲ့ သားအိမ်နံရံတွေကလည်း မလိုအပ်တော့ပါဘူး။ ဒါကြောင့် ကွာကျလာတယ်။ အဲဒီလို သေသွားတဲ့ မမျိုးဥလေးရယ်၊ သားအိမ်နံရံအလွှာတွေ ကွာကျလာတာရယ် ပေါင်းပြီး ခန္ဓာကိုယ်အပြင်ကို ဆင်းလာတာကို ရာသီလာတယ်၊ ဓမ္မတာလာတယ် လို့ ခေါ်ကြပါတယ်။
တကယ်လို့များ မမျိုးဥကြွေတဲ့အချိန်နဲ့ သုက်ပိုးဝင်လာတဲ့အချိန်နဲ့ တိုက်သွားလို့ ပေါင်းစပ်မိသွားရင်တော့ သန္ဓေအောင်သွားပြီး၊ အဲဒီသန္ဓေသားလောင်းလေးက သားအိမ်နံရံမှာ သွားပြီး သန္ဓေတည်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဝန်ရသွားပြီလို့ သတ်မှတ်ပါတယ်။ မမျိုးဥလေးလည်း မသေတော့သလို၊ သားအိမ်နံရံတွေကလည်း ကွာကျတော့မှာ မဟုတ်တဲ့အတွက် ရာသီလည်းပေါ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မိန်းကလေးတစ်ယောက် ရာသီထိန်သွားရင် ကိုယ်ဝန်ရနိုင်တယ်လို့ အရပ်ထဲမှာ ပြောနေကြတာ ဖြစ်ပါတယ်။
သမီးတို့ မှတ်မိအောင် ပြန်ပြောရရင် အပျိုရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥကြွေမယ်၊ အဲဒီကြွေလာတဲ့ မမျိုးဥက သုက်ပိုးနဲ့ပေါင်းမိရင် ကိုယ်ဝန်ရမယ်။ မပေါင်းမိရင်တော့ သေသွားမယ်၊ ပြီးရင် မလိုအပ်တော့လို့ ကွာကျလာတဲ့ သားအိမ်နံရံအလွှာတွေနဲ့ ရောပြီး ခန္ဓာကိုယ်ပြင်ပကို ဆင်းလာမယ်။ ဒါကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့ရက်က (၂၈)ရက်တစ်ခါ ဆိုပေမယ့် ၂၁ရက်နဲ့ ၃၅ရက်ကြားဆိုရင် ပုံမှန်လို့ပဲ ယူဆပါတယ်။ အပျိုဖော်ဝင်ရာကနေ သွေးပေါ်လာတာ တစ်နှစ်တိတိ သွေးလုံးဝမပေါ်တော့ဘူးဆိုရင်တော့ သွေးဆုံးသွားပြီလို့ သတ်မှတ်ပါတယ်။ အဲဒီအရွယ်ကတော့ ပျမ်းမျှအနေနဲ့ ၄၉နှစ်အရွယ်မှာ ဖြစ်လေ့ရှိပါတယ်။
ဒီတော့ သမီးတို့ဟာ ရာသီပေါ်နေပြီ၊ အပျိုဖြစ်နေပြီဆိုရင် သဘောပေါက်ထားရမှာက ကိုယ့်ခန္ဓာကိုယ်ထဲမှာ မမျိုးဥက ကြွေနေပြီ။ သူကြွေနေပြီမို့လို့သာ အပြင်ကို ရာသီသွေးတွေ ဆင်းလာတာလေ။ အဲဒီလိုကြွေနေပြီဖြစ်တဲ့အတွက် မတော်တဆများ လိင်ဆက်ဆံမှုရှိခဲ့ရင်၊ ကိုယ့်ရည်းစားနဲ့ဖြစ်ဖြစ်၊ မတော်မတရား ပြုကျင့်ခံရတာပဲဖြစ်ဖြစ် ကိုယ်ဝန်ရသွားနိုင်တယ် ဆိုတာပါပဲ။
နောက်တစ်ခုကတော့ သမီးတို့စဉ်းစားကြည့်၊ ရာသီလာတယ်ဆိုတာ ရှက်စရာကောင်းသလား၊ ဘုန်းနိမ့်လို့ ဖြစ်တာရော ဟုတ်သလား။ မျိုးဆက်ပွါးဖို့အတွက် မမျိုးဥကြွေပေးတယ်၊ သုက်ပိုးနဲ့မပေါင်းလိုက်ရရင် သေသွားတယ်၊ အဲဒီနောက် ရာသီလာတယ်။ ဒီဖြစ်စဉ်သာမရှိရင် မျိုးဆက်ဆိုတာ ပြန့်ပွါးနိုင်ဦးမလား၊ လူသားရယ်လို့ ဖြစ်လာပါဦးမလား။ ဒါကြောင့် ရာသီလာတယ်၊ ဓမ္မတာပေါ်တယ်ဆိုတာ လူသားမျိုးဆက် တည်တံ့ဖို့အတွက် အရေးကြီးတဲ့ အမျိုးသမီးတွေရဲ့ သဘာဝဖြစ်စဉ်တစ်ရပ်သာ ဖြစ်တယ်ဆိုတာလေး သမီးတို့ကို သိစေချင်ပါတယ်။
ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ
၁၀.၃.၂၀၁၇