ads bit

Pages

Friday, September 21, 2018

ဆယ်ကျော်သက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

ဆယ်ကျော်သက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

ဒီနေ့ ဧပြီလ (၇)ရက်နေ့ဟာ ကမ္ဘာ့ကျန်းမာရေးနေ့ (World Health Day) ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၇ ခုနှစ် ရဲ့ ဆောင်ပုဒ်လေးကိုတော့ “Depression : Let’s talk စိတ်ကျဝေဒနာ ပြောဆိုတိုင်ပင်ဆွေးနွေးပါ” လို့ သတ်မှတ်ထားကြပါတယ်။

တကယ်တော့ စိတ်ကျဝေဒနာဆိုတာ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ လူတန်းစားမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လူငယ်တွေ၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ တွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့အကြောင်း ဆွေးနွေးလိုပါတယ်။

၁။ ခန္ဓာကိုယ်ပြောင်းလဲလာမှုများအပေါ် စိတ်တိုင်းမကျခြင်း

ဆယ်ကျော်သက်ဘ၀ဆိုတာ ကလေးကနေ လူကြီးအဖြစ်ကို အသွင်ကူးပြောင်းတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲလာတယ်။ ဖွံ့ဖြိုးကြီးထွားလာတယ်။ အမွှေးအမျှင်တွေ ထွက်လာတယ်။ ဒီအပေါ်မှာ ဆယ်ကျော်သက်လူငယ်အများစုဟာ ရှက်ရွံ့ကြပါတယ်။ လူကြီးတွေကလည်း လူပျိုဖြစ်ပြီ၊ အပျိုဖြစ်ပြီ စသဖြင့် စကြနောက်ကြတယ်။ ဒီတော့ သူတို့ရဲ့ ပြောင်းလဲမှုတွေကို လူမသိအောင်၊ မမြင်အောင် အတင်းဖုံးကွယ်တာ၊ လူရှေ့မထွက်တော့တာတွေ ဖြစ်လာပါတယ်။

အဲဒီအပြင် သဘာဝအရ လိင်ကိစ္စတွေမှာ စိတ်ဝင်စားလာတယ်။ စိတ်လှုပ်ရှားလွယ်၊ ထိခိုက်လွယ်တယ်။ အများအာရုံစိုက်တာ ခံချင်တယ်။ အပြိုင်အဆိုင်စိတ်တွေ ရှိလာတယ်။ ဒီအခါမှာ လှပတဲ့သူတွေကို မြင်ပြီး ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်တာတွေ ဖြစ်လာတယ်။ Celebrity တွေကို အားကျပြီး ကိုယ်နဲ မလိုက်ဖက်တဲ့ ပုံစံတွေကို ၀တ်စားဆင်ယင်မိတာမျိုးတွေ ရှိတယ်။

နောက်တစ်ခုက ကိုယ့်ခန္ဓာကိုယ်ကို စိတ်တိုင်းမကျတာပေါ့။ တချို့က ရင်သား၊ တင်ပါးတွေ သူများထက် ပိုဖွံ့ဖြိုးတယ်၊ တချို့က သူများထက် သိသိသာသာ ဖွံ့ဖြိုးမှုနည်းတယ်။ အဲဒါတွေကလည်း မိန်းကလေးတွေမှာ ရှက်စိတ်ကို ဖြစ်စေပါတယ်။ ယောကျာ်းလေးတွေမှာတော့ သူတို့စိတ်ပူတတ်တာ လိင်တံရဲ့အရွယ်အစားပေါ့။ သူများလောက် ရှိမနေဘူးဆိုရင် ဘာများပြဿနာရှိမလဲဆိုပြီး သူတို့က စိတ်ပူကြတယ်၊။ ဒီလိုပဲကွာခြားမှုရှိတတ်တယ်၊ ဒါဟာ ကလေးရမရ၊ အိမ်ထောင်ရေးအဆင်ပြေမပြေနဲ့ သက်ဆိုင်မှုမရှိဘူးဆိုတာ မသိတဲ့အခါမှာ စိုးရိမ်ကြတာပေါ့။ ဒါတွေကတော့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်ဘ၀မှာ ကြုံတွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ ဖြစ်ပါတယ်။

၂။ လှောင်ပြောင်အနိုင်ကျင့်ခံရခြင်း

အမှန်တော့ ဆယ်ကျော်သက်ဘ၀ဆိုတာက ပြောင်းလဲနေဆဲအရွယ် ဖြစ်တာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အသားအရည်၊ ပုံပန်းသွင်ပြင် စတာတွေဟာ အသားတကျ ဖြစ်ဦးမှာ မဟုတ်ပါဘူး။ မျက်နှာမှာ ၀က်ခြံတွေ ထွက်ချင်ထွက်နေမယ်။ သူများထက် အပျိုဖြစ်တာစောတဲ့ မိန်းကလေးက ရွယ်တူတွေကြားထဲမှာ သိသိသာသာ ထူးခြားနေမယ်။ သူတို့ရဲ့ ပြောင်းလဲမှုတွေကို လူမမြင်စေချင်လို့ အ၀တ်အစားပွပွကြီးတွေ ၀တ်ပြီး ဖုံးကွယ်ထားတာမျိုးတွေ ရှိမယ်။ ခန္ဓာကိုယ် အချိုးအစားကလည်း မပြေပြစ်သေးတာမျိုး ရှိကောင်းရှိမယ်။ ဒီအခါမှာ ယောကျာ်းလေးတွေက ၀ိုင်းစမယ်၊ လှောင်ပြောင်မယ်ဆိုရင် သူတို့အတွက်တော့ စစရာနောက်စရာ ဆိုပေမယ့် ခံရသူမိန်းကလေးမှာ အင်မတန်စိတ်ထိခိုက်ရပါတယ်။

၃။ အကြမ်းဖက်မှုများနှင့် ကြုံတွေ့ရခြင်း

မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ဝေဖန်ကဲ့ရဲ့တာ၊ ရိသဲ့သဲ့ပြောတာ၊ အ၀တ်အစားလဲနေတာကို ဓါတ်ပုံချောင်းရိုက်ပြီး ခြိမ်းခြောက်အကြပ်ကိုင်တာ၊ နောက်ပြီး ကျောင်းသားအချင်းချင်း အနိုင်ကျင့်ဗိုလ်ကျတာ၊ သူငယ်ချင်းအပေါင်းအသင်းတွေကြားထဲမှာ ခွဲခြားဆက်ဆံခံရတာ၊ ဒါမျိုးတွေကြောင့်လည်း စိတ်ကျဝေဒနာ ခံစားလာရတတ်ပါတယ်။

၎။ ဘ၀နှင့်ပတ်သက်သော ခက်ခဲမှုများ

ဆယ်ကျော်သက်အရွယ်ဖြစ်လို့ ၀တ်ချင်စားချင်လာတယ်။ အများအာရုံစိုက်ခံချင်လာတယ်။ ဒီအခါမှာ မိဘက ငွေကြေးအဆင်မပြေဘူးဆိုရင် စိတ်အလိုမကျဖြစ်ရတယ်။ အိမ်နဲ့ ကတောက်ကဆတွေ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ဘ၀ကိုယ်မသိခြင်းနဲ့ ရုပ်ဝတ္ထုကိုးကွယ်ခြင်းကလည်း ဆယ်ကျော်သက်လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာစေတဲ့အထဲမှာ အရေးကြီးအချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။

၅။ မိဘကပေးသော ဆိုးမွေများ

မိသားစုထဲမှာ အဖေက အမေကို အကြမ်းဖက်တာ၊ ပထွေးက အမေကို အကြမ်းဖက်တာ စတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကလေးတွေဟာ သူများထက်စာရင် စိတ်ကျဝေဒနာ ခံစားရနိုင်ချေ ပိုများပါတယ်။
နောက်တစ်ခုက မိဘရဲ့ဂရုစိုက်မှုကို မခံရတာ၊ အထီးကျန်ဆန်တာတွေကြောင့် စိတ်ထိခိုက်ခံစားရတာမျိုးတွေ ရှိပါတယ်။ ပြီးတော့ ကိုယ့်ဘ၀ကို တည်ဆောက်တဲ့အခါ၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ရွေးတဲ့အခါမှာ မိဘရဲ့ အတင်းအကြပ်လွှမ်းမိုးမှုတွေက တခါတလေမှာ စေတနာအမှားတွေ ဖြစ်တတ်တယ်။ သားသမီးကို လမ်းလွဲရောက်သွားစေနိုင်ပါတယ်။

Youth is an opportunity to do something and to become somebody in life.

လူငယ်ဆိုတာ ဘ၀မှာ တစ်စုံတစ်ယောက် ဖြစ်လာဖို့အတွက် တခုခုလုပ်နေရမယ့် အချိန်ကောင်းပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မယ့် လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အသိပညာ၊ အတတ်ပညာဆိုင်ရာတွေမှာ လက်နက်တွေ တပ်ဆင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုအင်မတန်အရေးကြီးတဲ့ အချိန်ကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် အားပေးကူညီဖို့၊ သူတို့အတွက် ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ သိပ်အရေးကြီးပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၇.၄.၂၀၁၇

No comments:

Post a Comment