ပုခက်လွှဲသောလက်တွေ ကမ္ဘာကိုကိုင်လှုပ်နိုင်စေဖို့
ဒီနေ့ စက်တင်ဘာလ (၂၆)ရက်နေ့ကို ကမ္ဘာ့သားဆက်ခြားနေ့ (World Contraception Day) အဖြစ် သတ်မှတ်ကြပါတယ်။ မျိုးဆက်ပွါးကျန်းမာရေး၊ သန္ဓေတားနည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပိုမိုအသိပညာရလာစေဖို့အတွက် ၂၀၀၇ခုနှစ်ကစပြီး အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပလာခဲ့ကြတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ မွေးဖွားလာတဲ့ ကလေးတွေမှန်သမျှဟာ လိုလိုချင်ချင်နဲ့ ရလာတဲ့ ကလေးတွေချည်း ဖြစ်နေစေဖို့ပါပဲ။
ကမ္ဘာတစ်ဝှမ်းမှာ အဲဒီလို အထိမ်းအမှတ်အနေနဲ့ သတ်မှတ်ထားကြတဲ့ နေ့တွေ အများကြီးပဲ ရှိတယ်။ အားလုံးဟာ ကမ္ဘာပေါ်က လူသားတွေအတွက် အရေးကြီးတဲ့ အကြောင်းအရာတွေချည်းပါပဲ။ ဒါတွေကို လူတွေပိုသတိထားမိလာပြီး အားလုံးပူးပေါင်းဆောင်ရွက်လာကြအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေ လုပ်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မျိုးဆက်ပွါးကျန်းမာရေးလုပ်ငန်းတွေ (၃)နှစ်ကျော် လုပ်လာခဲ့တဲ့ အတွေ့အကြုံအရတော့ အများစုက ဒီသားဆက်ခြားတဲ့ကိစ္စကို အရေးကြီးတယ်လို့ကို မြင်မနေကြဘူး။ အဆင်ပြေလည်း တားလိုက်မယ်၊ မပြေလည်း ယူလိုက်တာပေါ့လို့ အမျိုးသမီးတွေကိုယ်တိုင်က ခပ်လွယ်လွယ် သဘောထားနေကြတယ်။ ဒီလို လွဲမှားတဲ့အမြင်တွေ ရှိလာတဲ့အခါမှာ သားဆက်ခြားနည်းတွေအကြောင်းပဲ ပြောနေလို့ မရတော့ဘူး။ ဘာကြောင့် ဒီလုပ်ငန်းဟာ အရေးကြီးသလဲဆိုတာကိုပါ အများသိအောင်ပြောဖို့ လိုအပ်လာပါတယ်။
၁) ယောကျာ်းဖောင်စီး၊ မိန်းမမီးနေ
ဒီစကားပုံကိုတော့ အားလုံးကြားဖူးပြီးသားပါ။ ဖောင်စီးရတဲ့ ယောကျာ်း အသက်အန္တရာယ်နဲ့ သိပ်နီးသလို၊ မီးဖွါးရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့လည်း သချိင်္ုင်းကိုတစ်နေ့၃ကြိမ်မျက်စောင်းထိုးရတယ် ဆိုရလောက်အောင် အန္တရာယ်များလှတာကို ခိုင်းနှိုင်းတင်စားထားတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်လို တိုးတက်လာတဲ့အခြေအနေမှာတော့ ယောကျာ်းတွေ ဖောင်စီးရတာ မရှိတော့သလောက်ပါပဲ။ ဒါပေမဲ့ မိန်းမတွေကတော့ ဒီနေ့ထက်ထိ မီးနေနေရတုန်းပဲ။ ဘယ်အမျိုးသမီးမှလည်း ခြွင်းချက်ရယ်လို့ မရဘူး။ လူသားမျိုးနွယ် တည်တံ့ဖို့အတွက် သဘာဝကပေးအပ်ထားတဲ့ တာဝန်တစ်ရပ်ဖြစ်လို့ အိမ်ထောင်သည်အမျိုးသမီးမှန်ရင် ဒီတာဝန်ကို ထမ်းဆောင်ကြရတယ်။ အဘက်ဘက်က ပြည့်စုံနေတဲ့ အခြေအနေတစ်ရပ်မှာ ကလေးမွေးရတာတောင် အန္တရာယ်များသေးတယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးက မကောင်း၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်းတွေကလည်း နိမ့်ကျနေတဲ့ အခြေအနေမျိုးမှာဆို ပိုလို့တောင် အန္တရာယ်ကြီးလှပါတယ်။
၂) ကမ္ဘာပေါ်က မိခင်သေဆုံးမှုအများစုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကြပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာတော့ မိခင်သေနှုန်း လျှော့ချဖို့ဆိုတဲ့ ကိစ္စဟာ ကျန်းမာရေးဝန်ထမ်းတွေအားလုံးအတွက် အရေးကြီးတာဝန်တစ်ရပ် ဖြစ်ပါတယ်။ မိခင်သေဆုံးမှုဆိုတာ ကိုယ်ဝန်ဆောင်နေစဉ်၊ ကလေးမွေးနေစဉ်၊ ကလေးမွေးပြီး (၆)ပတ်အတွင်းမှာ ကိုယ်ဝန်နဲ့ဆက်စပ်ပြီး သေဆုံးသွားတာကို မိခင်သေဆုံးတယ်လို့ သတ်မှတ်ပါတယ်။
လုံခြုံစိတ်ချ မိခင်ဘ၀ (Safe motherhood) မှာ ဒေါက်တိုင်(၄)ခုရှိပါတယ်။ ၁) ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ၂) ကျွမ်းကျင်သူနဲ့ မွေးဖွါးဖို့ ၃) အရေးပေါ်စောင့်ရှောက်မှု ၄) သားဆက်ခြားခြင်း တို့ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် အသက်မဆုံးရှုံးရအောင် ကာကွယ်ဖို့ဆိုတဲ့နေရာမှာ မီးဖွါးခြင်းဆိုင်ရာ အရေးပေါ်စောင့်ရှောက်မှုက တော်တော်လေး အဓိကကျပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဆီက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ဘယ်လိုဖြစ်ရင် ဆေးရုံကို အရေးပေါ်သွားသင့်တယ်ဆိုတဲ့ အန္တရာယ်ရှိ လက္ခဏာတွေ သိမနေဘူး၊ ရှေးရိုးစွဲအယူအဆတွေ ရှိနေတုန်းပဲ၊ ဒီတော့ ဆေးရုံသွားသင့်ပြီဆိုတဲ့ ဆုံးဖြတ်ချက်ချရာမှာ နှောင့်နှေးတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာလည်း တစုံတရာ အားနည်းချက်တွေ ရှိနေသေးတယ်။ ဒါတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိခင်သေနှုန်းဟာ များပြားနေရခြင်း ဖြစ်ပါတယ်။
ဘာကြောင့် သားဆက်ခြားခြင်းကို လုံခြုံစိတ်ချ မိခင်ဘ၀အတွက် ထည့်ပြောနေရသလဲဆိုရင်တော့ ကလေးတစ်ယောက်မွေးပြီး လပိုင်းအတွင်း နောက်တစ်ခါသာ ကိုယ်ဝန်ဆောင်ခဲ့ရမယ်ဆိုရင် အဲဒီကိုယ်ဝန်ဟာ အရမ်းအန္တရာယ်အရမ်းများသွားလို့ပါပဲ။ တကယ်တော့ ပထမကလေးတစ်ယောက်မွေးပြီးရင် အနည်းဆုံး၂နှစ်နေပြီးမှ နောက်ကိုယ်ဝန်ကို ယူသင့်ပါတယ်။ ဒါဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာရေးရှုထောင့်က ကြည့်ပြီး မဖြစ်မနေ လုပ်ရမဲ့ ကိစ္စတစ်ခုပါ။
၃) မိခင်နဲ့ကလေးဟာ ခွဲခြားလို့မရအောင် ဆက်စပ်နေတယ်။
ငါးနှစ်အောက်ကလေးသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ အာဟာရမပြည့်ဝမှုကြောင့် ဖြစ်ပါတယ်။ ကလေးများလွန်းခြင်း၊ တစ်ယောက်နဲ့တစ်ယောက် နီးလွန်းခြင်းနဲ့ ဆင်းရဲခြင်းတွေကနေ အဲဒီပြဿနာ ဖြစ်လာပါတယ်။
ကလေးဆိုတာ မွေးလိုက်ရုံနဲ့ မပြီးပါဘူး။ ကျွေးမွေးရတယ်၊ ပြုစုပျိုးထောင်ပေးရတယ်။ ကလေးအများကြီးမွေးထားတော့ အလုပ်ကိုကောင်းကောင်းမလုပ်ရတော့ဘူး။ စီးပွါးရေးတွေ ကြပ်တည်းကုန်တယ်။ ကလေးတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရ၊ အလုပ်လုပ်ရ၊ ပိုက်ဆံရှာရ၊ တချို့ကျတော့လည်း လမ်းပေါ်မှာ ဖိနပ်တောင်မပါဘဲ တောင်းရမ်းစားသောက်နေကြရတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား နီးလွန်းတော့လည်း ကောင်းကောင်းမစောင့်ရှောက်နိုင်တော့ဘူး။ အကြီးက အငယ်ကို ပြန်ထိန်းရ၊ ၀မ်းတွေလျှောကြ၊ အာဟာရတွေပြတ်ကြ၊ ရောဂါတွေဖြစ်ကြရတယ်။ ဒီလိုနဲ့ ကလေးသေနှုန်းတွေ များလာတယ်။
ကလေးဆိုတာ တိုင်းပြည်ရဲ့အနာဂတ်ပါပဲ။ ဒီလိုကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျနေတဲ့ ကလေးတွေနဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လိုတည်ဆောက်ကြမလဲ။ တကယ်တော့ မိခင်ရယ်လို့ ဖြစ်လာရင် သူ့ရဲ့လုပ်ရပ်တွေ၊ တွေးခေါ်စဉ်းစားမှုတွေဟာ သူတစ်ယောက်တည်းနဲ့ မဆိုင်တော့ဘူး၊ နှစ်ယောက်စာ အကျိုးသက်ရောက်မှု ရှိနေပြီဆိုတာကို သဘောပေါက်ထားပေးဖို့ လိုပါတယ်။
ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယန်က မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးကို မေးဖူးပါတယ်၊ “ပြင်သစ်လူငယ်တွေ တိုးတက်လာဖို့ အလိုအပ်ဆုံးဟာ ဘာများဖြစ်မယ် ထင်ပါသလဲ”ဆိုတော့ ဟိုအမျိုးသမီးကြီးက ပြန်ဖြေတယ်၊ “မိခင်လောင်းတွေပါပဲရှင်” တဲ့။ “စကားလုံးတစ်လုံးတည်းနဲ့ကို စနစ်ကြီးတစ်ခုလုံး ပြီးသွားတာပဲလား” လို့တောင် နပိုလီယန်က ရေရွတ်မိသွားတယ်။ ဟုတ်ပါတယ်။ အမျိုးသမီးတွေ အသိပညာမြင့်မှ မျိုးဆက်သစ်လူငယ်ပညာတတ်တွေ မွေးထုတ်ပေးနိုင်မှာပါ။
၎) ကမ္ဘာမခြား မနဲ့ကျား
ယောကျာ်းမိန်းမ ခွဲခြားဆက်ဆံမှုတွေ ပပျောက်သွားဖို့၊ တန်းတူညီမျှရှိလာဖို့အတွက် ဒီနေ့ကမ္ဘာမှာ အတော်လေး ပြောလာကြတယ်။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်၊ ယောကျာ်းနဲ့မိန်းမကြားက အကြီးမားဆုံး ကွာခြားချက်ဟာ ဘာလဲဆိုရင် အဲဒါဟာ “သားအိမ်”ပါပဲ။
ချစ်သူစုံတွဲတစ်တွဲရှိတယ်၊ ကောင်လေးကလည်း သူကြိုက်တဲ့သူကို ချစ်ရေးဆိုတယ်၊ ကောင်မလေးကလည်း သူကြိုက်တဲ့သူကို အဖြေပြန်ပေးတယ်၊ လက်ထပ်တော့လည်း အတူတူပဲ၊ ကိုယ်သဘောကျတဲ့သူ ကိုယ်ယူကြတာပဲ။ လက်ထပ်ပြီး အိမ်ထောင်ရေးသုခ ခံစားတော့လည်း အတူတူပဲ။ မတူတော့တာက ကိုယ်ဝန်ဆောင်၊ ကလေးမွေးတဲ့ နေရာမှာပဲ။ မိန်းမမှာက သားအိမ်ပါနေတဲ့အတွက် သူကပဲ ကိုယ်ဝန်ဆောင်ရတယ်၊ ကလေးမွေးရတယ်၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းနဲ့ပတ်သက်တဲ့ ဒုက္ခတွေ၊ သားအိမ်နဲ့ပတ်သက်တဲ့ ဒုက္ခတွေ၊ ရောဂါတွေ သူကပဲ ခံစားရတယ်။ ကလေးမွေးရလို့ အလုပ်အကိုင်ပျက်ရမယ်ဆိုလည်း မိန်းမတွေပဲ။
ဒါကြောင့် ဒီသားအိမ်ပြဿနာကို ဖြေရှင်းပေးလိုက်ခြင်းဟာ ကျားနဲ့မ တန်းတူဖြစ်လာဖို့အတွက် အခြေအနေကောင်းတစ်ခု ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေအားလုံး ကလေးမမွေးကြနဲ့လို့တော့ ဆိုလိုတာမဟုတ်ပေမဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ကို မလိုချင်သေးတဲ့အချိန်မှာ တားထားနိုင်ရမယ်၊ ကိုယ်နဲ့သင့်တော်တဲ့နည်းလမ်းကိုလည်း ကိုယ်တိုင်ရွေးချယ်ခွင့် ရှိရမယ်။ အဲဒါ အမျိုးသမီးတိုင်းမှာ ရှိနေတဲ့ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို သားအိမ်မပါလို့ ဒီဒုက္ခတွေကို မသိတဲ့ ယောကျာ်းများကလည်း လေးစားတန်ဖိုးထားပေးဖို့ လိုပါတယ်။
တကယ်တော့ အမျိုးသမီးဆိုတာ အမျိုးသားတွေအတွက် အဖျော်ဖြေခံ ပစ္စည်းတစ်ခု မဟုတ်သလို၊ ကလေးမွေးပေးတဲ့စက်လည်း မဟုတ်ပါဘူး။ သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး အပြန်အလှန် လေးစားပြီး တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီလို့ ဘ၀ခရီးကို အတူလျှောက်လှမ်းကြရမဲ့ လက်တွဲဖော်တွေပဲ ဖြစ်ပါတယ်။ ။
အမျိုးသမီးတွေကို ဒီလိုသားဆက်ခြားနည်းလမ်းတွေ ထိထိရောက်ရောက် အသုံးပြုလာစေချင်တယ်ဆိုရင် အသိပညာချည်း ပေးနေလို့တော့ မရပါဘူး။ ဒီလိုတွေ အသုံးပြုနိုင်ဖို့အတွက် ဖြစ်နိုင်လောက်သော ပတ်ဝန်းကျင် (Enabling Environment) တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။ သားဆက်ခြားနည်းအသုံးပြုချင်တဲ့ အမျိုးသမီးတစ်ယောက်မှာ အတားအဆီးတွေ အများကြီးပဲ ရှိပါတယ်။ ငွေကြေးမတတ်နိုင်တာ၊ အသိပညာအားနည်းတာ၊ ယောကျာ်းက သဘောမတူတာ၊ ရှက်ကြောက်တာ၊ ယဉ်ကျေးမှုအရ ဘာသာရေးအရ အခက်ကြုံနေရတာ၊ သွားရေးလာရေးခက်ခဲတာ၊ လွဲမှားပြီး ယူဆနေကြတာ၊ တစ်ခါသုံးပြီး ဘေးထွက်ဆိုးကျိုး(Side Effect)တစ်ခု ကြုံဖူးလိုက်လို့ နောက်ထပ်မသုံးရဲတော့တာ စတာတွေပေါ့။ ဒါတွေကိုလည်း အားလုံးဝိုင်းဝန်းဖြေရှင်းပေးကြဖို့ လိုပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းရဲ့ အရေးကြီးပုံကို အမျိုးသမီးတွေချည်း သိနေလို့ မဖြစ်ပါဘူး။ အမျိုးသားတွေအပါအ၀င် ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးကပါ သိထားဖို့ လိုပါတယ်။
စာရေးဆရာ ရော့ဖ်ဒိုဘယ်လီက ပြောဖူးတယ်၊ လူ့အဖွဲ့အစည်းတစ်ရပ် တိုးတက်တယ် မတိုးတက်ဘူးဆိုတာကို အဲဒီလူ့အဖွဲ့အစည်းထဲက လူတွေဆီမှာ ရွေးချယ်စရာ အခွင့်အလမ်း ဘယ်လောက်ထိ ရှိသလဲဆိုတဲ့ ပေတံနဲ့ တိုင်းတာရတယ် တဲ့။
သားဆက်ခြားမယ်ဆိုရင် နယ်က အမျိုးသမီးတစ်ယောက်မှာ ရှိနေတဲ့ ရွေးချယ်ခွင့်နဲ့ ရန်ကုန်က အမျိုးသမီးတစ်ယောက်မှာ ရှိနေတဲ့ ရွေးချယ်စရာတွေက မတူပါဘူး။ ရန်ကုန်က အမျိုးသမီးတွေမှာ ရွေးချယ်စရာနည်းလမ်းတွေလည်း အများကြီးရှိသလို၊ ဆေးခန်း၊ ဆရာဝန် ဆရာမ၊ ရွေးချယ်စရာ အများကြီးပဲ ရှိပါတယ်။ ရွာက အမျိုးသမီးတစ်ယောက်မှာကျ ဒီလိုမဟုတ်ပါဘူး။ နည်းလမ်းရော ၀န်ဆောင်မှုပေးမဲ့ ဆရာဝန် ဆရာမပါ ရွေးချယ်စရာ နည်းပါးလှပါတယ်။ ဒါကိုကြည့်လိုက်ရင် မျိုးဆက်ပွါးကျန်းမာရေးအဆင့်အတန်း ဘယ်သူက ပိုမြင့်နေသလဲဆိုတာ အလွယ်လေးသိနိုင်ပါတယ်။ တကယ်တော့ မြို့ကလူပဲဖြစ်ဖြစ် ရွာကလူပဲဖြစ်ဖြစ်ပါ၊ “လူတိုင်းလူတိုင်း အရည်အသွေးပြည့် မျိုးဆက်ပွါးကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီမီ ရရှိပိုင်ခွင့်” ဆိုတာဟာ လူသားတိုင်းမှာ ရှိနေတဲ့ အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။
အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝေးလံခေါင်ဖျား ဒေသတွေအထိ အရောက်သွားပြီး ဒီသားဆက်ခြားဝန်ဆောင်မှုတွေ ပေးနေတာဟာ “ရွာကအမျိုးသမီးတစ်ယောက်အနေနဲ့လည်း မြို့ကအမျိုးသမီးနဲ့တန်းတူ ရွေးချယ်စရာတွေရလာစေဖို့” ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ပါ။ ဒါကြောင့် ကလေးနည်းနေသေးတယ် ယူဦး၊ ကလေးထပ်မယူနဲ့တော့ တားထားတော့ ဆိုတာမျိုး မဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားပြီး သူ့မှာ “ရွေးချယ်စရာ”တွေ ခပ်များများ ရှိနေအောင်သာ ရည်ရွယ်ချက်ထား၊ အသိပညာနဲ့ ၀န်ဆောင်မှုတွေ ပေးကြဖို့ လိုပါတယ်။
ဒီနေ့ခေတ် မြန်မာမှာရော ကမ္ဘာမှာပါ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။ သူတို့တွေဟာ ပုခက်လွှဲသောလက်တွေ ကမ္ဘာကိုကိုင်လှုပ်နေပြီဆိုတဲ့စကားအတွက် အကောင်းဆုံးသက်သေတွေပါပဲ။ ခုပြောခဲ့ပြီးတဲ့ သားဆက်ခြားလုပ်ငန်းရဲ့ အကျိုးကျေးဇူးတွေကို သိမြင်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ မိခင်သေနှုန်း၊ ကလေးသေနှုန်းတွေ၊ ဆင်းရဲမွဲတေမှုတွေ လျော့ကျသွားဖို့၊ အမျိုးသမီးတွေရဲ့ဘ၀ တိုးတက်လာဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားနိုင်ကြမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၆.၉.၂၀၁၄

No comments:
Post a Comment