ads bit

Pages

Monday, October 1, 2018

လိင်အင်္ဂါ ကြွက်နို့ ဆိုတာ ဘာလဲ


လိင်အင်္ဂါ ကြွက်နို့ ဆိုတာ ဘာလဲ …



လိင်အင်္ဂါ တဝိုက်၊ စအို တဝိုက်မှာဖြစ်တဲ့ ကြွက်နို့ပါ။ ကာလသား ရောဂါ တမျိုးပါ။ Human Papilloma Virus (HPV) ကြောင့် ဖြစ်တယ်။ ဗိုင်းရပ်စ် အမျိုးပေါင်း ၈ဝ ကျော် ရှိတဲ့အနက် HPV-16 နဲ့ HPV-18 တို့က သားအိမ်ခေါင်း ကင်ဆာ၊ လိင်အင်္ဂါ ကင်ဆာ၊ စအို ကင်ဆာ များ ဖြစ်စေတတ်တယ်။ ဒါကြောင့် ယောက်ျား မှာ ရောဂါ ဖြစ်ရင် မိန်းမ လည်းပဲ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး သားအိမ်ခေါင်းစစ်ဆေးမှု လုပ်သင့်ရင် လုပ်ရပါတယ်။ လိင်အင်္ဂါ ကြွက်နို့ ဖြစ်စေတဲ့ ဗိုင်းရပ်စ်များကတော့ ကင်ဆာဖြစ်ပွားမှု နည်းပါတယ်။ ကိုယ်ဝန်ဆောင် မွေးလမ်းကြောင်းမှာ ကြွက်နို့ရှိရင် ကလေးငယ်ကိုလည်း ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါကြွက်နို့ဟာ ကိုယ်ဝန်ဆောင် များနဲ့ ခုခံအား ကျဆင်းမှု ရှိနေသူများမှာ အလွယ်တကူ ဖြစ်ပွားတတ်တယ်။ ခုခံအားကျနေသူများဆိုတာ ကင်ဆာ ရောဂါ ရှင်များ၊ အေအိုင်ဒီအက်စ်၊ ကိုယ်အင်္ဂါ အစားထိုးကုသမှု ခံယူထားသူ စတာတွေပါ။ တချို့ကျတော့ ရောဂါ လက္ခဏာ မပြဘဲ ပိုးထုတ်လွှတ်ပြီး တခြားသူကို ကူးစက်စေတယ်။ အများအားဖြင့် ပိုးဝင်ပြီး လအနည်းငယ်အကြာမှာ ရောဂါ စဖြစ်တယ်။ နှစ်နဲ့ချီ ကြာတာလည်း ရှိတတ်တယ်။
ဘယ်လို တွေ့ရသလဲ …
တဖြည်းဖြည်း ကြီးထွားလာတဲ့ အသားရောင် အဖုငယ် လေးတွေအနေနဲ့ပါ။ တခုချင်း သို့မဟုတ် အစုလိုက်၊ အသေးအကြီး အစုံ လိင်အင်္ဂါတဝိုက်မှာ ပေါ်လာတာပါ။ စအို နဲ့ မိန်းမကိုယ် အတွင်းပိုင်း မှာလည်း ဖြစ်တတ်တယ်။
ကုသဖို့ လိုသလား …
လိင်အင်္ဂါ မှာ ကြွက်နို့ ဖြစ်ရင် ပွားလာတတ်တာရယ်၊ ကြည့်လို့မကောင်းတာရယ်၊ စိုးရိမ်တာရယ်ကြောင့် ကုသမှုပြုကြလေ့ရှိတယ်။ သွေးထွက်လွယ်တာ၊ ယားတာ၊ သန့်ရှင်းရေးလုပ်လို့ မကောင်းတာ၊ လိင်ဆက်ဆံ လို့ မကောင်းတာတွေကြောင့်လည်း ကုသမှု ခံယူတတ်ကြတယ်။
ကုသပြီးရင် ကူးနိုင်သေးလား …
ကြွက်နို့ အဖုပျောက်အောင် ကုသ ပြီးပေမယ့် ကူးနိုင်သေးတယ်။ လက္ခဏာ မပြဘဲ ပိုးထုတ်လွှတ်ခြင်း ရှိတတ်လို့ပါ။ ဒါပေမယ့် ကုသပြီးရင် ကူးစက်နှုန်းတော့ နည်းသွားပါတယ်။
ရောဂါ ဘယ်လိုသတ်မှတ်သလဲ …
ဆရာဝန် က ကြည့်ရှုစစ်ဆေးပြီး ရောဂါ သတ်မှတ်နိုင်ပါတယ်။ တခါတလေ ခွဲစိတ်အသားစ စစ်ဆေးခြင်းလည်း လိုအပ်တယ်။
ဘယ်လို ကုသ သလဲ …
နေရာပေါ်လိုက်ပြီး ကုသ ရခက်တယ်။ ပြန်ဖြစ်တာတွေလည်း ရှိတယ်။ ကြွက်နို့ အရေအတွက်၊ ဖြစ်တဲ့နေရာနဲ့ အခြားအကြောင်းအရာတွေ ပေါင်းစပ်စဉ်းစားပြီး ကုသမှု ရွေးချယ်ရပါတယ်။ ခွဲစိတ်ကုသခြင်း၊ လျှပ်စစ်အပ်ဖြင့် တို့ခြင်း၊ နိုက်ထရိုဂျင်အရည်ဖြင့် အေးခဲခြင်း၊ လေဆာဖြင့်ကုသခြင်းများ ဖြစ်တယ်။ ထုံဆေးလိုအပ်တယ်။ နာကျင်မှု၊ သွေးထွက်မှု၊ အနာကျက်တုန်း ပိုးဝင်မှုများ ဖြစ်တတ်တယ်။ ဆေးလိမ်း ကုသခြင်းမှာ 5-FU လိမ်းဆေး၊ ပိုဒိုဖိုင်လင်လိမ်းဆေးများ ဖြစ်တယ်။ ဒါတွေကလည်း စပ်တာ၊ အသားကောင်းကို လောင်တာ ဖြစ်တတ်တယ်။ အင်တာဖရွန် ထိုးဆေး ဆိုတာလည်း ရှိတယ်။ ဒါပေမယ့် ဖျားတာ၊ ချမ်းတာ၊ ခေါင်းကိုက်တာ စတဲ့ ဘေးထွက်ဆိုးကျိုး အရမ်းများတာကြောင့် အသုံးပြုလေ့မရှိဘူး။ နောက်ဆုံးပေါ် တိုးတက်မှုကတော့ Podofilox Gel နဲ့ Imiquimod လိမ်းဆေးများ ဖြစ်တယ်။ ဒါတွေက ရောဂါရှင် ရဲ့ ကိုယ်ခံအားနဲ့ ရောဂါပြီးစနစ်ကို တိုးပွားစေပြီး ဗိုင်းရပ်စ်ဆဲလ်များ ကြီးထွားမှုကို ရပ်တန့်စေပါတယ်။ ဗိုင်းရပ်စ် ကာကွယ်ဆေးလည်း စမ်းသပ်မှု ပြုလုပ်နေပါတယ်။
ကာကွယ်တဲ့ နည်းလမ်း များက ဘာတွေလဲ …
ပြန့်ပွားမှုနည်းအောင် ရောဂါဖြစ်ရင် ကုသခြင်းနဲ့ ကွန်ဒုံး အသုံးပြုခြင်းတို့ ဖြစ်တယ်။ ရာနှုန်းပြည့် ကာကွယ်ချင်ရင်တော့ အကြောင်းမသိသူနဲ့ လိင်ဆက်ဆံမှု ရှောင်ကြဉ်ခြင်းပါ။
ဒေါက်တာစိုးဝင်းဦး (အရေပြားအထူးကု ဆရာဝန်ကြီး
Credit : DVB

No comments:

Post a Comment