ads bit

Pages

Thursday, October 25, 2018

လေဖြတ်တယ်၊ လေဖြန်းတယ်

လေဖြတ်တယ်၊ လေဖြန်းတယ်
ဒေါသနဲ့ရေးမိတဲ့စာ။

အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပေမယ့် ထပ်ပြောချင်သေးတယ်။ အင်တာနက်ပေါ်မှာ ပေ့ခ်ျ Like တက်ဖို့အတွက် ဘယ်လိုပေါက်ကရသတင်းမျိုးကိုမဆို ဖြန့်ဝေဖို့ လက်မနှေးတဲ့ အစုတ်အပြတ်ပေ့ခ်ျတွေ အင်မတန်များလာတယ်။ ကင်ဆာကိုကုသနိုင်တဲ့အရွက်ဆိုတာတွေရော၊ လေဖြတ်တဲ့သူကို ကုသနိုင်တယ်ဆိုတာတွေရော၊ အဲကွန်းလေခံလို့ လေဖြတ်နိုင်တယ်ဆိုတာတွေရောပဲ။

လေဖြတ်တယ်၊ လေဖြန်းတယ်ဆိုတဲ့စကားလုံးတွေကြောင့် လေဖြတ်တယ်၊ လေဖြန်းတယ်ဆိုတာက လေနဲ့ဆက်စပ်ပါတယ်လို့ ယူဆကြစရာတွေဖြစ်ကုန်တယ်။ အဲဒီနောက်မှာ ပန်ကာလေခံရင်၊ အဲကွန်းခံရင် လေဖြတ်တယ်ဆိုတာတွေကို ဘယ်အမျိုးကောင်းသားသမီး အကြံတုံး ဥာဏ်တုံးတွေက စလိုက်တယ်မသိဘဲ လူတွေကြားထဲ ရောက်တယ်။ ကိုယ်တွေလူမျိုးဟာ မှန်ကန်တဲ့အကြောင်းအရာဆိုရင် လက်ခံဖို့ ခဲယဉ်းသလောက် ဆေးပညာနဲ့ ဘယ်လိုမှ ဆက်စပ်ပတ်သက်မှုမရှိတဲ့ အိမ်နီးနားချင်းတို့၊ ရပ်ကွက်ထဲကလူတွေပြောတာတို့၊ ပေါက်ကရပေ့ခ်ျတွေက ပြောတာမျိုးတွေဆိုရင်တော့ ပျော်ပျော်ကြီးလက်ခံပြီး ပျော်ပျော်ကြီး ဖြန့်ဝေကြတော့တာပဲ။

လောဂျစ်ရိုးရိုးလေးနဲ့ပဲတွေးကြည့်။ အေးလို့ လေဖြတ်ရမယ်ဆိုရင် အေးတဲ့ဒေသတွေဖြစ်တဲ့ အနောက်တိုင်းနိုင်ငံတွေ၊ ဂျပန်၊ ကိုရီးယားလိုနေရာတွေ ဒါမှမဟုတ် မြန်မာနိုင်ငံမှာပဲ တောင်ပေါ်ဒေသတွေက လူတွေအကုန် လေဖြတ်ပြီး သေကုန်ကြမှာပေါ့။ အခုကျအဲဒီလိုမဖြစ်ဘဲ အေးတဲ့နေရာတွေမှာ နေတဲ့သူတွေကျန်းမာပြီး ပူပါတယ်ဆိုတဲ့ နေရာတွေမှာမှ တချိန်လုံးလေဖြတ်ကုန်ရတာလဲ။ အရက်သမားက ပန်ကာလေခံလို့ လေဖြတ်တာမဟုတ်ဘူး။ နဂိုကတည်းက သွေးတိုးရှိတာမှာ မဆင်မခြင် နင်းကန်တွေသောက်တာကြာကုန်လို့ သွေးကြောတွေမှာ အဆီတွေစုပုံတာကနေ သွေးကြောပိတ်ကုန်လို့ လေဖြတ်တာ။

ဆေးပညာမှာ Evidence-Based Medicine ဆိုတာကိုပဲလက်ခံတယ်။ သဘောကတော့ သက်သေသာဓကပြလို့အရာတွေကိုပဲ လက်ခံတယ်။ သိပ္ပံပညာအစစ်ပဲ။ သက်သေပြလို့ရတာမှ တကယ့်အစစ်အမှန်ဖြစ်မှာပေါ့။ ဒါကို ကိုရွှေဥာဏ်ကောင်းတို့က ဆေးပညာအရ သက်သေမပြနိုင်ဘူး၊ လက်လှမ်းမမီဘူးတွေပြောပြီး ချင်း (ဂျင်း)ထည့်ပြန်ရော။ သက်သေမပြနိုင်မှတော့ ဒါကြောင့်ပါဆိုတာကို ဘယ်လိုလက်ခံမလဲ။

လေဖြတ်တာဘာလို့လဲဆိုတာကို ဆေးပညာမှာ သက်သေပြပြီးသား။ တော်တော်ကြီးကို ကြာနေပြီ။ ဒါပေမယ့် ဒီကလူတွေက ကုန်းဘောင်ခေတ်မှာ ကျန်နေခဲ့တုန်း။ လေဖြတ်တာ အဲကွန်းခံလို့ ပန်ကာလေခံလို့လို့ ယုံကြည်နေကြတုန်းပဲ။ သနားရမလား ဒေါသထွက်ရမလားမသိဘူး။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ အခါခါ ပြောပြီးဖြေရှင်းလည်း မရဘူး။

လေဖြတ်တယ်ဆိုတာက ဦးနှောက်ကိုသွားတဲ့သွေးကြောတွေမှာ ပိတ်ဆို့တာ ဒါမှမဟုတ် အဲဒီသွေးကြောတွေပေါက်တာကြောင့် ဦးနှောက်ကလိုအပ်တဲ့သွေးမရလို့ သူထိန်းချုပ်ထားတဲ့အစိတ်အပိုင်းတွေ လှုပ်ရှားလို့မရတော့တာ။ ပြဿနာက ဗဟိုချက်မမှာဖြစ်တာ။ ဒါကို နောက်ထပ်ဥာဏ်ကောင်းကြပုံက ကိုယ်တစ်ပိုင်းလေဖြတ်သွားရင် ခြေထောက်တွေကို နင်းနှိပ်ပြီး ဆေးထိုးကြတယ်။ အဲဒီခြေထောက်က အကောင်းကြီး။ ဖြစ်တာက ဦးနှောက်က သွေးကြောမှာ။

လေဖြန်းတယ်ဆိုတာက ဦးနှောက်ကသွေးကြောမှာ ပိတ်သွားပြီး သွေးမရတာမျိုးက ခဏတဖြုတ်ပဲဖြစ်ပြီး ပြန်ပွင့်သွားတာကြောင့် ပြန်ကောင်းသွားတာ။ ဝမ်းသာနေစရာမဟုတ်ဘူး။ ငါတော့ လေပဲဖြန်းတာဟ လေဖြတ်တာမဟုတ်ဘူးဆိုပြီး အဲဒီအတိုင်းဆက်နေရင် နောက်တစ်ခါကျ လေဖြတ်သွားမှာ။

လေဖြတ်တာ၊ လေဖြန်းတာက လေကြောင့်မဟုတ်ပါဘူး။ ရှားရှားပါးပါးယူဆချက်တစ်ခုကတော့ လေအေးတွေ မျက်နှာကို ခံနေမိရင် မျက်နှာရုတ်တရက်ရွဲ့သွားတဲ့အခြေအနေဟာ လေအေးခံတာကြောင့်များလားလို့ ယူဆချက်ရှိပေမယ့် သက်သေပြနိုင်တာမရှိဘူး။

အင်တာနက်ဟာ သတင်းအမှားတွေကို ပေါပေါလေလောရနိုင်တဲ့နေရာပါ။ သေချာ စိစစ်သုံးသပ်တာ၊ တွေးတာမျိုးမလုပ်ရင် အလွယ်တကူလှည့်ဖြားခံရပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ကိစ္စတွေဟာ သိပ်အန္တရာယ်များပါတယ်။ ကင်ဆာဖြစ်နေလို့ ဒီထက်တော့ ပိုမဆိုးတော့ပါဘူးဆိုပြီး လျှောက်လုပ်ကြတယ်။ တကယ်မှာ ဆယ်နှစ်ခံမယ့်လူနာက တစ်နှစ်နဲ့သေသွားတာက ပိုမဆိုးစေတာလား။ ကိုယ်က စေတနာနဲ့ ပြောပေး၊ မျှဝေပေးတယ်ဆိုပေမယ့် မှားယွင်းတဲ့အချက်အလက်တွေက လူတွေကို သေစေနိုင်ပါတယ်။ အဆိပ်ကို စေတနာနဲ့တိုက်လည်း လူသေပါတယ်။ ကိုယ့်ရဲ့ မျှဝေမှုတွေ ရေးသားပြောဆိုမှုတွေကို သတိထားသင့်ပါတယ်။

Credit… Thurein Hlaing Win သူရိန်လှိုင်ဝင်း
https://www.facebook.com/moe.sat.71/posts/1931055230274235

No comments:

Post a Comment